မာဆေးလ် အသင်းမှာ ဆက်နေချင်ပေမယ့် အာဆင်နယ် အသင်း အပေါ် အဓိက မူတည်ကြောင်း ဖွင့်ဟလာတဲ့ ဆာလီဘာ

ဝီလီယံ ဆာလီဘာ က မာဆေးလ် အသင်းမှာ နောက်ထပ် တစ်ရာသီ ထပ်ကစားရလည်း သူ့အတွက် ပြဿနာ မရှိကြောင်း ဆိုလိုက်ပြီး သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်းက အဓိက ဆုံးဖြတ်ချက် ချမှာ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဆာလီဘာ ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ စိန့်အက်တီယန် အသင်းကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ၊ ငါးနှစ် စာချုပ် နဲ့ ရောက်ရှိ လာခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အသင်းဟောင်း စိန့်အက်တီယန် အသင်းထံ တစ်ရာသီ အငှား သွားကစားခဲ့ပါတယ် ။

 

ဆာလီဘာ ဟာ ပြီးခဲ့တဲ့တစ်နှစ် ရာသီကြို ခြေစမ်းပွဲ ဖြစ်တဲ့ Mk ဒွန်းစ် နဲ့ ပွဲမှာပဲ အာဆင်နယ် အသင်းကြီးအတွက် ပွဲထွက် ကစားခဲ့ဖူးပြီး အခုထက်ထိ အသင်းကြီး အတွက် တရားဝင် ပြိုင်ပွဲတွေမှာ ပါဝင် ကစားရခြင်း မရှိသေးပါဘူး ။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာလည်း အာဆင်နယ် အသင်းဟာ ဆာလီဘာ ကို ပြင်သစ် လီဂူး ကလပ် နိုက်စ်အသင်းထံ ထပ်မံ အငှားချခဲ့ပါတယ် ။ ဆာလီဘာ ဟာ နိုက်စ် အသင်းမှာတော့ ပုံမှန် ပွဲထွက် ကစားခွင့် ရရှိပြီး ပုံစံကောင်း ပြသ နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်း ပရိသတ်တွေဟာ ဒေးဗစ်လူးဝဇ် ထွက်ခွာသွားမှု နဲ့ အတူ ရာသီသစ်မှာတော့ ဆာလီဘာ ကို စတင် အသုံးပြုလောက်တယ်လို့ ထင်မှတ် ထားကြပေမယ့် အာတီတာ နဲ့ အီဒူး တို့ဟာ ဘန်ဝှိုက် ကို ခေါ်ယူပြီး ပြင်သစ်သားလေးကို မာဆေးလ် အသင်းထံ တစ်ရာသီ ထပ်မံ အငှားချ လိုက်ပြန်ပါတယ် ။

ဆာလီဘာ ဟာ မာဆေးလ် အသင်းမှာလည်း ပုံစံကောင်းတွေ ဆက်လက် ပြသ နေပြီး ပြင်သစ် လီဂူး ၁ ရဲ့ ရာသီဝက် အကောင်းဆုံး အသင်းမှာ ပါဝင် ခဲ့သလို ပြင်သစ် လက်ရွေးစင် အသင်းကြီးမှာလည်း ပထမဆုံး အကြိမ် ရွေးချယ် ခံခဲ့ရပါတယ် ။

ဆာလီဘာ က RMC Sports နဲ့ နောက်ဆုံး အင်တာဗျူးမှာ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ” ကျွန်တော် ဒီမှာ(မာဆေးလ်) မှာ ကစားရတာ ပျော်ရွှင်နေတယ်ဆိုတဲ့ အချက်ကို မဖုံးကွယ်ထားချင်ပါဘူး ၊ ကျွန်တော့်အတွက် ဒီမှာ ကစားရတာ ကောင်းပါတယ် ၊ ဒါပေမယ့် ကျွန်တော့် ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ကတော့ မသိသေးပါဘူး ။ ”

” အခု အချိန်မှာ ကျွန်တော့် အတွက် အရေးကြီးဆုံးအရာက ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ နဲ့ ကွန်ဖရန့်လိဂ်မှာ မြင့်မားတဲ့ အဆင့်ကို ရောက်နိုင်သလောက် ရောက်အောင် သွားဖို့ပါပဲ ။ မေလကုန် ဇွန်လ အစ လောက်မှာ အာဆင်နယ် ၊ မာဆေးလ် နဲ့ ကျွန်တော်တို့ ဆွေးနွေး ပြောဆိုမှုတွေ ပြုလုပ် ဖြစ်မယ်လို့ ထင်ပါတယ် ၊ အဲ့ဒီ အခါကျမှပဲ ဆုံးဖြတ်ချက် ချရမှာပေါ့ဗျာ ။ ”

” မာဆေးလ် အသင်းမှာ ဆက်နေတာက ဆိုးရွားတဲ့ အကြံဉာဏ် တစ်ခု မဟုတ်တာကတော့ သေချာပါတယ် ။ ကျွန်တော် ဒီမြို့အကြောင်း ၊ အသင်းဖော်တွေနဲ့ နည်းပြ အကြောင်း ကောင်းကောင်း သိနေပြီ ဆိုတော့လေ ၊ ဒါပေမယ့် ကျွန်တော့် တစ်ဦးတည်း အပေါ် မူတည်နေတာတော့ မဟုတ်ပါဘူး ၊ ဘယ်လို ဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ ၊ အာဆင်နယ် အသင်း ခွင့်ပြုမှ ရမှာ ဖြစ်တာကြောင့် သူတို့ အပေါ်လည်း မူတည်ပါသေးတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM