မိုဆာလားရဲ့ စာချုပ်ကိစ္စနဲ့ ပက်သက်ပြီး နောက်ဆုံးရ update ကို ပြောပြသွားခဲ့တဲ့ ယာဂန်ကလော့

ယာဂန်ကလော့က လီဗာပူး နဲ့ မိုဟာမက်ဆာလား တို့ဟာ စာချုပ်သစ်ချုပ်ဆိုဖို့ ကိစ္စနဲ့ ပက်သက်ပြီး သဘောတူညီမှု ရဖို့ နီးစပ်ခြင်း မရှိသေးဘူးလို့ အတည်ပြုသွားခဲ့ပါတယ်။ အီဂျစ်စတားရဲ့ လက်ရှိစာချုပ်ဟာ လာမည့် ၂၀၂၃ မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဆာလား အနေနဲ့ လာမည့်နှစ် ဇန်နဝါရီမှာ ပြည်ပကလပ် တစ်ခုခုနဲ့ အကြိုသဘောတူစာချုပ် ချုပ်ဆိုရန် အခွင့်အရေး ရှိမှာ ဖြစ်ပါတယ်။

ဆာလားဟာ သူ လီဗာပူးမှာ ဆက်ရှိလိုသေးကြောင့် ဆန္ဒထုတ်ဖော်ထားခဲ့သလို ကလော့ကလည်း အသက် ၂၉ နှစ်အရွယ် ကစားသမားကို ကလပ်မှာ ကာလရှည် ဆက်နေဖို့ ဆန္ဒ ရှိကြောင်း ဒီရာသီမှာ ပြောထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အီဂျစ်လက်ရွေးစင်ရဲ့ အနာဂတ်ကို ယနေ့ည ဘရိုက်တန် ပွဲစဉ် မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာ ဂျာမန်နည်းပြက သူဟာ လက်ရှိ အခြေအနေနဲ့ ပက်သက်ပြီး ဘာမှ စိုးရိမ်မှု မရှိကြောင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ အတွက်က ကစားသမားရဲ့ ဆုံးဖြတ်ချက် အပေါ်မှာသာ မူတည်တယ်လို့ ပြောသွားပါတယ်။

ကလော့က “မိုဟာ ဒီကလပ်ကို ရည်မှန်းချက် ကြီးကြီး ရှိစေဖို့ လုံး၀ မျှော်လင့်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်း ဒီလို ဖြစ်ခဲ့ပြီး အခုလည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ ဒီထက် ပိုပြီး မလုပ်နိုင်ပါဘူး။ ဒီလို အခြေအနေပါ။ ဒါပေမယ့် ဒီကိစ္စ တစ်ခုတည်းနဲ့တော့ မဆိုင်ဘူးလို့ ကျွန်တော်ထင်ပါတယ်။ စာချုပ်သစ်ချုပ်ဆိုဖို့ဟာ မိုရဲ့ ဆုံးဖြတ်ချက် အပေါ်မှာပဲ အများကြီး မူတည်နေတာပါ။ ကလပ်ဟာ ကလပ်လုပ်နိုင်တဲ့ အတိုင်းအတာကို လုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပက်သက်ပြီး ဘာမှ မကောင်း ပြောစရာ မရှိပါဘူး။ ကျွန်တော့်ရဲ့ အမြင်အရ အိုကေပါတယ်။ ဒီလို အချိန် ကာလမျိုးမှာ ဒီအတိုင်းပဲ ဖြစ်လေ့ ရှိပါတယ်။ အရာအားလုံးဟာ set လုပ်ပြီးသားပါ။ နောက်ထပ် ဘာမှ ဖြစ်မလာသေးတာပဲ ရှိတာပါ။ စာချုပ်သစ် မချုပ်ရသေးသလို ငြင်းပယ်တာတို့ ဘာတို့လည်း မရှိပါဘူး။ ကျွန်တော်တို့ ဒီအတွက် စောင့်ဆိုင်း သွားရမှာပါ။ အခြေအနေက လုံး၀ အိုကေပါတယ်။ ဒီအခြေအနေမှာ ဘာမှ လောကြီးစရာ မရှိပါဘူး။” လို့ ပြောလိုက်ပါတယ်။

လီဗာပူးဟာ ဒီ Weekend မှာတော့ ဘရိုက်တန် အသင်းနဲ့ ရင်ဆိုင် ကစားသွားရမှာ ဖြစ်ပြီး ဂရေဟမ်ပေါ်တာရဲ့ အသင်းဟာ အန်ဖီးမှာတုန်းက လီဗာပူးကို ၂ ဂိုးစီ သရေခဲ့ပြီး ပြသနာတွေ များစွာ ပေးစွမ်းခဲ့ပါတယ်။

ဘရိုက်တန်နဲ့ ပက်သက်ပြီး ကလော့က “သူတို့ဟာ တကယ်ကောင်းတဲ့ ဘောလုံးအသင်း ဖြစ်ပြီး ဂရေဟမ်ပေါ်တာဟာ တအားကို ကောင်းတဲ့ နည်းပြပါ။ သူ လုပ်ပြနေတာတွေကို ကျွန်တော် တအားကို နှစ်သက်တယ်လို့ ပြောသွားရမှာပါ။ ဘရိုက်တန်ဟာ ဂိုးဖန်တီးမှုတွေ များစွာ လုပ်နိုင်ခဲ့ပေမယ့် အဆုံးမသတ်နိုင်တဲ့ ပြသနာတွေ ရှိနေခဲ့ပါတယ်။

ပြိုင်ဘက်ကို တစ်ပွဲလုံး ဖိကစားကာ အခွင့်အရေး များစွာ ဖန်တီးပြီး ၁-၀ နဲ့ ဦးဆောင်ထားခဲ့ပေမယ့် မိနစ် ၈၀ လောက်မှာ ပြိုင်ဘက်က တစ်ဂိုးသွင်းသွားခဲ့တဲ့ အခါ ရမှတ်တွေ ဆုံးရှုံးတာမျိုးတွေ ဖြစ်ခဲ့ပါတယ်။

ဒါဟာ သူတို့ အတွက် တကယ် ခက်ခဲပါတယ်။ သူတို့ ခေါ်ယူခဲ့တဲ့ ကစားသမားတွေ သူတို့ရဲ့ ကစားဟန်တွေဟာ တကယ့်ကို စိတ်လှုပ်ရှားစရာပါ။ အိမ်ကွင်းမှာတုန်းက ကျွန်တော်တို့ ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး သူတို့ကို အခွင့်အရေး များစွာ ခွင့်မပြုခဲ့ပေမယ့်လည်း ကျွန်တော်တို့ စုစည်းမှု သိပ်မရှိတဲ့အချိန်မှာ သူတို့ဟာ ဒါကို အသုံးချကာ ချေပဂိုးတွေ ရယူခဲ့ပါတယ်။ အသင်းတော်တော်များများ ဒီလို မလုပ်နိုင်ပါဘူး။ ဒါပေမယ့် သူတို့ လုပ်ခဲ့ပါတယ်။ သူတို့ကို များစွာ လေးစားပါတယ်။ ကျွန်တော်တို့ ဒီလို အသင်းနဲ့ ရင်ဆိုင်ဖို့ အတွက် ပြင်ဆင်နေပါတယ်။”

SM