မန်ယူနိုက်တက် နည်းပြသစ် ဘယ်သူဖြစ်လာမလဲ? ဆိုတာနဲ့ ပက်သက်ပြီး အမြင်တွေကွဲခဲ့ကြတဲ့ ရီဗယ်ဒို နဲ့ မက်ကွိုက်စ်

လက်ရှိ အိုင်ယက် အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ်တန်းဟတ်ဟာ ယခုတစ်ပတ် အစောပိုင်းမှာ မန်ချက်စတာယူနိုက်တက် တာ၀န်ရှိသူတွေနဲ့ အိုးထရပ်ဖို့ဒ်ကလပ်ရဲ့ နည်းပြရာထူး အတွက် အင်တာဗျူး လုပ်ခဲ့ပြီး ထွက်ပေါ်နေတဲ့ သတင်းများအရ ဆွေးနွေးမှုဟာ အပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဟာ အခြား candidate တွေကို ဆက်လက် အင်တာဗျူးသွားအုံးမှာ ဖြစ်ပြီး ဒီထဲမှာ ပီအက်ဂျီ နည်းပြ ပိုချက်တီနို ၊ ဆီဗီလာနည်းပြ လိုပီတီဂီ နဲ့ စပိန် နည်းပြ လူး၀စ်အန်နရီကေး တို့လည်း ပါ၀င်နေတယ်လို့ သိရပါတယ်။

လက်ရှိ အနေအထားအရ ကတော့ တန်းဟတ်ဟာ ဒီရာထူး အတွက် ရေပန်းအစားဆုံး ဖြစ်တယ်လို့ သိရပြီး ဘရာဇီး လက်ရွေးစင်ဟောင်း ရီဗယ်ဒို ကတော့ အဲရစ်တန်းဟတ်ဟာ ယူနိုက်တက် အတွက် အရမ်းကို ကောင်းတဲ့ ခေါ်ယူမှု ဖြစ်လာလ်ိမ့်မယ်လို့ သုံးသပ်လိုက်ပြီး ၎င်းရဲ့ style of football ဟာ ကလပ်နဲ့ အံ၀င်ခွင်ကျ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

ရီဗယ်ဒိုက “ဒီတစ်ပတ်မှာ ထွက်ပေါ်ခဲ့တဲ့ သတင်းများအရ မန်ချက်စတာယူနိုက်တက် အသင်းဟာ သူတို့ရဲ့ လာမည့် မန်နေဂျာ ရာထူးနဲ့ ပက်သက်ပြီး အဲရစ်တန်းဟတ် နဲ့ စကားပြောခဲ့တယ်လို့ သိရပါတယ်။ သူဟာ အခုချိန်မှာ betting တွေမှာ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ အိုင်ယက်ဟာ ဒီနယ်သာလန်သား လုပ်ပြထားခဲ့တာတွေကို ကြည့်လိုက်ပါ။ သူဟာ ယူနိုက်တက်ရဲ့ လာမည့် မန်နေဂျာ ရာထူးအတွက် အရမ်းကို ကောင်းတဲ့ option ဖြစ်တယ် ဆိုတာ အသေအချာပါပဲ။ သူဟာ ထူးချွန်လှတဲ့ နည်းပြတစ်ဦးပါ။

သူ့ရဲ့ တိုက်စစ် အသားပေးပြီး ဆွဲဆောင်မှု ရှိတဲ့ ကစားဟန်ဟာ ယူနိုက်တက်တို့ လိုချင်တဲ့ အချက်နဲ့ အံကိုက်ပါပဲ။ သူ့ရဲ့ အိုင်ယက် အသင်း ကစားတာကို ကြည့်ရတာဟာ ကြည်နူးစရာပါပဲ။ ဒါ့ကြောင့် ထိပ်တန်း ကစားသမားတွေ အများကြီး ရှိနေတဲ့ ယူနိုက်တက် လူစာရင်းကို သူ ဘယ်လို လုပ်ပြသွားမလဲ ဆိုတာ စိတ်ကူးကြည့်တာနဲ့တင် ရင်ခုန်စရာ ကောင်းပါတယ်။ သူဟာ မန်ယူနိုက်တက် အတွက် အရမ်းကို ကောင်းတဲ့ ခေါ်ယူမှု တစ်ခု ဖြစ်လာမှာပါ။” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

စကော့တလန် ဂန္တ၀င် အလီမက်ကွိုက်စ် ကတော့ လာမည့် နွေရာသီ မန်ယူနိုက်တက် နည်းပြ ရာထူးအတွက် အန်တိုနီယိုကွန်တီ ကိုလည်း လုံး၀ ဖယ်ထုတ်ထားလို့ မရပါဘူးလို့ ပြောခဲ့ပါတယ်။

မက်ကွိုက်စ်က “ကျွန်တော်ကတော့ ပြီးခဲ့တဲ့နှစ်ကုန်က မန်ယူနိုက်တက်ဟာ အန်တိုနီယိုကွန်တီလို နည်းပြမျိုးကို မခန့်အပ်တာ အခွင့်အရေးကောင်းကို လွဲချော်ခဲ့ခြင်းလို့ပဲ ထင်ပါတယ်။ သာမန်အခြေအနေမှာ ဒါဟာ လွဲချော်လို့ မရတဲ့ အခွင့်အရေး ဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးမှာ ကိုယ့်ကို အံ့အားမသင့်စေတာ ဘာမှ မရှိပါဘူး။ ပိုချက်တီနို အနေနဲ့ စပါးကို ပြန်ချင်တယ်ဆိုတဲ့ သတင်းတွေကိုလည်း ကြားနေရမှာပါ။ သူဟာ ယူနိုက်တက်ကို ဒီလောက် အကြိုက်ကြီး မဟုတ်ပါဘူး။ ဒါ့ကြောင့် ကွန်တီ ယူနိုက်တက်ကို ပြောင်းရွေ့နိုင်တဲ့ ကိစ္စကို ဖယ်ထုတ်လို့ မရပါဘူး။

ကွန်တီလိုချင်တဲ့ တစ်ခုတည်းသော အရာက ငွေကြေး ထောက်ပံ့မှုပါပဲ။ သူဟာ စပါးမှာ ဒါနဲ့ ပက်သက်ပြီး မပျော်မရွင် ဖြစ်နေပါတယ်။ သူဟာ ထူးခြားတဲ့ အင်တားဗျူးတစ်ချို့ကို လုပ်ခဲ့ပြီး သူ့ရဲ့ မှတ်ချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ ယူနိုက်တက်မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိနေပါတယ်။ ဒါပေမယ့် သူတို့ဟာ အရမ်းကောင်းတဲ့ အသင်းမဟုတ်ပါဘူး။ ကွန်တီဟာ သူတို့ကို အသင်းကောင်း ဖြစ်လာအောင် ပုံသွင်းပေးနိုင်မှာပါ။ ဒါဟာ တကယ့် အပြောင်းအလဲကို လုပ်သွားဖို့ အချိန်ကောင်းပါပဲ။” လို့ ဆိုခဲ့ပါတယ်။

SM