မိုဆာလားရဲ့ မျက်နှာပေါ်က များပြားလှတဲ့ လေဆာအလင်းတန်းတွေကြောင့် ပင်နယ်တီ ကန်သွင်းမှုကို ရပ်ပစ်ခဲ့သင့်တယ်လို့ ဆိုလိုက်တဲ့ အလီမက်ကွိုက်စ်

မနေ့ညက ဆီနီဂေါ တို့ အီဂျစ်ကို ပင်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရရှိသွားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ကတော့ အငြင်းပွားစရာ အခြေအနေတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဆီနီဂေါဟာ အီဂျစ်မှာ ၁-၀ နဲ့ ပထမအကျော့က အရေးနိမ့်ခဲ့မှုကို ပွဲချိန် ၄ မိနစ်က သွင်းဂိုးနဲ့ ပြန်လည် ချေပနိုင်ခဲ့ပေမယ့်လည်း နှစ်သင်းစလုံးဟာ မိနစ် ၉၀ နဲ့ အချိန်ပိုတွေမှာ ဂိုးထပ်မံ မသွင်းနိုင်ခဲ့ဘဲ ၁-၁ ရလဒ် ဖြစ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာမှာ ဆီနီဂေါက ၃-၁ နဲ့ နိုင်ကာ ကမ္ဘာ့ဖလား ၀င်ခွင့် တစ်နေရာကို ရသွားခဲ့ပါတယ်။

အီဂျစ် တိုက်စစ်မှုး မိုဆာလားဟာ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းမှုမှာ လွဲချော်ခဲ့ပြီး အဲဒီမတိုင်မီ ဆီနီဂေါ ပရိတ်သတ်တွေရဲ့ လေဆာ အလင်းတန်းတွေနဲ့ နှောက်ယှက်ခြင်းကို ခံခဲ့ရပါတယ်။ စကော့တလန် တိုက်စစ်မှုးဟောင်း အလီမက်ကွိုက်စ် ကတော့ အဆုံးအဖြတ် ပင်နယ်တီ လွဲချော်မှု မတိုင်မီ ဆာလားရဲ့ မျက်နှာပေါ်က များပြားလှတဲ့ အစိမ်းရောင် လေဆာ အလင်းတန်းတွေကို ကြည့်ပြီး သူ့အနေနဲ့ အတော်လေး အံ့အားသင့်မိတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

 

ဆက်လက်ပြီး ရိန်းဂျား ဂန္တ၀င်က ဒိုင်လူကြီး အနေနဲ့ ဒီကိစ္စမှာ ပွဲကို ရပ်ဆိုင်းပစ်ခဲ့သင့်တယ်လို့လည်း ဆိုသွားခဲ့ ပါတယ်။

မက်ကွိုက်စ်က “ဒီပုံရိပ်ဟာ တကယ့်ကို အံ့အားသင့်စရာပါပဲ။ သူ့ရဲ့ မျက်နှာပေါ်မှာ တောက်ပနေတဲ့ လေဆာ အလင်းတန်းတွေကို ကြည့်လိုက်မယ် ဆိုရင် ဆီနီဂေါ ပရိတ်သတ်တွေရဲ့ လုပ်ရပ်ဟာ တကယ့်ကို ရှက်စရာ ပါပဲ။ ဆာလားရဲ့ မျက်နှာကိုတောင် ကျွန်တော်တို့ မမြင်ရတော့ပါဘူး။ ဒိုင်လူကြီးတွေ အနေနဲ့ ပင်နယ်တီ ကန်သွင်းမှုကို ချက်ချင်း ရပ်တန့်ပစ်ခဲ့သင့်ပါတယ်။ ဒါဟာ မျှတမှု လုံး၀ မရှိပါဘူး။ ဟုတ်တယ် မဟုတ်လား?

ပရိတ်သတ်တွေ ပြိုင်ဘက် ကစားသမားကို အော်ဟစ်လှောင်ပြောင်တာက ဒါနဲ့ မတူညီတဲ့ အခြေအနေ တစ်ခုပါ။ ဒါဟာ လက်ခံနိုင်ပါတယ်။ ဒါဟာ ဘောလုံးရဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ပါ၀င်နေတဲ့ အရာပါ။ ဒါပေမယ့် ဒီကိစ္စ ကတော့ လုံး၀ကို လက်ခံလို့ မရဘူးဆိုတာ ရှင်းလင်းပါတယ်။ အော်ဟစ်လှောင်ပြောင်မှုတွေ အတွက် ကိုယ့်ရဲ့ စိတ်ကို ပိတ်ထားလိုက်ရင် ရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ မျက်နှာပေါ်မှာ ဒီလိုမျိုး လေဆာအလင်းတန်းတွေ တောက်ပနေတာ ကတော့ လုံး၀ကို မျှတ မှန်ကန်မှု မရှိတဲ့ ကိစ္စပါပဲ။” လို့ ဆိုသွား ပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကလည်း သူတို့အသင်းဟာ ဆီနီဂေါ ပရိတ်သတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှုတွေ အကြမ်းဖက်မှုတွေ ခံခဲ့ရတယ်လို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေငြာချက်မှာ “အီဂျစ် ကစားသမားတွေ…အထူးသဖြင့် မိုဟာမက်ဆာလား တို့ဟာ ပွဲကြည့်စင်က ပရိတ်သတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှုတွေကို ခံခဲ့ရပါတယ်။ ပရိတ်သတ်တွေဟာ ကစားသမားတွေကို သွေးပူလေ့ကျင့်ခန်း လုပ်နေစဉ် ရေဘူးတွေ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ကာ ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပါတယ်။ အီဂျစ်ရဲ့ ဘတ်စ်ကားတွေ ကလည်း တိုက်ခိုက်မှုတွေ ခံခဲ့ရပြီး မှန်တံခါးတွေ ကွဲသွားတာ ဒဏ်ရာ ရခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါတွေကို ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်ထားပြီး တိုင်ကြားမှု လုပ်သွားမှာပါ” လို့ ထုတ်ပြန်ခဲ့ပါတယ်။

SM