မန်ယူနိုက်တက် မန်နေဂျာ ရာထူးနဲ့ ပတ်သက်ပြီး ကာရေဂါ ၊ ပေါလ်မာဆင်တို့ထံမှ tip ပေးမှုကို ခံခဲ့ရပြီးနောက် သူ့ရဲ့ အနာဂတ် အကြောင်း ထပ်ပြီး တုန့်ပြန်လာတဲ့ တူချယ်

ဗြိတိန် အစိုးရ ဟာ ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျကို စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့တာကြောင့် သူရဲ့ ပိုင်ဆိုင်မှု တစိတ်တပိုင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်း ဟာလည်း ဒဏ်ခတ် အရေးယူမှု များစွာ ခံထားရပါတယ် ။

ဒီအတွက်ကြောင့် ချဲလ်ဆီး အသင်းရဲ့ ဘဏ္ဍာရေး အင်အား ဟာ ပုံမှန်ထက် သိသိသာသာ လျော့ကျသွားပြီး ၊ ဝင်ငွေ ရရှိမှု လုပ်ငန်း ၊ အခန်းကဏ္ဍ အားလုံးလည်း ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် အသင်းပိုင်ရှင် အပြောင်းအလဲ မဖြစ်မီ အကြားမှာ ချဲလ်ဆီး အသင်းသား အချို့ အပါအဝင် ဝန်ထမ်း အများအပြား ဟာလည်း မိမိရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ် ကြောင့်ကြနေကြပါတယ် ။

တဖက်မှာတော့ ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းက ကောင်းမြဲကောင်းဆဲ ဖြစ်သလို ၊ အခုလို ခက်ခဲ ရှုပ်ထွေးနေတဲ့ ကာလမှာ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ်ရဲ့ ကွင်းတွင်း ကွင်းပြင် စွမ်းဆောင်မှု ၊ မီဒီယာပိုင်း ကိုင်တွယ်မှု ၊ ပါးနပ်လိမ္မာမှု အစရှိတဲ့ အရည်အချင်းကောင်းတွေကြောင့် ချီးကျူးမှုတွေ ပိုပြီး ရရှိလို့နေပါတယ် ။

Sanctions ချမှတ်ခံရအပြီး နာရီပိုင်း အကြာမှာ လီဗာပူး နောက်ခံလူ ဂျေမီ ကာရေဂါ က သောမတ်စ် တူချယ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြောင်းရွှေ့ဖို့ The Telegraph သတင်းဌာရဲ့ ဆောင်းပါးမှ တိုက်တွန်းခဲ့ဖူးပြီး ၊ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင် ကလည်း ယူနိုက်တက် အနေနဲ့ တူချယ်ရဲ့ အခြေအနေ အကြောင်း အနည်းငယ် တီးမီးခေါက်မိ စုံစမ်းထားသင့်ကြောင်း မနေ့က Sky Sports နဲ့ တွေ့ဆုံရာမှာ ပြောခဲ့ပါတယ် ။

ဒီလို tip ပေးမှုတွေ ရရှိခဲ့ပြီးနောက် ၊ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ တူချယ် က အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်တော့မယ့် ကာလ အတွင်း သူ့ရဲ့ ချဲလ်ဆီးမှ အနာဂတ် အကြောင်းနဲ့ ပတ်သက်ပြီး ဒုတိယ တကြိမ် ထပ်မံ ဖြေရှင်းခဲ့ပြန်ပါတယ် ။

တူချယ် က ” ဒီရာသီ မကုန်မချင်း ကျွန်တော် ဒီအသင်းမှာ ဆက်ရှိနေမယ်ဆိုတာ ယုံမှား သံသယ ဖြစ်စရာ မရှိပါဘူး ။ အခုလောလောဆယ်တော့ ကျွန်တော်တို့ဟာ နေ့စဉ် သတင်း အခြေအနေကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပြီး ၊ တနေ့ချင်းစီ ဖြတ်သန်းဖို့ပဲ ကြိုးစားရမှာပါ ။ ဘာလို့လဲ ဆိုတော့ အရာရာက အပြောင်းအလဲ ဖြစ်နိုင်လို့ပါ ။ ”

” အားလုံး သိကြတဲ့ အတိုင်း အခြေအနေ က ရှင်းနေပါတယ် ။ ဒီကလပ် ဟာ ရောင်းဖို့ အရောင်းစာရင်း တင်ထားပြီးသားပါ ။ အနာဂတ်မှာ ဒါတွေက သူ့အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ် ။ ဒါပေမယ့် အခုအချိန် အပြင်မှာ ပြောနေကြတာတွေက ခန့်မှန်းမှုတွေသာ ဖြစ်ပါတယ် ။ ”

” အနာဂတ် အကြောင်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ကို ပေးဖို့ ကျွန်တော့မှာ အချက်အလက် တိတိကျကျ မရှိပါဘူး ။ အခု ကျွန်တော်တို့ တနေ့ချင်းစီ ဖြတ်သန်းနေရတယ် ဆိုတာဟာလည်း ကိုယ်ဖြစ်ချင်လို့ မဟုတ်ပဲ ၊ ဖိအားပေးခံရခြင်းကြောင့်သာ ဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ တချို့သော အခြေအနေတွေကို ကျွန်တော်တို့ လွှမ်းမိုးထားလို့ ၊ ထိန်းချုပ်ထားလို့ မရလို့ပါ ။ ”

” တချို့သော အချိုးအကွေ့ တရပ်ရပ်မှာ အခြေအနေတွေက ကိုယ်ထင်ထားသလို မကောင်းနိုင်ပါဘူး ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့မှာ ကြိုးကိုင်ထားစရာ တကြိုးမှ မရှိသလို ၊ ဘယ်သူ့ကိုမှလည်း ကူပါကယ်ပါ ဆိုပြီး လိုက်တောင်းဆိုနေလို့ မရတာကြောင့်ပါ ။ ”

” တခြား တဖက်မှာ ကျွန်တော်တို့ဟာ ဒီ အခြေအနေကြောင့် ကိုယ်လုပ်ရမယ့် အလုပ်ကို အာရုံစိုက်ဖို့ လွတ်လပ်ခွင့် ပိုရလာပါတယ် ။ ဟုတ်ပါတယ် ။ အဓိက က ပထမ အသင်း ဖြစ်ပါတယ် ။ ဒါဟာ အစဉ်အလာ ကြီးမားတဲ့ ထိပ်တန်း ပရီးမီးယားလိဂ် ကလပ် တသင်းပါ ။ ”

” လက်ရှိ အသင်းမှာ ကျွန်တော် အပါအဝင် ကစားသမားတွေနဲ့ ဝန်ထမ်း အချို့ထက် ပိုပြီး စိုးရိမ်ကြောင့်ကြမှု များနေတဲ့ လူတွေ ရာနဲ့ချီ ရှိနေတယ်လို့ ကျွန်တော် ပြောရဲပါတယ် ။ သူတို့ အတွက် ကျွန်တော်တို့ဟာ အာရုံလွှဲပေးတဲ့ အနေနဲ့ ကစားရတဲ့ ပွဲတွေမှာ စိတ်ဓာတ် မြှင့်တင်ပေးဖို့ လုပ်နေကြပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR