မန်ယူနိုက်တက် ထက်စာရင် ဒန်ကလန်ရိုက်စ် ရွေးချယ်သင့်တဲ့ ကလပ်ကို အကြံပေးလိုက်တဲ့ အဘွန်လာဟေ

ဂါဘီအဘွန်လာဟောက ၀က်ဟမ်း ဒန်ကလန်ရိုက်စ် အနေနဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းချင်ပမလား ဆိုကာ မေးခွန်းထုတ်သွားခဲ့ပြီး ရီးရဲယ်မက်ဒရစ် အသင်းကသာ ထိပ်တန်း အသင်းကြီးတွေ လိုချင်နေတဲ့ အင်္ဂလန် စတား အတွက် ပိုမို ဆွဲဆောင်မှု ရှိတဲ့ ကလပ် ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ရိုက်စ်ဟာ ဒီရာသီ မှာလည်း ၀က်ဟမ်း အသင်းရဲ့ ကွင်းလယ်ပိုင်းကနေ အထူး ခြေစွမ်းပြ ကစားလျက် ရှိနေပြန်တာကြောင့် နွေရာသီမှာ ထိပ်တန်း အသင်းကြီးတွေရဲ့ ပစ်မှတ် ဖြစ်လာဖို့ ရှိနေပါတယ်။

၀က်ဟမ်း အသင်းကတော့ အင်္ဂလန် လက်ရွေးစင် အတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ ရမှသာ လက်ခံ စဉ်းစားသွားဖို့ ရှိနေပြီး ၎င်းကို မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့က စိတ်၀င်စားမှုတွေ ပြသနေခဲ့ပါတယ်။ ဒါပေမယ့် ချဲလ်ဆီး ပိုင်ရှင် ရိုမန်အေဗရာမိုဗစ် အပေါ် ဆန်ရှင်ချမှတ်ခဲ့မှုကြောင့် လက်ရှိအချိန်မှာ အိုးထရပ်ဖို့ဒ်ကလပ် ကသာ ရိုက်စ် ပြောင်းရွေ့နိုင်တဲ့ တစ်ခုတည်းသော ပရီးမီးယားလိဂ် ကလပ် အဖြစ် ရှိနေပါတယ်။

အက်စတွန်ဗီလာ တိုက်စစ်မှုးဟောင်း ဖြစ်သူ အဘွန်လာဟောက ၀က်ဟမ်း စတား အနေနဲ့ ပြည်ပကလပ်ကို ပြောင်းရွေ့ဖို့လည်း စဉ်းစား သွားသင့်တယ်လို့ အကြံပြုသွား ခဲ့ပါတယ်။

အဘွန်လာဟောက “ကျွန်တော် မန်စီးတီးကို ကြည့်လိုက်တဲ့ အခါမှာ သူတို့ရဲ့ ကွင်းလယ်မှာ ရိုဒရီ ရှိနေပါတယ်။ ဖာနန်ဒင်ညိုဟာ မကြာခင်မှာ မန်စီးတီး ကနေ ထွက်ခွာဖို့ ရှိနေတယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ရိုဒရီဟာ နောက်ပိုင်းမှာ မန်စီးတီး အတွက် ပွဲတွေ အမြောက်အများ ကစားနေရပြီး သူတို့ရဲ့ ကစားဟန်နဲ့လည်း ကိုက်ညီတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါ့ကြောင့် မန်စီးတီးဟာ သူ့အတွက် option မဖြစ်နိုင်ပါဘူး။

ကျွန်တော် ချဲလ်ဆီးကို ကြည့်လိုက်တဲ့ အခါမှာ သူတို့ဟာ အခုချိန်မှာ ကစားသမားတွေ ၀ယ်လို့ မရနိုင်ပါဘူး။ လီဗာပူးမှာ ဆိုရင်လည်း ဖာဘင်ညို နဲ့ ဟန်ဒါဆန် တို့ ရှိနေပါတယ်။ မန်ယူနိုက်တက်ဟာ သူ ပြောင်းရွေ့ချင်တဲ့ တစ်ခုတည်းသော ကလပ် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူဟာ ဆုဖလားတွေ ဆွတ်ခူးချင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်တဲ့သူ ဖြစ်ပါတယ်။ ရိုက်စ် အနေနဲ့ ဥရောပရဲ့ အခြား ကလပ်တွေကို ရှာဖွေ သွားနိုင်ပါတယ်။

အကယ်၍ ကျွန်တော်သာ ရိုက်စ် ဆိုရင် ပြည်ပကလပ်တွေကို ပယ်ချသွားမှာ မဟုတ်ပါဘူး။ ရီးရဲယ်မက်ဒရစ် အသင်း ကိုလည်း ပယ်ချသွားမှာ မဟုတ်ပါဘူး။ ခင်ဗျားတို့ တိုနီကရူးစ်ကို ကြည့်လိုက်ပါ။ သူဟာ တစ်ဖြည်းဖြည်း ကျလာနေပါပြီ။ လူကာမိုဒရစ် ဆိုရင်လည်း အကောင်းဆုံး လုပ်ပြနေဆဲ ဖြစ်ပေမယ့် တစ်ဖြည်းဖြည်းနဲ့ ကျဆင်းလာတော့မှာပါ။

ကျွန်တော်သာ ဆိုရင် မန်ယူနိုက်တက် ထက်စာရင် ရီးရဲယ်မက်ဒရစ်ကိုပဲ သွားမှာပါ။ ကစားသမားတွေဟာ အိုးထရပ်ဖို့ဒ်မှာ ပျော်ရွှင်နေတဲ့ပုံ မရှိပါဘူး။ ရိုက်စ်ဟာ ပျော်ပျော်နေတက်တဲ့ ကစားသမားပါ။ သူဟာ ၀က်ဟမ်းမှာ ဘောလုံး ကစားရတာ ပျော်ရွှင်နေတဲ့ ပုံစံပါပဲ။ ဒီလိုမျိုး အနုတ်လက္ခဏာဆောင်တဲ့ ပတ်၀န်းကျင်ကို သူသွားချင်ပမလား?” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်ပြီး ဗီလာ တိုက်စစ်မှုးဟောင်းက “ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ သူ အင်္ဂလန် အသင်းနဲ့ သွားရောက် ပူးပေါင်းတဲ့ အခါ ကစားသမားတွေ အားလုံးဟာ ချန်ပီယံလိဂ် အကြောင်းကို ပြောနေကြမှာပါ။ ကစားသမား တစ်ဦး အနေနဲ့ ရိုက်စ်ဟာ ကွင်းလယ်နေရာမှာ ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဆိုတာ အားလုံး သိကြမှာပါ။ ရိုက်စ်ဟာ လာမည့် ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားချင်နေမှာပါ။ မန်ယူနိုက်တက် တို့ ကမ်းလှမ်းလာတာကို စောင့်မျှော် မနေပါနဲ့။” လို့ တိုက်တွန်းခဲ့ ပါတယ်။

SM