မီနာမီနိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အက်ဖ်အေဖလား ကွာတားဖိုင်နယ်တက်ရောက်ခဲ့တဲ့..လီဗာပူး ၂-၁ နော့ဝှစ် ပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာများ

လီဗာပူးအသင်းဟာ မနေ့ညက အန်ဖီးမှာ နော့ဝှစ်ကို မီနာမီနိုရဲ့ သွင်းဂိုး ၂ ဂိုး နဲ့ အတူ ၂-၁ နဲ့ အနိုင်ယူကာ နည်းပြ ယာဂန်ကလော့ရဲ့ လက်ထက်မှာ ပထမဦးဆုံး အကြိမ် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~အပြောင်းအလဲများစွာ လုပ်ခဲ့တဲ့ ကလော့
ကလော့ဟာ ပြီးခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်က လူစာရင်းကို ၁၀ ဦးထိ အပြောင်းအလဲ လုပ်နိုင်ခဲ့တာကို ကြည့်လိုက်မယ် ဆိုရင် လီဗာပူးဟာ လက်ရှိမှာ တောင့်တင်းတဲ့ အရန်အင်အားကို ပိုင်ဆိုင်နေပြီလို့ ဆိုနိုင်ပါတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန် တစ်ဦးသာ ချဲလ်ဆီးကို ၀င်ဘာလေမှာ နိုင်ခဲ့တဲ့ ပွဲထွက် ကစားသမားစာရင်းက ကစားသမား ဖြစ်ခဲ့ပြီး နံပါတ်တစ် ဂိုးသမား အလီဆွန်ဟာ တနင်္ဂနွေနေ့က ဟီးရိုးဖြစ်ခဲ့တဲ့ ကယ်လီဟာရဲ့ နေရာမှာ ၀င်ကစားသွားခဲ့ပါတယ်။

ကိုနာတေး နဲ့ ကာတစ်ဂျုံး တို့ကလည်း ပထမအသင်းကြီးမှာ သူတို့ရဲ့ အခွင့်အရေး အတွက် ပုံစံကောင်း ပြသသွားခဲ့ပြီး ဂျုံးအနေနဲ့ ပွဲချိန် ၁၀ မိနစ်မှာ အကောင်းဆုံး ကန်ချက်ကို ပြုလုပ်ခဲ့ကာ ဂိုးဘားထိထွက်ခဲ့လို့သာ ဂိုးမရခဲ့တာပါ။ ဂျိုတာကလည်း ပွဲထွက်ကစားသမား စာရင်းမှာ ပြန်လည် ပါ၀င်လာခဲ့ပြီး သူ့ရဲ့ Match fitness ကို မြှင့်တင်နေကာ ပြိုင်ဘက် ခံစစ်ကို ဒုက္ခပေး ကစားသွားခဲ့ပါတယ်။

၂~တိုးတက်လာခဲ့တဲ့ မီနာမီနို
ဂျပန်လက်ရွေးစင်ဟာ လီဗာပူး ကစားသမားဘ၀မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ရန် ရုန်းကန်ခဲ့ရမှုတွေ ရှိခဲ့ပြီး မနေ့ညကတော့ အိမ်ရှင်တို့ အတွက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ မီနာမီနိုရဲ့ ထိချက်တွေ ၊ pressing တွေနဲ့ စွမ်းအင်မြင့် ကစားပုံတွေဟာ နော့ဝှစ် နောက်တန်းကို ပြသနာတွေ များစေခဲ့ပါတယ်။ ဒီလို အားထုတ်မှုကြောင့်ပဲ ပွဲချိန် ၂၇ မိနစ်မှာ ဆုပြန်ရခဲ့ပြီး ဆီနီကတ်ရဲ့ ဖြတ်တင်ဘောကနေ တဆင့် အိုရီဂီရဲ့ ဖန်တီးမှုကို ကောင်းစွာ အဆုံးသတ်ခဲ့ပါတယ်။

နောက်ထပ် ၁၁ မိနစ် အကြာမှာ မီနာမီနိုဟာ နောက်တစ်ကြိမ် ဂိုးသွင်းနိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ ပြန်ကျလာခဲ့တဲ့ ဘောလုံးကို လှပတဲ့ volley နဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါဟာ အသက် ၂၇ နှစ်အရွယ် ကစားသမားအတွက် ဒီရာသီ ပြိုင်ပွဲစုံ ၉ ဂိုးမြောက် သွင်းဂိုး ဖြစ်ပြီး ဒီရာသီမှာ ပွဲကစားခွင့် သိပ်မရခဲ့တဲ့ ကစားသမား ဘ၀အတွက် ဒါဟာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ မီနာမီနို အနေနဲ့ ဒီစွမ်းဆောင်ရည်ကိုသာ ဆက်ထိန်းထားနိုင်ခဲ့မယ် ဆိုရင် လာမည့် ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ ကလော့ရဲ့ အစီအစဉ်ထဲ ပိုမို ပါ၀င်လာမှာ ဖြစ်ပါတယ်။

၃~ဆက်လက်ရှင်သန်နေဆဲ ဖလား ၄ လုံး အိမ်မက်
ရာသီပြီးဆုံးဖို့ ၃ လလောက်သာ ကျန်တော့ချိန်မှာ လီဗာပူးဟာ ပြိုင်ပွဲ ၄ ခုမှာ ဗိုလ်စွဲနိုင်တဲ့ အခွင့်အရေး ရှိနေတာကတော့ တကယ့်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ဖြစ်ပါတယ်။ ပထမဦးဆုံး ဆုဖလားကို ရရှိပြီး နောက် ၃ ရက် အကြာမှာ လီဗာပူးဟာ အက်ဖ်အေဖလားမှာ မျှော်လင့်ချက် ရှင်သန်နေအောင် လုပ်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မတိုင်မီ လီဗာပူးတို့ လိဂ်ဖလားကို နောက်ဆုံး ဆွတ်ခူးခဲ့တဲ့ ၂၀၁၂ ရာသီတုန်းက အက်ဖ်အေဖလား ဖိုင်နယ်ကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။

ကလော့ အနေနဲ့ ဒီတစ်ခါမှာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ပိုကောင်းအောင် လုပ်ပြသွားဖို့ ဆန္ဒပြင်းပြနေမှာ ဖြစ်ပေမယ့် အဝေးကြီး သွားဖို့ လိုနေသေးတယ် ဆိုတာကိုတော့ သိမှာပါ။ လီဗာပူးရဲ့ ဖလားပြိုင်ဘက် မန်စီးတီး နဲ့ တတိယနေရာ ချဲလ်ဆီး တို့ ဒီဖလားမှာ ကျန်နေသေးတာကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိမှာ လီဗာပူးဟာ ဘယ်ပြိုင်ဘက်ကို မဆို ယှဉ်နိုင်တဲ့ အရည်အသွေးက ရှိနေပါတယ်။

၄~ဂျုံးရဲ့ ကောင်းမွန်တဲ့ show ကို ဖျက်ဆီးခဲ့တဲ့ ဒဏ်ရာပြသနာ
အသက် ၂၁ နှစ်အရွယ် ဂျုံးဟာ လီဗာပူးရဲ့ ကွင်းလယ်တိုက်စစ် ကနေ တိုက်စစ်ပိုင်းကို ကောင်းစွာ ပံ့ပိုးပေးနိုင်စွမ်း ရှိတယ် ဆိုတာကို တစ်ပွဲထက် တစ်ပွဲ ပိုမိုပြသလာခဲ့ပါတယ်။ ဂျုံးရဲ့ ညာခြေနဲ့ ဝေ့၀ိုက်ကန်သွင်းမှုဟာ သူ့ရဲ့ trademark လို ဖြစ်လာခဲ့ပြီး ၎င်းရဲ့ ကောင်းမွန်တဲ့ pass လုပ်နိုင်မှုတွေကလည်း လီဗာပူးရဲ့ တိုက်စစ်ကို ပိုမို အားကောင်းစေပါတယ်။ သတိထားကစားနေကြတဲ့ ပွဲချိန် ၂၅ မိနစ်အတွင်းမှာ ဂျုံးဟာ နော့ဝှစ် ဂိုးပေါက်ထဲကို ဘောလုံးကန်သွင်းဖို့အတွက် အဖြစ်နိုင်ဆုံးလူ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဂျုံးဟာ ပေါင်ကြွက်သားဒဏ်ရာကြောင့် ပထမပိုင်းအပြီးမှာပဲ အယ်လီယော့နဲ့ လူစားလဲခဲ့ရပါတယ်။ ဂျုံးဟာ အင်္ဂလန်အတွက် စီနီယာအသင်းမှာ ကစားခွင့် မရသေးပေမယ့် ကြံ့ခိုင်မှု ပြည့်ဝြပီး ပထမပိုင်းက ခြေစွမ်းကိုသာ ဆက်ထိန်းထားနိုင်ခဲ့မယ်ဆိုရင် ဂါရက်ဆောက်ဂိတ်ရဲ့ ရွေးချယ်မှုကို ခံရဖို့ သိပ်မလိုတော့ပါဘူး။

၅~အားတက်စရာ နော့ဝှစ်ရဲ့ ခြေစွမ်း
နော့ဝှစ် အနေနဲ့ လီဗာပူးလို အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ်က ခြေစွမ်းကို လာမည့် တန်းဆင်းဇုန် တိုက်ပွဲအတွက် အားအဖြစ် ယူလို့ရပါတယ်။ နော့ဝှစ်ဟာ အစောပိုင်းမှာ လီဗာပူးကို ဖိအားပေးနိုင်ခဲ့ပြီး ပူကီ အနေနဲ့ သူ့အသင်းကို ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့သင့်ပါတယ်။ မီနာမီနိုရဲ့ သွင်းဂိုး ၂ ဂိုးကို ခွင့်ပြုခဲ့ရပေမယ့်လည်း အဲဒီနောက်ပိုင်းမှာ နော့ဝှစ်ရဲ့ ကစားပုံဟာ ပိုကောင်းလာခဲ့ပြီး ယုံကြည်မှုလည်း ပိုများလာခဲ့ပါတယ်။

နော့ဝှစ် အနေနဲ့ လီဗာပူးရဲ့ ကစားပုံ အမှားတစ်ချို့ကနေ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့သာ ချေပဂိုး စောစော မရခဲ့တာ ဖြစ်ပါတယ်။ ထို့နောက် လူးကပ်ရပ်ဟာ ဂျိုးဂိုးမက်ဇ်ရဲ့ များပြားတဲ့ နေရာလွတ် ပေးခဲ့မှုကို အသုံးချကာ အဝေးကနေ ကန်သွင်းယူခဲ့ပြီး အိမ်ရှင်တို့ကို ပိုမို ဖိအားများစေခဲ့ပါတယ်။ လက်ရှိမှာ အမှတ်ပေးဇယားအောက်ဆုံးကို ရောက်နေပေမယ့်လည်း နော့ဝှစ် အနေနဲ့ ဒီလိုမျိုး စွမ်းဆောင်ရည်မျိုးတွေကို ပိုမို ပြသနိုင်ခဲ့မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်မှာ တင်ကျန်ရစ်မယ့် အခွင့်အရေး ရှိနေပါတယ်။

SM