“မန်ယူနိုက်တက် နဲ့ ပတ်သက်ပြီး ရွိုင်ကင်း ပြောတာမှားတယ်” – ခရစ်ဆတ်တန်

မန်ချက်စတာ ယူနိုက်တက် နဲ့ ပတ်သက်ပြီး ရွိုင်ကင်း ပြောခဲ့တဲ့ စကားက သက်ညှာလွန်းတယ်လို့ ထင်မိတာက ကျွန်တော် ပထမဆုံးများ ဖြစ်နေမလား ။

မန်ချက်စတာ ဒါဘီ အပြီးမှာ ရွိုင်ကင်း က ယူနိုက်တက် က ၅ ယောက် ၆ ယောက်လောက်ဟာ ဒီ အသင်းမှာ ဘယ်တော့မှ မကစားသင့်တော့ဘူးလို့ ပြောခဲ့တာပါ ။

ကျွန်တော် ကတော့ ဒီထက်ပိုများသင့်တယ်လို့ ထင်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက သူတို့ အသင်းဟာ ပရီးမီးယားလိဂ် နဲ့ ချန်ပီယံလိဂ် တွေကို ဝင်လု နိုင်တဲ့ အသင်း တသင်း အဖြစ် မြင်တွေ့ချင် တာပါ ။

ဒီလိုမျိုး ဖြစ်ဖို့ ဆိုရင် လက်ရှိ ကစားနေတဲ့ အထဲက ရွိုင်းကင်း ပြောတဲ့ ပမာဏ ထက် ၂ ဆလောက်ကို ဖယ်ထုတ်ပစ်မှ ဖြစ်နိုင် ပါမယ် ။

တနင်္ဂနွေ တုန်းက မန်စီးတီး တအား ကောင်းခဲ့ ပါတယ် ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် လိုမျိုး ဘောလုံးပိုင်ဆိုင်မှု ၉၂% လောက်ထိ ပြိုင်ဘက်ကို ပေးဆော့တဲ့ အသင်းမျိုး ကျွန်တော် မှတ်မိ သလောက် မရှိသေး ပါဘူး ။

 

သူတို့ ကိုယ်တိုင် ကိုယ်က ဒီပွဲ ကို မြန်မြန်ပြီးသွားဖို့ ဆန္ဒ ရှိနေကြတာပါ ။

အာဆင်နယ် ဆိုရင် မီကေး အာတီတာ က သူ့ကို ယုံကြည်ပေးဖို့ ပြောပြီး အသင်းကို အစီအစဉ် အတိုင်း တည်ဆောက် နေပါတယ် ။

အခု သူတို့ အနေအထားက လိုအပ်ချက်တွေ တဖြည်းဖြည်း ဖြည့်ဆည်း လာနိုင်တဲ့ အသင်းဖြစ်နေ ပါပြီ ။

မန်ချက်စတာ ယူနိုက်တက် ကတော့ လိုပြီးရင် လိုနေတုန်း ပါပဲ ။

အခု ယူနိုက်တက် မှာ ဘယ်သူတွေ ဆက်ရှိနေသင့်လဲ ၊ ဘယ်သူတွေ သွားသင့်လဲဆိုတာ တယောက်ချင်း ကျွန်တော် သုံးသပ်ပြပါမယ် ။

ဒါးဗစ် ဒဟဲယား

အသင်းမှာ ဆက်ရှိနေဖို့ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပထမဆုံး စဉ်းစားမိတဲ့ သူပါ ။ လက်ရှိ ပရီးမီးယားလိဂ် ရဲ့ ကာကွယ်မှု အများဆုံး ဂိုးသမား က ဘယ်သူလဲ . . . ဒဟဲယားပါ ။ သူ့ကို လုံလုံလောက်လောက် အကာကွယ် မပေးနိုင်တဲ့ ခံစစ်ကို ပွဲတိုင်း ရှေ့မှာ ထားပြီး ကစားနေရတာပါ ။ သူမှ ဆက်ရှိမနေသင့်ရင် ဘယ်သူမှ ရှိမနေသင့် တော့ပါဘူး ။

အာရွန်ဝမ် ဘစ်ဆာကာ

ဘစ်ဆာကာ က ညံ့ဖျင်းတဲ့ ညာနောက်ခံလူ တယောက်လား ၊ မဟုတ်ပါဘူး ။ ဒါပေမယ့် ရစ်ဆီဂျိမ်းစ် ၊ အလက်ဇန်းဒါး အာနိုး နဲ့ ကိုင်လ်ဝေါ်ကာ တို့လို ညာအစွန်တွေ ရှိနေတဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ရင်တော့ ဘစ်ဆာကာ က ခြေလှမ်းတွေ အများကြီး နောက်ကျ ကျန်နေ ခဲ့ပါပြီ ။

ပိုကောင်းတဲ့အသင်း ဖြစ်ချင်ရင်တော့ ဘစ်ဆာကာ ကို ဖြုတ်ရမှာပါပဲ ။

ဗစ်တာလင်ဒီလော့ဖ်

စီးတီး ကစားသမားတွေ လုပ်ချင်တိုင်း လုပ်တာကို ရပ်ကြည့်နေရလောက်အောင် တုံးအ တဲ့ နောက်ခံလူမျိုး မန်ချက်စတာ ယူနိုက်တက် မှာ မရှိသင့်တော့ ပါဘူး ။ လင်ဒီလော့ဖ် က အသင်းဖော်တွေကို အကူအညီ မပေး နိုင်သလို သူ့ကိုယ်သူတောင် မကူညီ နိုင်တဲ့သူပါ ။ သူ့ကိုလည်း ရှင်းထုတ်ရမှာပါပဲ ။

ဟယ်ရီမက်ဂွဲယား

ဒီတယောက် ကတော့ ကျွန်တော် မပြောလည်း ပရိသတ်တွေ က ရှင်းထုတ် စေချင် နေတဲ့သူပါ ။

လက်စတာ တုန်းက မက်ဂွဲယား ရဲ့ အနေအထားက မဆိုးပါဘူး ။ အခုလည်း သူ့ရဲ့ အရည်အသွေး အချို့ ကို ပြနေတုန်းပါပဲ ။ ပြဿနာ က အသင်းခေါင်းဆောင် လက်ပတ် ရယ် မန်ချက်စတာ ယူနိုက်တက် ဆိုတဲ့ ဖိအားတွေရယ်ပါ ။ ဒါတွေကို မက်ဂွဲယား မခံနိုင်ပါဘူး ။

အဲလက်စ် တဲလက်စ်

နောက်တန်း အစွန်လူတွေ က လက်ရှိ ထိပ်တန်း အသင်းတွေမှာ အရေးပါသူတွေ ဖြစ်နေကြပါပြီ ။ မန်ချက်စတာ ယူနိုက်တက် ကတော့ နောက်ခံ အစွန်လူတွေ နဲ့ ပြဿနာတက်နေ တုန်းပါပဲ ။

တဲလက်စ် က ဘစ်ဆာကာ လိုပဲ မဆိုးလှတဲ့ နောက်ခံလူပါ ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလိုပါပဲ . . . ကန်ဆယ်လို ၊ ရောဘတ်ဆန် တို့နဲ့ သွားနှိုင်းလိုက်ရင်တော့ တဲလက်စ် လည်း မလုံလောက်တဲ့သူ ဖြစ်သွား ခဲ့ပါပြီ ။

စကော့ မက် တော်မီနေး

တော်မီနေး ကို ဆက်ထိန်းထားသင့်တယ်လို့ ပြောရင် အံ့အားသင့်တဲ့သူတွေ မနည်းမနော ရှိမှာပါ ။

ဟုတ်ပါတယ် ။ ဒီ စကော့သား ဟာ ပွဲကြီးတွေမှာ ယုံကြည်လို့ သိပ်မရပါဘူး ။ ဒါပေမယ့် သူ့မှာ ယူနိုက်တက် ရဲ့ စိတ်ဓါတ်တွေ အပြည့်အ၀ ရှိနေပြီး နည်းပြ ပြောသမျှ ကို နာခံမယ့် ကစားသမားမျိုးပါ ။ အများကြီး သင်ယူ လေ့လာဖို့ လိုနေတာလည်း အမှန်ပါပဲ ။

ပိုကောင်းလာမယ်လို့ ယူဆပြီး အလောင်းအစားလုပ်ကြည့် စေချင်ပါတယ် ။

ဖရက်ဒ်

ကျွန်တော်သာ နည်းပြ ဆိုရင် နွေရာသီမှာ ဖရက်ဒ် ကို ရောင်းထုတ် လိုက်မှာပါ ။ သူက စည်းကမ်း လိုက်နာမှု အားနည်းပါတယ် ။ ဘောလုံးနောက်ကို လိုက်နေတာ နဲ့ မတူပါဘူး ဘောလုံးဘေးမှာ ပတ်ပြေးနေတဲ့သူနဲ့ တူပါတယ် ။ တစ္စေတကောင်လို ပြိုင်ဘက် အနားမှာ ကပ်လိုက်နေပေမယ့် အဲ့ဒိ တစ္စေ က ရှိလို့ ရှိမှန်း မသိရတဲ့ တစ္စေပါ ။ သူ့ကို ရောင်းလိုက်လို့ ယူနိုက်တက် ပရိသတ်တွေ ဝမ်းနည်းမှာ မဟုတ်ပါဘူး ။

အန်တိုနီ အီလန်ဂါ

ငယ်တယ် ၊ အစွမ်းကုန် ပေးဆပ်တယ် ၊ နာခံတယ် ၊ ပြီးတော့ အကြမ်းထည်လေးပါ ။ နည်းပြ ရဲ့ ပုံသွင်းမှု အပေါ် မူတည်ပြီး အများကြီး ကောင်းလာနိုင်ပါတယ် ။

သူ နောက်ဆုံး ကစားခဲ့တဲ့ ပွဲတွေကို ကြည့်ပြီး ဒီကလေး ဟာ အသင်းမှာ ဆက်ရှိနေဖို့ သင့်တဲ့ ကောင်လေးပဲလို့ ကျွန်တော် မြန်မြန် ဆုံးဖြတ်နိုင်ခဲ့ ပါတယ် ။

ပေါ့ဘာ

သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ဂျာစီဝတ် အခန်းတွေ က တော်သင့်ပါပြီ ။ အရည်အသွေး က ပြောဖို့ မလိုပေမယ့် စိတ်ဓါတ် နဲ့ ခံယူချက်တွေ မပါဘူး ဆိုရင် ဒီအရည် အသွေးတွေက အကောင်းဆုံး ဖြစ်မလာ နိုင်ပါဘူး ။

ပေါ့ဘာ ကိုယ်တိုင်လည်း ယူနိုက်တက် ကနေ ထွက်ဖို့ စိတ်ကူးထားပြီး ဖြစ်မှာပါ ။

ဆန်ချို

အသင်းမှာ ဆက်ထိန်းထားသင့်တဲ့ ကစားသမားမျိုးပါပဲ ။ ဆန်ချီု ဟာ ယူနိုက်တက် ပရိသတ်တွေကို ဖျော်ဖြေမှု တွေ ပေးနိုင်ပြီး အနာဂါတ်မှာ အခုထက် ပိုပြီး အားကိုး ရနိုင်ပါတယ် ။ လက်ရှိ အသင်းမှာ ပုံစံမှန် နေတဲ့ ရှားရှား ပါးပါး ကစားသမားတွေ ထဲက တဦးပါ ။

ဘရူနို ဖာနန်ဒက်စ်

ဒီရာသီ ဖာနန်ဒက်စ် ရဲ့ ခြေစွမ်းကို သဘောမတွေ့သူတွေ များနိုင်ပါတယ် ။ ဒါပေမယ့် မနှစ်တုန်းက သူ ဘာတွေ လုပ်ပြခဲ့သလဲ ဆိုတာ မမေ့သင့် ပါဘူး ။ ဘရူနို ဖာနန်ဒက်စ် ဟာ လက်ရှိ ယူနိုက်တက် အသင်းမှာ တဦးချင်း စွမ်းဆောင်မှု မှတ်တမ်း အကောင်းဆုံး ကစားသမားပါ ။ ကြိုးလည်း ကြိုးစားပါတယ် ။

ဒါပေမယ့် မသင့်တော်တဲ့ တာဝန်မျိုး ( ဥပမာ အသင်းခေါင်းဆောင် ) တွေပေးပြီး ဝန်ပိစေတာမျိုးတွေ ကိုတော့ ကျွန်တော် မလိုလားပါဘူး ။

ရက်ဖိုဒ့်

ယူနိုက်တက် ကနေ ထွက်သင့်ပြီလို့ ရက်ဖိုဒ့် ကို အကြံပေးသံတွေ ကြားမိပါတယ် ။ ဒါကတော့ သူ့သဘော ပါပဲ ။ ဒီကလပ် မှာ အောင်မြင်မယ် ၊ မအောင်မြင်နိုင်ဘူး ဆိုတာ သူ့ အပေါ်ပဲ မူတည် မှာပါ ။ အသင်းရဲ့ ပုံစံ ကျသွားတာထက် သူ့ရဲ့ ပုံစံ ကျသွားတာက ပိုလို့တောင် ဆိုးနေပါသေးတယ် ။

အခု ရက်ဖိုဒ့် က လွန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်က ရက်ဖိုဒ့် မဟုတ်နေပါဘူး ။ အခုချိန်မှာ သူ့ကို ဘယ်သူမှ မောင်မောင် ခေါ်မှာ မဟုတ်တာတော့ သေချာပါတယ် ။

ခရစ္စတီယာနို ရိုနယ်ဒို

အသက် ၃၇ နှစ် ထိ သူ့ရဲ့ နိုင်လိုစိတ် ၊ ရယူလိုစိတ် နဲ့ ကြိုးစားလိုစိတ်တွေ က တကယ့်ကို အံ့မခန်း ပါပဲ ။

ဒါပေမယ့် သူက မန်ချက်စတာ ယူနိုက်တက် နဲ့ မကိုက်ပါဘူး ။ ယူနိုက်တက် အခု လိုအပ်နေတာက တကိုယ်တော် အစွမ်း နဲ့ ထိုးဖောက်နိုင်တဲ့ ငယ်ရွယ် သန်မာ ဖြတ်လတ် တဲ့ တိုက်စစ်မှူးပါ ။ ရိုနယ်ဒို က ဒါတွေ လုပ်ဖို့ အချိန် လွန်ခဲ့ပါပြီ ။

ယူနိုက်တက် ဟာ ရိုနယ်ဒို ကို ကွင်းထဲမှာထက် ကွင်းပြင်ပ ကိစ္စတွေ အတွက် ရည်ရွယ်ပြီ ခေါ်ခဲ့တာလို့ ကျွန်တော် အပါအဝင် အတော်များများက ယုံကြည် နေကြပါပြီ ။

ကွင်းထဲက ခြေစွမ်းတွေ အတွက်တော့ သူ့ကို အပြစ်တင်စရာ မရှိပါဘူး ၊ သူက ၃၇ နှစ်ပါ ။ ဒီထက် ပိုပြီး ဘာတွေများ မျှော်လင့် နေကြတာလဲ . . .

နောက်ထပ် ထုတ်သင့်တဲ့ ကစားသမားတွေ ကတော့ လင်ဂတ် ၊ ကာဗာနီ ၊ ဘိုင်လီ တို့ပါပဲ ။ မာတစ် ၊ မာတာ တို့လို သက်ကြီး ကစားသမားတွေလည်း စာချုပ်ပြည့်ရင် ထွက်သွား ကြမှာပါ ။

ရှော ၊ ဒါးလော့ တို့ကိုတော့ ဆက်ထားစေချင်ပါတယ် ။

ဒီလောက်ပါပဲ . . .

ဒေးလီးမေးလ် သတင်းဌာန ရဲ့ သုံးသပ်တင်ဆက်သူ ခရစ် ဆတ်တွန် ရဲ့ ဆောင်းပါး ကို ပြန်လည် ဖော်ပြ ထားခြင်း ဖြစ်ပါတယ် ။

 

SPORTS MYANMAR