မန်ယူနိုက်တက် ကို ပြောင်းချင်ရင် ရိုနယ်ဒို အကြောင်းအရင် စဉ်းစားဖို့ ဟယ်ရီကိန်း ကို ရော့ဘ်ဆင် တိုက်တွန်းပြောဆို

တော့တင်ဟမ် ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်း အနေနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေပါက ခရစ္စတီယာနို ရိုနယ်ဒို နဲ့ အဆင်မပြေ ဖြစ်နိုင်ချေ ရှိတာကို ထည့်တွက် သင့်တယ်လို့ ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း စတီးဝတ် ရော့ဘ်ဆင် က တိုက်တွန်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ လက်ရှိမှာ အသင်းကို ကာလရှည် ကိုင်တွယ်နိုင်မယ့် အမြဲတမ်း နည်းပြ တယောက်ကို ခန့်အပ် နိုင်ဖို့ အတွက် စာရင်းပြုစု ထားသူတွေကို တွေ့ဆုံ ဆွေးနွေး အင်တာဗျူး ပြုလုပ် နေပါတယ် ။

နည်းပြသစ် ဘယ်သူဆိုတာ မသေချာ သေးပေမယ့် တိုက်စစ်မှူး တယောက် ၊ ကွင်းလယ် ခံစစ်သမား တယောက် ၊ တောင်ပံ လူ တယောက် နဲ့ နောက်တန်းကို အားဖြည့်ဖို့ ဆိုတဲ့ သတင်းတွေ ကတော့ ကျယ်ကျယ် လောင်လောင် ထွက်ပေါ်လို့ နေပါပြီ ။

အဲ့ဒိ အထဲကမှ တိုက်စစ်မှူး နေရာကိုတော့ ဟယ်ရီကိန်း က ရေပန်း အစားဆုံး ဖြစ်လို့ နေပါတယ် ။

စတီးဝတ် ရော့ဘ်ဆင် ကတော့ ယူနိုက်တက် ကို ပြောင်းဖို့ စဉ်းစား နေသူတွေ အနေနဲ့ နည်းပြသစ် ဘယ်သူ ဖြစ်လာမယ် ဆိုတာကို စောင့်ကြည့် သင့်ကြောင်း နဲ့ ဟယ်ရီကိန်း နဲ့ ရိုနယ်ဒို တို့ ၂ ယောက်စလုံး ကို တပြိုင်နက်တည်း အသုံးပြုဖို့ ခက်ခဲ နိုင်တာကြောင့် ကိန်း အနေနဲ့ ရိုနယ်ဒို ရဲ့ တည်ရှိနေမှု အပေါ် စဉ်းစား သင့်တယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

“နည်းပြသစ် မရောက်မချင်း ဘယ်ကစားသမားမှ ယူနိုက်တက် အကြောင်း မစဉ်းစားသင့်သလို ယူနိုက်တက် ကလည်း နည်းပြသစ် ရဲ့ ဆုံးဖြတ်ချက် မပါဘဲ ဟယ်ရီကိန်း ကို ခေါ်မထား သင့်ပါဘူး ။

ကိန်း ဟာ လက်ရှိမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တယောက်ပါ ။ ဒါပေမယ့် ခရစ္စတီယာနို ရိုနယ်ဒို က ကိန်း အတွက် အရန်ခုံ ထိုင်ပေးမယ့် ကစားသမားမျိုး မဟုတ်ပါဘူး”

“လက်ရှိ မှာ နည်းပြ အတော်များများက ၄-၃-၃ ကို သုံးကြပါတယ် ။ အဲ့လိုမဟုတ်ရင် ၄-၂-၃-၁ ပေါ့ ။ တောင်ပံ ကို ထွက် ကစားမယ့် ၂ ယောက်ရှိမယ် ၊ အလယ်မှာ အထောင် တိုက်စစ်မှူး တယောက် ရှိပါမယ် ။ ကိန်း ရော ရိုနယ်ဒို ရောက တိုက်စစ်မြားဦးမှာ ကစားချင် ကြတာပါ ။ သူတို့ ၂ ယောက်ကို အတူတွဲထားပြီး ကစားဖို့ ခက်ခဲ ပါလိမ့်မယ်”

“ရိုနယ်ဒို က အရင်တုန်းက တောင်ပံ ကစားသမား ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် အခု သူက ဂိုးပို သွင်းရတဲ့ အလယ်မှာပဲ နေချင် နေပါပြီ ။ ယူဗင်တပ် ဟာ ရိုနယ်ဒို ကို တောင်ပံ မှာ ထုတ်ပြီး စမ်းဖူးပါတယ် ။ အဆင်မပြေ ပါဘူး ၊ အလယ်ကိုပဲ ပြန်ပြန် ရောက်လာပါတယ် ။ ယူနိုက်တက် မှာလည်း အတူတူပါပဲ ။ ဒါကြောင့် အထောင် တိုက်စစ်မှူးပဲ ကစားချင်တဲ့ သူ ၂ ယောက်ကို ရှေ့တန်း ၃ ယောက် တိုက်စစ်မှာ အတူထား ကစားလို့ မဖြစ် နိုင်ပါဘူး” လို့ အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူဟောင်း စတီးဝတ် ရော့ဘ်ဆင် ကပြောဆို သွားခဲ့ ပါတယ် ။

ဟယ်ရီကိန်း ကို မန်ယူနိုက်တက် ရဲ့ မြို့ခံ ပြိုင်ဘက် မန်စီးတီး က မနှစ်က နွေရာသီမှာ ချိတ်ဆက်ပြီး ခေါ်ယူဖို့ ကြိုးစား ခဲ့ပေမယ့် မအောင်မြင်ခဲ့ ပါဘူး ။

စီးတီး ဟာ ဟယ်ရီကိန်း ကို အကြိမ်ကြိမ် ကမ်းလှမ်းခဲ့ ပေမယ့် စပါး အသင်းဘက်က တောင်းဆိုတဲ့ ပမာဏ များပြား လွန်းတာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ဘဲ ဖြစ်ခဲ့ပါတယ် ။

SPORTS MYANMAR