မန်ယူနိုက်တက် နဲ့ အက်သလက်တီကို မက်ဒရစ်ကြားက ကြီးမားတဲ့ ကွာဟချက်ကို ထောက်ပြလိုက်ကြတဲ့ ဖာဒီနန် ၊ပေါလ်စခိုးလ်

ဒီကနေ့ နံနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေမှာ အိမ်ရှင် အသင်းတွေဟာ ရှုံးပွဲ ကြုံတွေ့ ခဲ့ရပြီး နှစ်ကျော့ပေါင်း ရလဒ်တွေမှာ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာ ခဲ့ရပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အိမ်ကွင်း အိုးထရက်ဖိုဒ့် မှာ စပိန် လာလီဂါ ကလပ် အက်သလက် တီကို မက်ဒရစ် အသင်းကို ၀-၁ နဲ့ ရှုံးနိမ့်ပြီး နှစ်ကျော့ပေါင်း ရလဒ် ၁-၂ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို လက်ပြ နှုတ်ဆက် ခဲ့ရတာပါ ။

အက်သလက်တီကို မက်ဒရစ် အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ လိုဒီ က သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ် ။ မန်ယူနိုက်တက် ဂန္တဝင် တွေ ဖြစ်ကြတဲ့ ပေါလ်စခိုးလ် နဲ့ ဖာဒီနန် တို့ကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရမှုဟာ အသင်းကို ဦးဆောင်မယ့်သူ မရှိခြင်း နဲ့ တိကျသေချာတဲ့ အစီအစဉ် ရှိမနေခြင်းတို့ကြောင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဖာဒီနန် က BT sport မှာ ” အသင်း နှစ်သင်းကြား အဓိက ကွဲပြား ခြားနားမှု က အက်သလက်တီကိုမှာက အသင်းအတွက် ယုံကြည် အားထားရတဲ့ ကစားသမား အစုအဖွဲ့ ရှိနေပါတယ် ၊ မန်နေဂျာ ပြောတဲ့ အတိုင်း တောင်းဆိုတဲ့ အတိုင်း တသွေမသိမ်း လိုက်လုပ်နိုင်တဲ့ ကစားသမားတွေ ရှိပါတယ် ။ ”

” သူတို့ လုပ်ရမယ့် အလုပ်ကို ကောင်းကောင်း နားလည် သဘောပေါက်ကြပြီး အတူတကွ ပူးပေါင်းလုပ်ဆောင် ကြပါတယ် ။ မန်ယူနိုက်တက် အသင်းကျတော့ တစ်ယောက် နဲ့ တစ်ယောက်ပဲ ကြည့်နေကြပါတယ် ၊ သူတို့ ပုံစံက ဒီလို အခြေအနေ က ဘယ်သူက ကယ်တငိ ဆွဲထုတ်ပေးမလဲ ဘယ်သူက မှော်ဆန်ဆန် လုပ်ပြမလဲ ဆိုတာကို စောင့်ဆိုင်းနေပုံပဲ ပေါ်နေပါတယ် ။ ”

” အသင်းအတွက် မှန်ကန် သင့်တော်တဲ့ နည်းပြ ရလာခဲ့ရင်တောင် နှစ်နှစ် သုံးနှစ်လောက် အချိန်ယူပြီးမှ ချန်ပီယံဆု စိန်ခေါ်ဖို့ အကြောင်း ပြောရမှာပါ ၊ အခု လက်ရှိမှာတော့ မန်စီးတီး လီဗာပူး တို့နဲ့ အဆင့်အတန်း ကွာဟမှုက မြင့်မား နေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပေါလ်စခိုးလ် ကလည်း ” နည်းပြ နဲ့ အဓိက သက်ဆိုင်ပါတယ် ၊ သင့်တော်တဲ့ နည်းပြ တစ်ယောက်ရဖို့ အရေးကြီးဆုံးပါပဲ ။ ယူနိုက်တက် ရဲ့ ကစားသမား အစုအဖွဲ့က ဆိုးဆိုးရွားရွားကြီး မဟုတ်ပါဘူး ၊ structure တစ်ခု ကစားပုံတစ်ခုသာ တည်ဆောက်နိုင်ခဲ့ရင် အသင်းမှာ အရည်အသွေးရှိ ကစားသမား အချို့လည်း ရှိနေပါတယ် ။ယူနိုက်တက် အထက်က အသင်းတွေလောက် အရည်အသွေးမြင့် ကစားသမား မရှိတာတော့ ကျွန်တော်တို့လည်း သိပါတယ် ။ ”

” သူတို့ ပထမဦးဆုံး လုပ်ဆောင်ရမှာက အောင်မြင်မှုတွေ ရယူဖို့ထက် အသင်းနဲ့ ကိုက်ညီတဲ့ နည်းပြ ရှာဖွေဖို့ပါ ။ အသင်း နဲ့ အံ့ဝင် ကိုက်ညီမယ့် နည်းပြကို အချိန် ၂ နှစ်လောက်ပေး တည်ဆောက် ခိုင်းပြီးမှ ချန်ပီယံဆုတွေ စိန်ခေါ်ဖို့ အကြောင်း စဉ်းစားရမှာ ဖြစ်ပါတယ် ။ ”

” အက်သလက်တီကို မက်ဒရစ် က မန်ယူနိုက်တက် ထက် ပိုကောင်းတဲ့ အသင်း မဟုတ်ပါဘူး ၊ ဒါပေမယ့် သူတို့မှာ ကျွန်တော်တို့ထက် ပိုကောင်းတဲ့ နည်းပြ ရှိနေပါတယ် ၊ ဆီမြွန်နီ သာ ယူနိုက်တက် ကို ကိုင်တွယ်နေရင် ယူနိုက်တက် နောက်တစ်ဆင့် တက်သွားမှာပါ ။ ”

” အသင်း ကို ဦးဆောင်နိုင်တဲ့ နည်းပြက ကစားသမားတွေဆီက အကောင်းဆုံးတွေကို ဆွဲထုတ်နိုင်ပါတယ် ။နည်းပြကို ဝေဖန် ပြောဆိုတာနေတာ မဟုတ်ဘူးနော်၊ သူက တကယ့်လူကောင်းပါ ၊ ကျွန်တော် သူ့အင်တာဗျူးတွေကိုလည်း သဘောကျပါတယ် ၊ သူက ရိုးသားမှု အပြည့် ရှိပါတယ် ၊ ဒါပေမယ့် သူ့ကို နည်းပြ အဖြစ် ဘယ်လောက်ကြာကြာ ခန့်အပ်မလဲဆိုတာ ကျွန်တော် မသိပါဘူး ၊ ခြောက်လ လား ခြောက်ပတ် လား ခြောက်ပွဲလား မသိပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM