မန်ယူနိုက်တက် အဝတ်လဲခန်းနဲ့ ပတ်သက်ပြီး ရိုနယ်ဒို အပေါ် စွပ်စွဲမှုတွေဟာ မှားယွင်းကြောင်း ဖြေရှင်းခဲ့တဲ့ အန်တိုနီ မာစီရယ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဝတ်လဲခန်း ထဲမှာ ရိုနယ်ဒို က လိုအပ်တာထက် ပိုပြီး ဝင်ရောက် စွက်ဖက်မှုတွေ ရှိနေတယ် ၊ အသင်း ခေါင်းဆောင် မက်ဂွဲယား ကို ကျော်ပြီး ပါဝါ ပြချင် နေတာကြောင့် အသင်းသားတွေ ထဲမှာ အဖွဲ့တွေ ကွဲနေ စေတယ်ဆိုတဲ့ စွပ်စွဲမှုတွေဟာ မဟုတ်မှန်ပါဘူး လို့ အန်တိုနီ မာစီရယ် က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ကနေ ဆီဗီးလား အသင်းဆီ ဇန်နဝါရီ တုန်းက အငှား ပြောင်းရွှေ့ သွားတဲ့ မာစီရယ် က အသင်းကို တကျော့ ပြန်လာတဲ့ ရိုနယ်ဒို ကို ကစားသမားတွေက ချစ်ခင် လေးစား ကြတယ်လို့လည်း ပြောပြ သွားခဲ့ ပါတယ် ။

ရိုနယ်ဒို ဟာ ဒီနှစ် နွေရာသီမှာ ယူဗင်တပ် ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်လည် ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး အသင်း အတွက် ဂိုးတွေ သွင်းပေး နိုင်ပေမယ့် ကျဆင်း နေတဲ့ အခြေအနေ တွေကိုတော့ မကယ်တင် နိုင်ခဲ့ ပါဘူး ။

ရိုနယ်ဒို ဟာ နည်းပြဟောင်း ဆိုးရှား ရှိစဉ် တုန်းကလည်း နည်းပြ ရဲ့ ဗျူဟာတွေ ကို မနှစ်သက်ဘူးလို့ သတင်း ထွက်ခဲ့သလို လက်ရှိ မှာလည်း အဝတ်လဲခန်း ထဲမှာ လွှမ်းမိုးဖို့ လုပ်ဆောင် နေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ပါတယ် ။

ဒါပေမယ့် မာစီရယ် ကတော့ ဒီ သတင်းတွေ ကို ငြင်းဆို ခဲ့ပြီး ရိုနယ်ဒို ဟာ မန်ယူနိုက်တက် မှာ ကစားသမား အားလုံးရဲ့ ချစ်ခင် လေးစားမှု ကို ရရှိ ထားတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ခရစ္စတီယာနို က ထိပ်တန်းအဆင့် မှာ ရှိနေတဲ့ ပရော်ဖက်ရှင်နယ် တယောက်ပါ ။ ဘောလုံး သမိုင်း ရဲ့ အကောင်းတကာ့ အကောင်းဆုံးတွေထဲက တယောက်ပါပဲ ။ ကျွန်တော်တို့ အားလုံး သူ့ကို ချစ်ကြပါတယ် ။

မီဒီယာတွေမှာ ပြောတာတွေ ကျွန်တော် ကြားပါတယ် ။ ဒါတွေက မမှန် ပါဘူး”

“ဒီကို ( ဆီဗီးလား ) မရောက်လာခင် တုန်းက အဝတ်လဲခန်း ( မန်ယူနိုက်တက် ) ထဲမှာ ကျွန်တော် ရှိပါတယ် ။ ဖြစ်ပျက်သမျှ ကို ကျွန်တော် တွေ့ခဲ့ မြင်ခဲ့ ရတာပါပဲ” လို့ မာစီရယ် က ပြောဆို သွားခဲ့ ပါတယ် ။

မာစီရယ် ဟာ ယူနိုက်တက် အသင်းမှာ နေရာ မရ ဖြစ်နေတာကြောင့် စပိန် ကလပ် ဆီဗီးလား ဆီ အငှားနဲ့ ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပြီး လက်ရှိ မှာတော့ ပြိုင်ပွဲစုံမှာ ၆ ပွဲ အထိ ကစားထားခဲ့ပြီး ဖြစ်ပါတယ် ။

“ကျွန်တော် က ပွဲကစားချင် ပါတယ် ။ ဒါကြောင့် အသင်းပြောင်းလို့ ရနိုင်မလားလို့ နည်းပြ ( ရန်းနစ် ) ကို မေးခဲ့ ပါတယ် ။ သူက ကျွန်တော် လေ့ကျင့်ခန်း အစီအစဉ် က ကစားပုံအတိုင်း ဆက်ပြီး လုပ်ပြ နေမယ် ဆိုရင် ကျွန်တော် ပွဲကစားရမှာပါ လို့ ပြန်ဖြေခဲ့ ပါတယ်”

“ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်က ပတ်ဝန်းကျင်သစ် ၊ အငွေ့အသက် အသစ်တွေကို လိုလား နေခဲ့လို့ပါ ။ ဒီ မှာ ကျွန်တော် စာချုပ် ရှိနေ ပါသေးတယ် ။ ဒါကြောင့် ဒီရာသီ ပြီးသွားရင် ဘာဆက်ဖြစ်မလဲ ဆိုတာကိုတော့ ကျွန်တော် သေချာ မသိပါဘူး”

“ကျွန်တော့မှာ စိတ်ကူး ထားတာတွေ ရှိပါတယ် ။ အဓိက ကတော့ ကျွန်တော် ကစားချင်ပါတယ် ၊ ဘောလုံးကို အရင်လို ပျော်ပျော် ရွှင်ရွှင် နဲ့ ဆက်ပြီး ကစားသွားချင်ပါတယ် ။ မန်ချက်စတာ ယူနိုက်တက် မှာ ဘာမှ မလုပ်ဘဲ အချိန်တွေ ကုန်ခဲ့ပြီး ပါပြီ ။ ကျွန်တော် အဲ့ဒိလို မဖြစ်ချင်ပါဘူး” လို့ မာစီရယ် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR