မာနေးရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ခက်ခက်ခဲခဲအနိုင်ယူကာ စီးတီးကို ဖိအားပေးလိုက်တဲ့…လီဗာပူး ၁-၀ ၀က်ဟမ်း ပွဲစဉ်က ထူးထူးခြားခြား ပြောစရာများ

လီဗာပူးဟာ မနေ့ညက ၀က်ဟမ်းနဲ့ ပွဲစဉ်မှာ ပုံစံကောင်းကို မပြသနိုင်ခဲ့ပေမယ့်လည်း မာနေးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အတူ ခက်ခက်ခဲခဲ အနိုင်ရရှိကာ ထိပ်ဆုံးက မန်ချက်စတာစီးတီးကို ၃ မှတ်အကွာနဲ့ ပြန်လည် ဖိအားပေးလိုက်ပါတယ်။ ဒီပွဲစဉ်မှ ထူးထူးခြားခြား ပြောစရာတွေကတော့

၁~ဂိုးသွင်းခြေရနေတဲ့ မာနေး
မာနေးဟာ အာဖရိကဖလားကို သွားရောက်မကစားမီ ပုံစံကောင်း ပျောက်ဆုံးနေခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲမသွားမီ ချဲလ်ဆီးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးဟာ နောက်ဆုံး ၁၀ ပွဲမှာ ပထမဦးဆုံးဂိုးဖြစ်ခဲ့ကာ ၎င်းရဲ့အကောင်းဆုံး အချိန်တွေ ကျော်သွားပြီလို့ အများစုက ယူဆထားခဲ့ကြပါတယ်။ ဒါပေမယ့် အာဖရိကဖလားကနေ ချန်ပီယံအဖြစ် ပြန်လာခဲ့ပြီးနောက် မာနေးဟာ လုံး၀ ပြောင်းလဲသွားခဲ့ပါတယ်။

ဒါဟာ ယုံကြည်မှုနဲ့ သက်ဆိုင်သလို ဒီယက် ရောက်လာပြီးနောက် ဂျိုတာ ဒဏ်ရာရနေချိန်မှာ အထောင်တိုက်စစ်မှာ ကစားရခြင်းကလည်း ဒီလို ဂိုးသွင်းခြေစွမ်းကို ပြန်ရခဲ့တာလို့ ပြောနိုင်ပါတယ်။ ဒီပွဲစဉ်မှာ မာနေးဟာ အလက်ဇန်းဒါးအာနိုးရဲ့ ကန်ချက်ကို ပါးနပ်မှု ရှိစွာနဲ့ ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မာနေးဟာ ပြီးခဲ့တဲ့ရာသီက သွင်းဂိုးပမာဏကို ကျော်ဖြတ်နိုင်ခဲ့ပြီ ဖြစ်ကာ ဒါဟာ အထောင်တိုက်စစ်ကို ပြောင်းခဲ့ပြီးနောက် တတိယမြောက် ဂိုးဖြစ်ပါတယ်။

၂~လန်ဇီနီရဲ့ ကြီးမားတဲ့ လွဲချော်မှု
လီဗာပူးဟာ ဒီနိုင်ပွဲမှာ ကံကြမ္မာရဲ့ ဖေးမမှုကိုလည်း ရရှိခဲ့တာ ဖြစ်ပြီး ပွဲပြီးဖို့ မိနစ် ၂၀ အလိုလောက်မှာ လန်ဇီနီဟာ ပင်နယ်တီ ဧရိယာအတွင်းမှာ ဂိုးသွင်းခွင့် ရခဲ့ပါတယ်။ သပ်ရပ်တဲ့ ဘောလုံးထိချက်ဟာ အလက်ဇန်းဒါးအာနိုးရဲ့ ဖျက်ထုတ်မှုကို ပယ်ဖျက်နိုင်ခဲ့ပေမယ့် လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းရချိန်မှာတော့ ဂိုးဘားပေါ်ကို ကျော်ကန်ခဲ့ပါတယ်။ ဒါဟာ လီဗာပူးရဲ့ အာရုံစူးစိုက်မှု လျော့ကျရာကနေ ပေးလိုက်ရတဲ့ အခွင့်အရေး ဖြစ်ပြီး ဒါမျိုးဟာ အမြဲတမ်းတော့ ကံမကောင်းနိုင်ပါဘူး။ ကလော့နဲ့ လီဗာပူးအသင်းသားတွေ အနေနဲ့ ရည်မှန်းချက်တွေ ပြည့်မြောက်နိုင်ဖို့ အတွက် ဒီနေ့က ပွဲက ကစားပုံထက်တောင် ကောင်းမွန်ဖို့ လိုအပ်နေပြီး ၀က်ဟမ်း အတွက်ကတော့ အန်ဖီးမှာ အဖိုးတန် ရမှတ်ကို ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

၃~နောက်ထပ် မှတ်တိုင်တစ်ခု စိုက်ထူခဲ့တဲ့ ထရန့်
လီဗာပူးဟာ ပထမပိုင်းမှာ ၀က်ဟမ်းကို ဖိကစားနိုင်ခဲ့ပြီး အလက်ဇန်းဒါးအာနိုးဟာ ဒီနေရာမှာ အဓိက ပါ၀င်ပက်သက်နေတယ် ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ လီဗာပူး ညာနောက်ခံလူဟာ မာနေးရဲ့ ဂိုးမှာ assist ရခဲ့ပြီး ဒါဟာ ပြိုင်ပွဲစုံမှာ ၁၆ ကြိမ်မြောက်ဖြစ်ပါတယ်။ ထရန့်ဟာ လွန်ခဲ့တဲ့ ၂၀၁၈-၁၉ ရာသီက သူ့ရဲ့ assist မှတ်တမ်းကို လိုက်မှီခဲ့တာ ဖြစ်ပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ မြောက်ကို ရနိုင်တဲ့ အခွင့်အရေး ရှိနေကာ ဒါဟာ နောက်ခံလူအတွက် တကယ့်ကို အံ့ဖွယ်စွမ်းဆောင်ရည် ဖြစ်ပါတယ်။

ထရန့်ဟာ မာနေးရဲ့ ဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် နောက်ထပ် assist ကို ထပ်ရဖို့ နီးစပ်ခဲ့ပေမယ့်လည်း ၀က်ဟမ်းနောက်တန်းက ဒီယက်ရဲ့ ကန်ချက်ကို ဂိုးစည်းနားပေါ်ကနေ ဖျက်ထုတ်ခဲ့လို့ ဖြစ်ပါတယ်။ ထရန့်ဟာ ဒီပွဲစဉ်မှာ ဖိုနယ်ရဲ့ အလီဆွန်ကို ကျော်ကာ ကန်သွင်းလိုက်တဲ့ ဘောလုံးကိုလည်း ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ပေးခဲ့ပြီး ခံစစ်အတွက် ကူညီပေးခဲ့ပါတယ်။

၄~ကိုနာတေးပါတဲ့ ပွဲတွေမှာ ရှုံးပွဲမရှိသေးတဲ့ လီဗာပူး
ကိုနာတေးဟာ မာတစ်ကြောင့် ဒီရာသီမှာ ပွဲထွက်ကစားခွင့် နည်းပါးနေခဲ့ပေမယ့်လည်း လီဗာပူးအတွက် ပြိုင်ပွဲစုံ ကစားပေးခဲ့တဲ့ ၁၈ ပွဲမှာ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းလာခဲ့ပါတယ်။ လီဗာပူးဟာ ကိုနာတေး ပါတဲ့ ပွဲတွေမှာ ရှုံးပွဲမရှိသေးဘဲ ဒီမှတ်တမ်းကောင်းဟာ ၀က်ဟမ်းနဲ့ပွဲမှာလည်း ဆက်လက် တည်ရှိခဲ့ပါတယ်။ ကိုနာတေးဟာ အန်တိုနီယိုလို တိုက်စစ်မှုးကောင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အစပိုင်းမှာ အနည်းငယ် ရုန်းကန်နေရသလို ရှိနေပေမယ့်လည်း နောက်ပိုင်းမှာတော့ အကောင်းဆုံး တားဆီးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကိုနာတေးဟာ ဒီရာသီမှာ လီဗာပူးရဲ့ matchday squad တိုင်းမှာ ပါ၀င်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

၅~အမှတ်ပေးဖလားအိမ်မက်ကို ဆက်လက် အသက်သွင်းခဲ့တဲ့ လီဗာပူး
လီဗာပူးဟာ ဒီပွဲစဉ်မှာ အကောင်းဆုံး ပုံစံကို မပြသနိုင်ခဲ့ပေမယ့်လည်း ဒီရမှတ် ၃ မှတ်ဟာ တအားကို အရေးပါပြီး မန်စီးတီးကို ဖိအားပေးလိုက်နိုင်ပါတယ်။ အခုဆိုရင် လီဗာပူးဟာ ဒီနေ့မှာ မန်ချက်စတာဒါဘီကို ကစားရမယ့် မန်စီးတီးကို ၃ မှတ်အကွာနဲ့ ဖိအားပေးလိုက်ပြီး လက်ကျန် တစ်ပွဲလည်း ကစားရဖို့ ရှိပါသေးတယ်။ ဒါ့ကြောင့် လီဗာပူးဟာ လက်ရှိမှာ အရှိန်အဟုန်ကောင်းကို ရနေပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က စီးတီးတို့ တစ်ကောင်တည်းပြေးတော့မယ်လို့ ထင်မှတ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ game on ဖြစ်နေတာ သေချာပါတယ်။

၆~No Rice big problem
ဒန်ကလန်ရိုက်စ်ဟာ အဖျားဝေဒနာကြောင့် ဒီပွဲမှာ မပါနိုင်ခဲ့ပါဘူး။ ဒါဟာ ၀က်ဟမ်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဧည့်သည် အသင်းဟာ အန်ဖီးမှာ ရိုက်စ်ကို သတိရမနေအောင် ကစားသွားခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့်လည်း ရိုက်စ်သာ ပါခဲ့မယ်ဆိုရင် ၀က်ဟမ်းတို့ လီဗာပူးတို့ ဒီထက်တောင် ဒုက္ခပေးနိုင်မှာ ဖြစ်ပါတယ်။ လီဗာပူး front three ဟာ အထူးသဖြင့် ၀က်ဟမ်း ခံစစ်ပိုင်းကို ကောင်းစွာ ဖိအားပေးကစားသွားခဲ့ပြီး ဆာလားရဲ့ လွဲချော်နေမှုတွေနဲ့ ခံစစ်ကစားသမားတွေ ကောင်းနေလို့သာ သက်သာခဲ့တာ ဖြစ်ပြီး ရိုက်စ်လို ခံစစ်ကို ကောင်းစွာ ကာကွယ်ပေးမယ့်သူကို လွမ်းနေခဲ့ရပါတယ်။

SM