မန်စီးတီး ရဲ့ ပြီးပြည့်စုံတဲ့ ဒုတိယပိုင်း ကစားပုံကို ချီးကျုးပြောဆို ခဲ့တဲ့ နည်းပြ ဂွာဒီယိုလာ

မန်ချက်စတာ စီးတီး အသင်းရဲ့ နည်းပြကြီး ပက် ဂွာဒီယိုလာ ဟာ မနေ့ညက မန်ချက်စတာ ဒါဘီ ကို ကစား သွားခဲ့တဲ့ သူ့ကစားသမားတွေ ရဲ့ ခြေစွမ်း အပေါ် ချီးကျုး ပြောဆို သွားခဲ့ ပါတယ် ။

မန်စီးတီး ဟာ မြို့ခံ ပြိုင်ဘက် မန်ယူနိုက်တက် ကို အိမ်ကွင်း အစ်တီဟတ် မှာ ဧည့်ခံ ကစားခဲ့ပြီး ခြေစွမ်း အပြတ် အသတ် အသာ နဲ့ အတူ ၄-၁ ရလဒ် နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

ဒီနိုင်ပွဲကြောင့် စီးတီး ဟာ ဒုတိယ နေရာက လီဗာပူး ကို ၆ မှတ် ဆက်လက် ဖြတ်ထား နိုင်ခဲ့ ပါတယ် ။

ဂွာဒီယိုလာ က မန်စီးတီး ရဲ့ ဒုတိယပိုင်း ကစားပုံကို အလွန် အားရ ခဲ့ပြီး သူ ကိုင်တွယ် လာတဲ့ သက်တမ်း တလျောက် အကောင်းဆုံး ကစားပုံတွေ ထဲက တခုလို့ ထုတ်ဖော် ချီးကျုး သွားခဲ့ ပါတယ် ။

စီးတီး ဟာ ဒုတိယပိုင်း ၁၅ မိနစ် အတွင်းမှာ ဘောလုံး ပိုင်ဆိုင်မှု ၉၂% အထိ ရှိခဲ့ပြီး ယူနိုက်တက် ဘက်ကို အပြည့်အ၀ လွှမ်းမိုး ထားနိုင်ခဲ့ ပါတယ် ။

ပထမပိုင်း ကတည်းက ဒီဘရိုင်းနား ရဲ့ သွင်းဂိုးတွေ နဲ့ ဦးဆောင် ထားနိုင်တဲ့ မန်စီးတီး ဟာ ဒုတိယပိုင်း မှာလည်း မာရက်ဇ် က ၂ ဂိုး ထပ်သွင်းပြီး ၄-၁ နဲ့ ပွဲပြီး သွားစေ ခဲ့တာပဲ ဖြစ်ပါတယ် ။

“ဒုတိယပိုင်း ကစားပုံက အကောင်းဆုံး မဟုတ်ဘူးလို့ ပြောမယ် ဆိုရင် ဘယ်ဟာက အကောင်းဆုံးလဲ ဆိုတာ ကျွန်တော် မပြောပြ တတ်ပါဘူး ။ ကျွန်တော် က ပိုကောင်းတာတွေကို အမြဲ မျှော်လင့် တောင်းဆို နေသူပါ ။

ဒါပေမယ့် ကျွန်တော့မှာရော ကစားသမားတွေ မှာပါ အကန့်အသတ် နဲ့ ရှိတာကိုလည်း သဘောပေါက် ပါတယ်”

“ယူနိုက်တက် က မရှုံးတာ ၈ ပွဲလောက် ရှိပါပြီ ။ သူတို့ ကို ကျွန်တော်တို့ အပြည့်အ၀ လွှမ်းမိုးပြီး အနိုင် ကစားခဲ့ တာပါ ။

ကျွန်တော့လောက် အသင်းကို ဝေဖန်တဲ့သူက ကျွန်တော်ပဲ ရှိပါတယ် ။ ဒါပေမယ့် တကယ် ကောင်းတယ် ဆိုရင် တကယ် ကောင်းတယ်လို့ ပြောရမှာပါပဲ ။

ဒီပွဲမှာ ကျွန်တော့ လူတွေ အရမ်း ကောင်းခဲ့ ပါတယ် ။ အထူးသဖြင့် ဒုတိယပိုင်း ကစားပုံက အကောင်းဆုံး ပါပဲ ။

ဒီထက်တောင် ဂိုးတွေ ပိုသွင်း နိုင်ခဲ့သင့်ပါတယ်” လို့ ဂွာဒီယိုလာ က ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ မနှစ် တုန်းက အစ်တီဟတ် မှာ မန်စီးတီး ကို အနိုင် ကစားခဲ့ဖူး ပါတယ် ။ ဒါပေမယ့် ဂွာဒီယိုလာ က ဒါဟာ သူတို့ အသင်းက ဗိုလ်စွဲဖို့ သေချာ နေပြီ ဖြစ်တာကြောင့် ယူနိုက်တက် ကို အနိုင်ယူဖို့ အခွင့်အရေး ပေးခဲ့တာ ဖြစ်တယ်လို့ ကာကွယ် ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူဟောင်း ရွိုင်ကင်း ကတော့ ယူနိုက်တက် ကစားသမားတွေ ဟာ ဒီပွဲကို ဆက်လက် တိုက်ပွဲဝင်ဖို့ မစိတ်ကူးဘဲ အရှုံးပေးဖို့ ဆုံးဖြတ် ခဲ့ကြတယ်လို့ ယူဆကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ယူနိုက်တက် ဟာ ကာဗာနီ ၊ ဗာရန်း ၊ ခရစ္စတီယာနို ရိုနယ်ဒို တို့ မပါဝင်ဘဲ စီးတီး ကို ရင်ဆိုင် ခဲ့ရတာ ဖြစ်ပြီး မန်စီးတီး ကစားသမားဟောင်း ဂျေဒွန် ဆန်ချို က ယူနိုက်တက် ရဲ့ တလုံးတည်းသော ဂိုးကို သွင်းယူ ပေးသွားခဲ့ ပါတယ် ။

 

SPORTS MYANMAR