မန်ယူနိုက်တက်စတားသာ လီဗာပူးကို ပြောင်းရွေ့ခဲ့မယ်ဆိုရင် အဖိုးတန်လှတဲ့ ကစားသမား ဖြစ်သွားလ်ိမ့်မယ်လို့ ဆိုလိုက်တဲ့ ဒေးဗစ်ဂျိမ်း

လီဗာပူး ဂိုးသမားဟောင်း ဖြစ်သူ ဒေးဗစ်ဂျိမ်းက မားကပ်ရပ်ဖို့ဒ်သာ မန်ချက်စတာယူနိုက်တက် အသင်းမှ အန်ဖီးကို ပြောင်းရွေ့ခဲ့မယ် ဆိုရင် လီဗာပူးမှာ တကယ့်ကို အဖိုးတန်တဲ့ ကစားသမား တစ်ဦး ဖြစ်သွားလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ မန်ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေ အပြင်းအထန် ခံနေရသူ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၉ ပွဲ ကစား ၄ ဂိုးသာ သွင်းထားနိုင်ပါသေးတယ်။

ရပ်ဖို့ဒ်ဟာ ယာယီနည်းပြ ရပ်ဖ်ရန်းနစ်ရဲ့ လက်အောက်မှာ ပွဲကစားခွင့်တွေ နည်းပါးလျက် ရှိနေတာကြောင့် စိတ်ပျက်လျက် ရှိနေတယ်လို့ သိရပြီး သူ့ရဲ့ အနာဂတ်နဲ့ ပက်သက်ပြီး စဉ်းစားလျက် ရှိနေတယ်လို့ ယခုလ အစောပိုင်းမှာ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဂျိမ်းက မန်ယူနိုက်တက်ဟာ ရပ်ဖို့ဒ်ကို အသုံးချတဲ့ အပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဆိုလိုက်ပြီး အင်္ဂလန် တိုက်စစ်မှုး အနေနဲ့ လီဗာပူးကိုသာ ပြောင်းရွေ့လာခဲ့မယ် ဆိုရင် ယာဂန်ကလော့ရဲ့ လက်အောက်မှာ တောက်ပလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂျိမ်းက “မန်ယူနိုက်တက်နဲ့ လီဗာပူး တို့ကြားမှာ ဒီလို ကစားသမား အပြောင်းအရွေ့နဲ့ ပက်သက်ပြီး သမိုင်းကြောင်းတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီနှစ်သင်းစလုံး အတွက် ကစားခဲ့တဲ့ ပေါလ်အင့်ဟာ မန်ချက်စတာယူနိုက်တက် ကနေ အင်တာမီလန်…အဲဒီကနေ တဆင့် လီဗာပူးကို ပြောင်းရွေ့ခဲ့ပါတယ်။ မားကပ်ရပ်ဖို့ဒ် အနေနဲ့ အသက်အရွယ်ပိုင်းအရ လီဗာပူးကို မပြောင်းရွေ့မီ အခြား အသင်းတစ်ခုခုမှာ သွားရောက် ကစားဖို့ အတွက် လုံလောက်တဲ့ ငယ်ရွယ်မှု ရှိနေပါသေးတယ်။ ရေရှည်အစီအစဉ်လို ပုံစံမျိုးနဲ့ ဆိုရင် ဒီလိုမျိုးဟာ ဖြစ်နိုင်ပါသေးတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ လက်ရှိ အသက်အရွယ် အရ အခုချိန်ဟာ သူ့ကို ခေါ်ယူဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ မားကပ်ရပ်ဖို့ဒ်ဟာ မန်ယူနိုက်တက်မှာ ကောင်းကောင်း အသုံးချခြင်း မခံထားရတဲ့ အရင်းအမြစ် တစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်သာ သူနဲ့ အတူ လေ့ကျင့်ခန်းဆင်းဖူးခဲ့တဲ့သူ မဟုတ်တာကြောင့် ကွင်းထဲမှာ သူ့ကို မြင်ရတဲ့ ပုံစံအတိုင်းပဲ ကျွန်တော် ပြောနိုင်ပါတယ်။

ဒါပေမယ့် ကျွန်တော်သာ ဆိုရင် သူ့ကို တောင်ပံတိုက်စစ်ထက် စာရင် အထောင်တိုက်စစ်မှာ ထားကစား သွားမှာပါ။ သူဟာ false-nine နဲ့ အထောင်တိုက်စစ် နေရာမှာ ကစားနိုင်တဲ့ အရည်အသွေး အားလုံးကို ပို်င်ဆိုင်ထားတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါဟာ တောင်ပံမှာထက် ပိုပြီး အလုပ်ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ခင်ဗျားတို့ အနေနဲ့ လီဗာပူးရဲ့ တိုက်စစ် ကစားသမားတွေ ပွဲအတွင်းမှာ နေရာတွေ ချိန်းချိန်း ကစားတာကို ကြည့်လိုက်ပါ။ သူဟာ တောင်ပံမှာကော အထောင်တိုက်စစ်မှာပါ ကစားနိုင်တဲ့ အတွက် အကယ်၍ သူသာ ဒီလီဗာပူး အသင်းမှာ ကစားမယ် ဆိုရင် သူ ကစားချင်သလို ကစားခွင့် ရမှာ ဖြစ်ပါတယ်။ သူဟာ ဒါမျိုး အခွင့်အရေးကို မန်ယူနိုက်တက်မှာ မရဘူးလို့ ကျွန်တော်ထင်ပါတယ်။ သူတို့ဟာ ရော်နယ်ဒိုလို ကစားသမားမျိုးကို အထောင်တိုက်စစ် အတွက် မှီခိုနေပါတယ်။

အကယ်၍ ခါးသီးပြိုင်ဘက်ဆိုတဲ့ အရာကို ထုတ်ပစ်ကာ သီအိုရီပိုင်း အရ ပြောရမယ် ဆိုရင် ကျွန်တော်သာ လီဗာပူး ဆိုရင် သူ့ကို ခေါ်ယူဖို့ ချက်ချင်း ကြိုးစားသွားမှာပါ။ သူဟာ လီဗာပူး အတွက် တကယ့်ကို အဖိုးတန်တဲ့ ကစားသမား တစ်ဦး ဖြစ်သွားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM