မှတ်တမ်းကောင်း 3 ခု ကို တပြိုင်နက် ရယူနိုင်ခဲ့ကြတဲ့ လီဗာပူး နောက်တန်း ကစားသမား 3 ယောက်

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူး 1-0 ဝက်စ်ဟမ်း ပွဲ အပြီးမှာတော့ နောက်တန်း ကစားသမားတွေ ဖြစ်တဲ့ ဗန်ဒိုက် ၊ အာနိုး ၊ ကိုနာတေး တို့ဟာ မှတ်တမ်းကောင်း အသီးသီးတွေ ပိုင်ဆိုင်သွားခဲ့ကြပါတယ်။

အန်ဖီးလ်မှာ ကစားရသည့်တိုင်အောင် လီဗာပူး ဟာ ဝက်စ်ဟမ်း ကို အသာစီး ရယူုနိုင်ခြင်း မရှိခဲ့သလို ၊ ဂိုးသွင်းခွင့် အကြိမ်ပေါင်း များစွာကို ခွင့်ပြုခဲ့ရတဲ့ အကြားက အရေးပါတဲ့ နိုင်ပွဲ တစ်ပွဲကို ခက်ခက်ခဲခဲ ရယူသွားခဲ့ကြတာပါ။ ဒီနိုင်ပွဲကြောင့် လီဗာပူး ဟာ ပြိုင်ပွဲပေါင်းစုံ နောက်ဆုံး ကစားခဲ့တဲ့ 12 ပွဲဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းကို ပိုင်ဆိုင်ခဲ့သလို ၊ အဲဒီ 12 ပွဲ မှာ 8 ပွဲ အထိ Clean Sheet ရယူ နိုင်ခဲ့ပါတယ်။

ဗန်ဒိုက်
ခံစစ်မှုးကြီး ဗန်ဒိုက် ကတော့ ယူနိုက်တက် ကစားသမား လီရှပ် တင်ရှိထားတဲ့ ကလပ် အသင်း တစ်ခုတည်း အတွက် အိမ်ကွင်း ရှုံးပွဲမရှိ ပွဲဆက် အများဆုံး စံချိန်ကို ကျော်ဖြတ်ကာ စံချိန်သစ် တင်လိုက်တာပါ။ ယခင်က လီရှပ်ဟာ စုစုပေါင်း 59 ပွဲ နဲ့ တင်ရှိခဲ့တာ ဖြစ်ပြီး ၊ ဗန်ဒိုက် ကတော့ ပွဲ 60 နဲ့ စံချိန် ချိုးလိုက်တာ ဖြစ်ပါတယ်။

နယ်သာလန်သားကြီး ဟာ 2018 ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလက လီဗာပူး ကို စံချိန်တင် ပြောင်းရွှေ့ကြေး နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ အဲဒီ အချိန်က စလို့ အန်ဖီးလ် ကွင်းထဲမှာ သူပါဝင် ကစားပေးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တိုင်း အခုထိ ရှုံးပွဲ မကြုံသေးပါဘူး။

အချိန်ကာလ အားဖြင့် တွက်ကြည့်မယ် ဆိုရင် 4 နှစ်ကျော် အထိတောင် ရှိလာခဲ့ပြီ ဖြစ်သလို ၊ သူပါဝင် ကစားခဲ့တဲ့ ပွဲတွေမှာ 48 ပွဲ နိုင် ၊ 12 ပွဲ သရေ ရလာဒ် ထွက်ပေါ်အောင် စွမ်းဆောင် ပြနိုင်ခဲ့ ပါတယ်။

အာနိုး
မာနေး ရဲ့ အနိုင်သွင်းဂိုး ကို ဖန်တီးပေးခဲ့တဲ့ အာနိုး ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ ဂိုးအများဆုံး ဖန်တီးကြသူ စာရင်းမှာ အသင်းဖော် မို ဆာလာ (10 ကြိမ်) ကို ကျော်ဖြတ်ကာ 11 ကြိမ် နဲ့ ထိပ်ဆုံးမှာ ရပ်တည်လိုက်ပါတယ်။

ဒါ့အပြင် ဒီဖန်တီးမှုကြောင့် ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် တတိယမြောက် ဂိုးအများဆုံး ဖန်တီးနိုင်တဲ့ နောက်တန်း ကစားသမား ဖြစ်လာခဲ့ပါတယ်။ အာနိုး ဟာ ဂျရေမီး လီဆောက် တင်ရှိထားတဲ့ ဂိုးဖန်တီးမှု 44 ကြိမ် နဲ့ တူညီသွားခဲ့တာ ဖြစ်ကာ ၊ လီဆောက် က 327 ပါဝင် ကစားခဲ့ပေမယ့် ၊ အာနိုး ကတော့ 153 ပွဲ နဲ့ ဒီအဆင့်မျိုး အထိ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

သွင်းဂိုး အများဆုံး ဖန်တီးထားတဲ့ နောက်တန်း ကစားသမား တော့ အဲဗာတန် အသင်းခေါင်းဆောင်ဟောင်း လေတန် ဘိန်း ဖြစ်ပြီး စုစုပေါင်း 53 ကြိမ် (420 ပွဲ) ပြုလုပ်ထား ၊ ဒုတိယ နေရာမှာ အခြား လီဗာပူး နောက်တန်း ကစားသမား တစ်ဦး ဖြစ်တဲ့ ရော်ဘတ်ဆန် က 48 ကြိမ် (209 ပွဲ) နဲ့ ရပ်တည်နေကြပါတယ်။

လာမယ့် ဘောလုံးရာသီမှာ ဒဏ်ရာပြသနာတွေ မနှိပ်စက်ခဲ့ဘူး ဆိုရင် လီဗာပူး Wing Back နှစ်ယောက် ဖြစ်တဲ့ ရော်ဘတ်ဆန် နဲ့ အာနိုး တို့ဟာ ပရီးမီးယားလိဂ် သမိုင်းကြောင်း တစ်လျှောက် ဂိုးဖန်တီးမှု အများဆုံး ပြုလုပ်နိုင်တဲ့ ဘောလုံးသမားတွေ ဖြစ်လာဖွယ် ရှိနေပါတယ်။

 

ကိုနာတေး
ဒီနှစ် ဘောလုံးရာသီမှ လီဗာပူး ကို ပြောင်းရွှေ့လာခဲ့တဲ့ လူငယ် ခံစစ်မှုး ကိုနာတေး ကလဲ အခုချိန်ထိ လီဗာပူး ကစားသမား ဘ၀ ရှုံးပွဲ လုံး၀ မကြုံဖူးသေးပါဘူး။ သူဟာ ဒီရာသီ ပြိုင်ပွဲ ပေါင်းစုံ 18 ပွဲ ပါဝင် ကစားပေးထားကာ 13 ပွဲ နိုင် ၊ 5 ပွဲ သရေ ရလာဒ် ထွက်ပေါ်ထားပါတယ်။

SM