မန်ယူနိုက်တက်ဆီ ပြောင်းဖို့ ကာရေဂါရဲ့ တိုက်တွန်းချက် ထွက်ပေါ်ခဲ့ပြီးနောက် ၊ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ခပ်ပြတ်ပြတ်ပဲ တုန့်ပြန်လိုက်တဲ့ တူချယ်

မနေ့က ညနေပိုင်းလောက်မှာ ဗြိတိန် အစိုးရဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ရုရှား – ယူကရိန်း စစ်ပွဲနဲ့ စပ်လျဉ်းပြီး ၊ ချဲလ်ဆီး အသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျ အပါအဝင် အခြားသော ရုရှား ဓနရှင် ၆ဦးကို စီးပွားရေး အရ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

ဒီလို ပိတ်ဆို့ အရေးယူမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေ အနေနဲ့ ချဲလ်ဆီး ဟာ လာမယ့် ပွဲတွေ အတွက် လက်မှတ် အသစ် ထုတ်ရောင်းခွင့် မရတော့သလို ၊ လာမယ့် ရာသီ ကစားသမား အဝင်အထွက် ကိစ္စတွေ စီမံခွင့် မရှိတော့ပါဘူး ။ ဒါ့အပြင် စာချုပ် ပြည့်တော့မယ့် အသင်းသား အချို့ကိုလည်း ရာသီကုန်မှာ အလွတ်နဲ့ လက်လွှတ်ရမယ့် အရေးနဲ့လည်း ရင်ဆိုင်နေရပါတယ် ။

အနာဂတ် မသေချာ မရေရာမှုတွေ များနေတဲ့ အထဲမှာ ချဲလ်ဆီး အသင်းက ဝန်ထမ်း အများအပြား ပါဝင်နေပေမယ့် ၊ ချဲလ်ဆီး နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် က လက်ရှိ ကလပ် အပေါ်မှာပဲ ဆက်လက် သစ္စာ စောင့်သိနေပြီး ၊ စာချုပ် ရှိနေသ၍ ချဲလ်ဆီး အတွက် ပေးဆပ်သွားမယ်လို့ တုန့်ပြန်ခဲ့ပါတယ် ။

ဗြိတိန် အစိုးရဖက်မှ အေဘရာမိုဗစ်ခ်ျထံ sanction ချမှတ်ခဲ့အပြီး ၊ နာရီပိုင်းမှာပဲ လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါမှ တူချယ်ကို လာမယ့် ရာသီ နည်းပြသစ် ခေါ်ယူ ခန့်အပ်နိုင်ဖို့ ရှာပုံတော် ဖွင့်နေတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့သင့်ကြောင်း The Telegraph သတင်းဌာနရဲ့ ဆောင်းပါး တပုဒ်ကတဆင့် တိုက်တွန်းသွားခဲ့ပါတယ် ။

ယင်း ဆောင်းပါး ထွက်လာအပြီး ၊ နာရီပိုင်း အကြာမှာ နောဝှစ်ခ်ျ – ချဲလ်ဆီး ပွဲမတိုင်ခင် BBC Sports နဲ့ တွေ့ဆုံခဲ့တဲ့ ပွဲကြို အင်တာဗျူးမှာ တူချယ် က အေဘရာမိုဗစ်ခ်ျ အပေါ် အရေးယူ ပိတ်ဆို့မှုတွေနဲ့ သူ့ရဲ့ အနာဂတ် အကြောင်းကို အခုလို ခပ်ပြတ်ပြတ်ပဲ တုန့်ပြန် ပြောဆိုသွားခဲ့ပါတယ် ။

တူချယ် က ” အမှန်အတိုင်း ပြောရရင် အနာဂတ် အကြောင်းအရာနဲ့ ပတ်သက်ပြီး ကျွန်တော် ထူးထူးခြားခြား စိုးရိမ်နေတာမျိုး မရှိပါဘူး ။ ဒါပေမယ့် လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေ ကို ကျွန်တော် ကောင်းကောင်းကြီး သတိထားမိပါတယ် ။ အခြေအနေတွေက နေ့စဉ်နဲ့ အမျှ အပြောင်းအလဲ ဖြစ်နေတာပါ ။ ”

” အခုအချိန် အထိ ကျွန်တော် ဟာ ချဲလ်ဆီး အသင်းမှာ ပျော်ရွှင်နေဆဲဖြစ်သလို ၊ ဒီလို တောင့်တင်းတဲ့ ကလပ် တသင်းရဲ့ မန်နေဂျာ ဖြစ်ရတာကိုလည်း ကျွန်တော် ပျော်ရွှင်နေဆဲပါပဲ ။ အပြင်မှာတော့ ကောလဟလတွေ ၊ ထင်မြင်ယူဆချက် အသံဗလံတွေ ဆူညံနေတာ ကျွန်တော် သိပါတယ် ။ ”

” ကျွန်တော့မှာ အနာဂတ် အကြောင်းနဲ့ ပတ်သက်ပြီး ခင်ဗျားတို့ကို ထပ်ပြောစရာ အဖြေ မရှိတော့ပါဘူး ။ လွတ်ငြိမ်းရာ ရောက်တယ် ဆိုတာ ဒီလို အပြင်က အခြေအနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အကြားက အသင်းကို တည်တည်ငြိမ်ငြိမ် ကိုင်တွယ်နိုင်ခြင်း ဖြစ်ပါတယ် ။ ”

” မနေ့ကနဲ့ ဒီနေ့ အကြားမှာ ကြီးမားတဲ့ အပြောင်းအလဲ တရပ် ဖြစ်ခဲ့ပါတယ် ။ လောလောဆယ်မှာ ဘောလုံးနဲ့ ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် က သေသေချာချာ လုံခြုံမှု ပေးထားဆဲ ၊ အကာအကွယ် ပေးထားဆဲ ဖြစ်ပုံပေါ်နေပါတယ် ။ ”

” အခုလို ဘောလုံးပွဲတွေကို စိတ်အေးလက်အေး ဆက်လက် ကိုင်တွယ်နေနိုင်တာကိုပဲ ကျွန်တော့ အနေနဲ့ ကိုယ့်ကိုယ်ကို ကောင်းချီပေးခံထားရတယ်လို့ ခံစားရပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တူချယ်ရဲ့ အထိန်းအကွပ်အောက်မှာပဲ ချဲလ်ဆီး ဟာ မနေ့ည က ကစားခဲ့တဲ့ နောဝှစ်ခ်ျနဲ့ ပွဲကိုလည်း ၁ – ၃ နဲ့ အနိုင်ရခဲ့ပါတယ် ။

SPORTS MYANMAR