မြောက်မက်ဆီဒိုးနီးယားကို အံ့ဖွယ်ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂ ကြိမ်ဆက် လွဲချော်ခဲ့ပြီးနောက် မန်ချီနီနဲ့ အီတလီ အသင်းသားတွေရဲ့ တုန့်ပြန်မှုများ

အီတလီ နည်းပြဖြစ်သူ ရောဘတ်တိုမန်ချီနီက မနေ့ညက သူ့ရဲ့အသင်း ပါလာမိုမှာ မြောက်မက်ဆီဒိုးနီးယားကို အံ့အားသင့်ဖွယ် ၁-၀ နဲ့ ရှုံးနိမ့်ကာ ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ၂ ကြိမ်ဆက် လွဲချော်ခဲ့ပြီးနောက် သူ့အနေနဲ့ ပြောစရာစကားလုံးတောင် ရှာမတွေ့တော့ဘူးလို့ ၀န်ခံသွားခဲ့ပါတယ်။ အီတလီဟာ မိနစ် ၉၀ လုံးလုံး မြောက်မက်ဆီဒိုးနီးယားရဲ့ ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ခဲ့ဘဲ ရုန်းကန် နေရပြီး နာကျင်အချိန်ပိုမှာတော့ ထရာကော့စကီးက အဝေးကန်ချက်နဲ့ လှလှပပ ကန်သွင်းယူကာ အီတလီကို အိမ်ကွင်းမှာ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲပေါင်း ၆၀ မှာ ပထမဦးဆုံး ရှုံးပွဲကို ကြုံစေခဲ့ပါတယ်။

ပါလာမိုက နိုင်ပွဲကြောင့် မြောက်မက်ဆီဒိုးနီးယားဟာ လာမည့် အင်္ဂါနေ့ playoff final မှာ တူရကီကို ကျော်ဖြတ်လာခဲ့တဲ့ ပေါ်တူဂီနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး နိုင်တဲ့အသင်းဟာ ကာတာကမ္ဘာ့ဖလားရဲ့ ၀င်ခွင့် တစ်နေရာစာကို ရရှိမှာ ဖြစ်ပါတယ်။

ဒီပွဲအပြီးမှာ မန်ချီနီက “ဒီအချိန်မှာ စကားပြောဖို့တောင် ခက်ခဲပါတယ်။ ကျွန်တော် ဘာပြောရမလဲဆိုတာတောင် မသိတော့ပါဘူး။ ပြီးခဲ့တဲ့နွေရာသီက ကျွန်တော်တို့ ဥရောပချန်ပီယံ ဖြစ်ခဲ့ကာ အလှပဆုံး ပျော်ရွှင်မှုကို ရရှိခဲ့ပါတယ်။

အခုကတော့ အကြီးကြယ်ဆုံး စိတ်ပျက်စရာကို ရသွားခဲ့ပါတယ်။ ကောင်လေးတွေအတွက် ကျွန်တော် တအား ၀မ်းနည်းပါတယ်။ ကျွန်တော် သူတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လကထက် ပိုပြီး ချစ်ပါတယ်။

ကျွန်တော်ဟာ နည်းပြပါ။ ဒီအတွက် ပထမဦးဆုံး တာ၀န်ရှိသူဖြစ်ပါတယ်။ ကောင်လေးတွေမှာ တာ၀န်မရှိပါဘူး။ သူတို့မှာ ကြီးကြယ်တဲ့ အနာဂတ် ရှိနေပါတယ်။ သူတို့ဟာ အနာဂတ် နိုင်ငံ့လက်ရွေးစင် အသင်းအတွက် အားကိုးရမယ့် သူတွေပါ။ ကျွန်တော်တို့ ဒီလို ရှုံးပွဲမျိုးနဲ့ မထိုက်တန်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

အီတလီဟာ ဒီပွဲစဉ်မှာ ဂိုးကန်သွင်းမှု ၃၂ ကြိမ်ထိ ပြုလုပ်ခဲ့ပေမယ့်လည်း ဂိုးသမား ဒီမီထရီစကီးက အကောင်းဆုံး လက်စွမ်းပြသွားခဲ့ပါတယ်။ ဂိုးသမားအနေနဲ့ အခက်ခဲဆုံး ကာကွယ်မှုတွေ မလုပ်ခဲ့ရဘဲ အိမ်ရှင်အသင်းဘက်က ဂိုးရှေ့မှာ ဖြုန်းတီးမှုတွေ များခဲ့တာကသာ အဓိကကျခဲ့ပါတယ်။

ချီလီနီက “ကျွန်တော်အသင်းဖော်တွေ အတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ ရင်ကွဲခဲ့ရပေမယ့် နောက်တစ်ကြိမ် ပြန်လည် စတင်သွားရမှာပါ။ ဒီအချိန်မှာ ပြောဖို့ စကားလုံး ရှာဖွေရတာ ခက်ခဲပါတယ်။ ဒါဟာ ကြီးမားတဲ့ ဟာကွက်ကြီးအဖြစ် ရှိနေတော့မှာပါ။ နည်းပြကြီး ဆက်နေသွားဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ အသင်းအတွက် မရှိမဖြစ် အရေးပါတဲ့သူ မို့လို့ပါ။ အခုဆိုရင် ကျွန်တော်တို့ ယူရိုပြိုင်ပွဲရောက်အောင် အာရုံစိုက်သွားရမှာ ဖြစ်ပြီး နောက်ထပ် ၄ နှစ်အကြာမှာ ဒီကမ္ဘာ့ဖလားကို ပြန်ရောက်အောင် လုပ်သွားပါမယ်။”

ဂျော်ဂျင်ညိုက “ဒါဟာ ကြီးမားတဲ့ စိတ်ပျက်စရာပါ။ ဒါဟာ တအားကို နာကျင်ဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ ဖန်တီးမှုတွေ လုပ်နိုင်ခဲ့သလို ပွဲကိုလည်း လွှမ်းမိုး နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေကို အပြတ်မဖြတ်နိုင်ခဲ့ပါဘူး။ ဒါဟာ ဘယ်သူ့ကိုမှ အပြစ်တင်တာ မဟုတ်ပေမယ့် အမှန်တရားပါပဲ။ ကျွန်တော်တို့ ဘာကြောင့် ဒီလို မလုပ်နိုင်သလဲ ဆိုတာ မသိတော့ပါဘူး။ ကျွန်တော်လည်း ဒီရှုံးနိမ့်မှုမှာ ပါ၀င်ပက်သက်ခဲ့ပါတယ်။ ဒီအကြောင်းကို စဉ်းစားလိုက်ရင် နာကျင်ခံစားရပါတယ်။”

ဗာရက်တီကလည်း အီတလီဟာ ပွဲကို လွှမ်းမိုး ကစားခဲ့ကာ သူ့အသင်းဖော်တွေဟာ အရာအားလုံး ပေးဆပ်ခဲ့တယ်လို့ ဆိုခဲ့ပေမယ့် play-off final ကို တက်ရောက်ဖို့အတွက်တော့ မလုံလောက်ခဲ့ဘူးလို့ ၀န်ခံသွားပါတယ်။

“ဒီရှုံးပွဲဟာ နားလည်ရခက်ခဲပါတယ်။ ကျွန်တော်တို့ ဒီပွဲကို လွှမ်းမိုးခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ နိုင်ကို နိုင်ရမှာပါ။ အ၀တ်လဲခန်းထဲကို ကြည့်လုိက်မယ်ဆိုရင် ကျွန်တော်တို့ဆီိမှာ ကမ္ဘာ့ဖလားကို စိန်ခေါ်နိုင်တဲ့ ကစားသမား အင်အား ရှိနေပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ အဖြစ်အပျက်ကို ပြောနေရပါတယ်။ ဟီးရိုးကနေ ဇီးရိုးဖြစ်သွားခဲ့တာဟာ တကယ့်ကို ခက်ခဲလွန်းပါတယ်။

ကျွန်တော်တို့ဟာ စပယ်ရှယ် အချိန်တွေကို အတူခံစားခဲ့ကြပါတယ်။ ကျွန်တော့် အနေနဲ့ အသင်းဖော်တွေ အတွက် ဂုဏ်ယူနေမှာပါ။ ဒါဟာ ဘောလုံးပါ။ ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။ ဒါဟာ မလုံလောက်ခဲ့ပါဘူး။ ကျွန်တော်တို့ အခု ကိုယ့်ကိုကိုယ် မေးခွန်းထုတ်သွားရမှာပါ။ ကံဆိုးမှု တစ်ချို့ ရှိခဲ့သလို ကံတရားကို ကိုယ်တိုင် ဖန်တီးသွားဖို့လည်း လိုအပ်ပါတယ်။” လို့ ဗာရက်တီက ပြောသွားခဲ့ပါတယ်။

 

မြောက်မက်ဆီဒိုးနီးယား နည်းပြကတော့ “ကျွန်တော်တို့ဟာ အီတလီတွေကို အီတလီ စတိုင်ကစားဟန်နဲ့ အနိုင်ရခဲ့တာပါ။ ဂိုးပေါက်တည့်မှု ၂ ကြိမ်ကနေ ၁ ဂိုးရခဲ့ပါတယ်။ ကျွန်တော် ဒီနိုင်ပွဲအတွက် အရမ်း ပျော်ရွှင်ပါတယ်။ ကျွန်တော် ဒီကောင်လေးတွေ အတွက် ဂုဏ်ယူမိပါတယ်။” လို့ ပြောသွားပါတယ်။

SM