“ မျက်လုံး တစ်ဖက်က လီဗာပူး ရဲ့ ရလာဒ်တွေကို စောင့်ကြည့်နေရပါတယ်” ပက်ဂွာဒီယိုလာ

မန်စီးတီး နည်းပြ ပက်ဂွာဒီယိုလာ က လီဗာပူးကြောင့် သူတို့ အသင်းမှာ ဖိအားဝင်နေတာမျိုးတွေ လုံး၀ မရှိသော်လဲ ၊ နိုင်ပွဲဆက်တိုက် ရယူနေတဲ့ ယာဂန် ကလော့ပ် ရဲ့ အသင်းကို လစ်လျူရှုထားလို့ မရဘူးလို့ ဝန်ခံသွားခဲ့ ပါတယ်။

လီဗာပူး ဟာ စနေနေ့ည က ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရိုတ်တန် နဲ့ ပွဲစဉ်မှာ ဒီယက်ဇ် ၊ ဆာလာ တို့ရဲ့ သွင်းဂိုးတွေ နဲ့ အနိုင်ရခဲ့ပြီးနောက် မန်စီးတီး နဲ့ အကြား အမှတ်ကွာဟချက်က 3 မှတ် ပြန်ဖြစ်သွားပါတယ်။

ဒီညမှာတော့ မန်စီးတီး ဟာ ဒီရာသီ သူတို့ အသင်းကို အနိုင်ယူထားတဲ့ အသင်း 2 သင်းထဲက တစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲလေ့ အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာပါ။

“ ကျနော် တို့ အနေနဲ့ ကိုယ့်ပွဲစဉ်တွေကိုပဲ အနိုင်ရအောင် ကစားရမှာပါ။ ဖြစ်နိုင်ရင် ချန်ပီယံ တိုက်ပွဲ ပြိုင်ဘက်တွေ ရဲ့ ပွဲတွေမှာလဲ ကိုယ့်စိတ်ကြိုက် ဝင်ကန်လိုက်ချင်တာဗျာ ဒါပေမယ့် မဖြစ်နိုင်ပါဘူး။

လီဗာပူး က ကျနော့်တို့ ကွင်းထဲကို ကစားဖို့ ရောက်လာတဲ့ တစ်ပွဲပဲ ကစားလို့ရမှာပါ။ ကျန်တဲ့ ပွဲတွေမှာ သွားပြီး လွှမ်းမိုးချင်လို့ မရပါဘူး။ ဒါကြောင့် ဒီည ကစားမယ့် ပဲလေ့ နဲ့ ပွဲမှာ အနိုင်ရလာဒ်ကို ဖော်ဆောင်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားရမှာပါပဲ။

တစ်ချိန်တည်းမှာ ကျနော်တို့ အနေနဲ့ လီဗာပူး ရဲ့ ရလာဒ်တွေကိုလဲ မျက်ခြေမပြတ် စောင့်ကြည့်ရပါတယ်။ အနီးကပ် ပြိုင်ဘက် ဖြစ်နေတော့ ဒါက ထုံးစံလို ဖြစ်နေပါပြီ။

အရင်တုန်းက ပြောခဲ့ဖူးသလို ၊ ဘောလုံးရာသီ တစ်ခု ရဲ့ နောက်ဆုံး အပိုင်းကို ရောက်လာပြီ ဆိုရင် ပွဲစဉ်တိုင်းက အဆုံးအဖြတ်တွေချည်းပါပဲ။ အားလုံး က ဗိုလ်လုပွဲတွေပါ။ ကြားထဲမှာ ကြံ့ခိုင်မှုတွေ ပြန်လည် ပြည့်ဝဖို့ အသက်ရှုခွင့် အများကြီး မရှိပါဘူး။

ဒါဟာ ကျနော်တို့ နဲ့ လီဗာပူး အတွက်ပဲ မဟုတ်ပါဘူး။ အသင်းတွေ အားလုံး အတွက် ပြောတာပါ။ တစ်ချို့ အသင်းတွေက ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အရေးတကြီး တိုက်ပွဲဝင်ကြတယ် ၊ တစ်ချို့ က ယူရိုပါလိဂ် အတွက် ဖြစ်သလို ၊ တစ်ချို့ ဆိုရင် တန်းမဆင်းရဖို့ အတွက် မနည်းကို ကျားကန်နေရတာပါ။

ဒါကြောင့် ရာသီကုန်ခါနီး ရောက်လေ တိုက်ပွဲတွေက ပိုများလာလေလေ ၊ တိုက်ပွဲတိုင်းက အဓိပ္ပါယ် ရှိလာလေလေပါပဲ။ နောက်ဆုံး အချိန်ရောက်တဲ့ အထိ အခုလိုမျိုးပဲ ဆိုရင်တော့ ကျေနပ်စရာပါ။ ဒီလို ဖြစ်လာဖို့ ဘာလုပ်ရမလဲ ဆိုတော့ ကိုယ့် ကစားရမယ့် ပွဲတွေကို အနိုင်ရအောင် ကစားရုံပါပဲ။ ကိုယ်လုပ်နိုင်တာ ဒါပဲ ရှိတာလေ” လို့ မှတ်ချက် ပေးသွားခဲ့ပါတယ်။

မန်စီးတီး နဲ့ လီဗာပူး တို့ဟာ ဧပြီလ 10 ရက်နေ့ ရောက်ရင်တော့ အီတီဟတ် ကွင်းကြီးထဲမှာ ထိပ်တိုက်တွေ့ဆုံကြတော့မှာပါ။ ဒီနှစ်သင်း တွေ့ဆုံတဲ့ အခိုက်အတန့်တိုင်းဟာ ချန်ပီယံ ဆု အတွက် အဆုံးအဖြတ် ပေးလေ့ရှိသလို ၊ ပြိုင်ဆိုင်မှုကလဲ တကယ်ကို ပြင်းထန်ကြတာပါ။

ပက်ဂွာဒီယိုလာ ဆိုရင် သူ့ရဲ့ နည်းပြဘ၀ ဆယ်စုနှစ် တစ်ခုအတွင်း လီဗာပူး ဟာ အခက်ဆုံး ပြိုင်ဘက်ဖြစ်တယ်လို့တောင် မှတ်ချက်ပေးထားပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲမှာရော ၊ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာပါ 2 သင်း စလုံး ကွာတား ဖိုင်တယ် အဆင့်ကို တက်လှမ်းထားနိုင်ခဲ့သလို ၊ လီဗာပူး က ကာရာဘောင် ဖလားကို ပူပူနွေးနွေး ဆွတ်ခူးထားပါတယ်။

SM