မိုဆာလားကို လီဗာပူးတို့ မဖြစ်မနေ စာချုပ်သစ်ချုပ်ဆိုသင့်တဲ့ အကြောင်းရင်းတွေကို ရှင်းပြလိုက်တဲ့ အာဆင်၀င်းဂါး

အာဆင်နယ် မန်နေဂျာဟောင်း ဖြစ်သူ အာဆင်၀င်းဂါးက သူသာဆိုရင် မိုဟာမက်ဆာလားကို ဘာကြောင့် လီဗာပူးမှာ စာချုပ်သစ် ချုပ်ဆိုသွားမလဲ ဆိုတဲ့ အကြောင်းရင်းတွေကို ရှင်းပြသွားခဲ့ပါတယ်။ ဆာလားဟာ ဒီရာသီမှာလည်း လီဗာပူး အတွက် အကောင်းဆုံး စွမ်းဆောင်ရည်ကို ထပ်မံ ပြသနေပြီး ပြိုင်ပွဲစုံမှာ အသင်း အတွက် ၂၈ ဂိုး သွင်းယူထားခဲ့ကာ ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၂၀ ရရှိထားခဲ့ပါတယ်။

ဒါပေမယ့်လည်း မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ သတင်းများ အရ အီဂျစ်စတား နဲ့ သူ့ရဲ့ အေးဂျင့် တို့ဟာ လီဗာပူးရဲ့ နောက်ဆုံး စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချထားခဲ့တယ်လို့ သိရပါတယ်။ ဆာလားရဲ့ လက်ရှိ စာချုပ်ဟာ လာမည့် ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး လီဗာပူး ဘက်က ကမ်းလှမ်းမှု နဲ့ အီဂျစ်စတား ဘက်က တောင်းဆိုမှုတွေကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အဆိုပါ အခြေအနေနဲ့ ပက်သက်ပြီး ၀င်းဂါးက ကစားသမား တစ်ဦးကို စာချုပ်သစ် ကမ်းလှမ်းမှု မလုပ်မီ ဘယ်လို အချက်တွေ စဉ်းစား သွားရသလဲဆိုတာကို ချပြသွားခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ် မန်နေဂျာဟောင်းဟာ ဆာလားနဲ့ ပက်သက်ပြီး ရည်ညွှန်းရာမှာ ခရစ်စတီယာနိုရော်နယ်ဒို ၊ မက်ဆီ တို့နဲ့လည်း ခိုင်းနှိုင်းမှု လုပ်သွားခဲ့ပါသေးတယ်။

၀င်းဂါးက “တစ်ပတ်ကို ပေါင် ၄ သိန်း တောင်းဆိုထားတာလား? ကျွန်တော် ပြောချင်တာက အခြေအနေတိုင်းဟာ ခြားနားမှု နဲ့ သီးခြားခွဲထုတ်မှု ဆိုတာ ရှိရမှာ ဖြစ်ပါတယ်။ ခင်ဗျား အနေနဲ့ ကစားသမား တစ်ဦးရဲ့ ကြံ့ခိုင်မှု မှတ်တမ်းကို ကြည့်သွားရမှာပါ။ ဆာလားဟာ လီဗာပူးမှာ ကစားနေတဲ့ ကာလအတွင်း ဒဏ်ရာ ရတာ မရှိသလောက် ရှားပါးခဲ့ပါတယ်။ ခင်ဗျား အနေနဲ့ ဒီလို ကစားသမားကို စာချုပ်သစ် ကမ်းလှမ်း သွားရမှာပါ။

ပြီးတော့ ကစားသမားရဲ့ ကြံ့ခိုင်မှု အရည်အသွေး အပေါ်မှာလည်း မူတည်ပါတယ်။ ဆာလားဟာ အရမ်းကို လျှင်မြန်တဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ အသက်အရွယ်ကြောင့် သူ အနည်းငယ် လျှင်မြန်မှု လျော့သွားခဲ့မယ် ဆိုရင်တောင် သူဟာ လျှင်မြန်နေဆဲ ဖြစ်ပါတယ်။ အကယ်၍ သူဟာ အခုကတည်းက အကန့်အသတ်တွေ ရှိနေပြီး နှေးကွေးသွားခဲ့ပြီ ဆိုရင်တော့ ခင်ဗျား အနေနဲ့ သူ့ကို စာချုပ်သစ် ကမ်းလှမ်း သွားမှာ မဟုတ်ပါဘူး။

မိုဆာလား ဆိုရင်တော့ ခင်ဗျား စာချုပ်သစ် ချုပ်ဖို့ ကြိုးစား သွားရမှာပါ။ သူဟာ ရော်နယ်ဒို နဲ့ မက်ဆီ တို့ ပေါင်းစပ်ထားတဲ့ ကစားသမားပါ။ သူဟာ ဘောလုံးနဲ့ အတူ ပြေးလွှားနိုင်သလို final ball တွေလည်း ပေးနိုင်ပါတယ်။ သူဟာ final pass တွေ လုပ်ရာမှာ အများကြီး တိုးတက်လာခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သြဂုတ်လ ကနေ အာဖရိကဖလား ပြိုင်ပွဲ မတိုင်မီ အထိ သူဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့တယ် ဆိုတာကတော့ သေချာပါတယ်။

သူ ဒီရာသီမှာ အရမ်းကို ကောင်းတဲ့ ဂိုးတွေ သွင်းယူထားခဲ့တာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ တစ်ကိုယ်တော် အစွမ်းနဲ့ သွင်းခဲ့တဲ့ ဂိုးတွေလည်း ပါပါတယ်။ ဆာလား နဲ့ မာနေး တို့ဟာ ဆုံးရှုံးလို့ မရတဲ့ ကစားသမားတွေပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ လီဗာပူးနဲ့ အတူ စတားတွေ ဖြစ်လာခဲ့တဲ့ သူတွေ မို့လို့ပါ။ သူဟာ အခုဆိုရင် လီဗာပူး သမိုင်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်နေပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM