မန်စီးတီး နဲ့ ပွဲမှာ အဲဗာတန် ကို ပင်နယ်တီ မပေးခဲ့မိလို့ တရားဝင် တောင်းပန်လိုက်တဲ့ ဒိုင်လူကြီးများ အဖွဲ့ချုပ်

ဒီတစ်ပတ်မှာ ကစားခဲ့တဲ့ မန်စီးတီး နဲ့ အဲဗာတန် တို့ ရဲ့ ပွဲစဉ်ဟာ အငြင်းပွားဖွယ်ရာ ဒိုင် ဆုံးဖြတ်ချက်တွေ နဲ့ အဆုံးသတ်ခဲ့ပါတယ်။ မန်စီးတီး ကလဲ ပရီးမီးယားလိဂ် ချန်ပီယံ တိုက်ပွဲ အသာစီးရဖို့ တိုက်ပွဲဝင်နေတဲ့ အသင်းဖြစ်သလို ၊ အဲဗာတန် ကလဲ တန်းမဆင်းရဖို့ ရုန်းကန်နေတဲ့ အသင်းဖြစ်လို့ ရမှတ်တိုင်းက နှစ်သင်းစလုံး အတွက် အရမ်းကို အရေးပါနေခဲ့ ပါတယ်။

 

မန်စီးတီး က ဦးဆောင်ဂိုး သွင်းထားချိန်မှာ ကွင်းလယ် ခံစစ် ကစားသမား ဖြစ်တဲ့ ရိုဒရီ ဟာ 18 ကိုက် အတွင်း လက်ထိခဲ့ပြီး ၊ ကွင်းလယ် ဒိုင် ပေါလ်တီယာနေး က ပင်နယ်တီ သတ်မှတ်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။ ဒါ့အပြင် VAR ကနေ တဆင့် ပြန်လည် ကြည့်ရှု သုံးသပ်ရာမှာလဲ VAR ဒိုင် ခရစ္စ ကာဗာနာ က လက်ထိဘော အဖြစ် သတ်မှတ်ဖို့ လုံလောက်တဲ့ အနေအထားမျိုး မဟုတ်ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။

 

ဒီ ဆုံးဖြတ်ချက် အပေါ် အဲဗာတန် ပရိသတ်တွေ က တော်တော်လေး ပေါက်ကွဲခဲ့ပါတယ်။ လက်ထောက်နည်းပြ အက်ရှ်လေကိုး ဆိုရင် ဒိုင်လူကြီးကို စောဒက တက်လွန်းလို့ အဝါကဒ် ပြကာ သတိပေး ခံခဲ့ရပါတယ်။

နည်းပြ လမ်းပတ် ကတော့ ဒီ အဖြစ်ပျက်ဟာ ပင်နယ်တီ သေချာပေါက် ပေးရမှာမှန်း သုံးနှစ်အရွယ် ကလေးမျိုးတောင် သိတယ်လို့ မှတ်ချက်ပေးခဲ့ပြီး ၊ သူ့ အနေနဲ့ ပရီးမီးယားလိဂ် ကနေ ပြန်လည် ဖြေရှင်းပေးတာမျိုး ၊ ဒါမှမဟုတ် တောင်းပန်တာမျိုးကို လိုချင်တယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒီညနေပိုင်းမှာတော့ ဒိုင်လူကြီးများ အဖွဲ့ အကြီးအကဲ ဖြစ်သူ မိုက် ရီလေး က အဲဗာတန် ဥက္ကဌ Bill Kenwright နဲ့ နည်းပြ ဖရန့် လမ်းပတ် တို့ဆီ တိုက်ရိုတ် ဖုန်းခေါ်ကာ သူ့ ဒိုင်တွေ ရဲ့ ဆုံးဖြတ်ချက် မှားယွင်းကြောင်း ဝန်ခံခဲ့သလို ၊ တရားဝင် တောင်းပန်မှု ပြုလုပ်သွားတယ်လို့ ဆိုပါတယ်။

PGMOL ဟာ တော်ရုံ ကိစ္စမျိုး နဲ့တော့ အခုလို လူသိရှင်ကြား တောင်ပန်တယ် ဆိုတာ တော်တော်လေး ရှားပါတယ်။

ပရီးမီးယားလိဂ် ပြိုင်ပွဲ ရဲ့ အဆင့်အတန်း မြင့်မားပေမယ့် ၊ ဒိုင်လူကြီးတွေ ရဲ့ ဆုံးဖြတ်ချက် အငြင်းပွာဖွယ်ရာတွေ မကြာခဏ တွေ့ရှိနေရသည့်တိုင်အောင် ၊ အခုလို တရားဝင် တိုက်ရိုတ် တောင်းပန်တာမျိုးတွေ သိပ်မရှိပါဘူး။

ဒီတစ်ကြိမ်မှာတော့ အဲဗာတန် အသင်းဟာ တန်းဆင်းဇုံ တိုက်ပွဲ ဖိအားကို ရောက်နေတဲ့ အတွက် တောင်းပန်တာလဲ ဖြစ်နိုင်နိုင်သလို ၊ ဒိုင်တွေ ရဲ့ ဆုံးဖြတ်ချက် က လုံးဝကို မှားယွင်းသွားတဲ့ အတွက်လဲ ဖြစ်နိုင်ပါတယ်။

အဲဒီပွဲ ကစားပြီးချိန်တုန်း က ဆိုရင် ဘောလုံး ဝေဖန် သုံးသပ်သူတွေ ဖြစ်တဲ့ မီကာရစ်ချတ် ၊ ဂယ်ရီ နဗီးလ် ၊ ပီတာ ခရော့ တို့က ဒိုင်ရဲ့ ဆုံးဖြတ်ချက် အပေါ် ကန့်ကွက်ခဲ့ကြပြီး ၊ ဘယ်လို ပုံစံမျိုး နဲ့ ပင်နယ်တီ မပေးသွားတာလဲ ဆိုတာ နားမလည်နိုင်အောင် ဖြစ်ရတယ်လို့ မှတ်ချက်ပေးခဲ့ ကြပါတယ်။

အဆိုးဆုံး ကတော့ ဒီပွဲ ရလာဒ် အပေါ် စိတ်ဝင် တစားနဲ့ စောင့်ကြည့်နေခဲ့ကြတဲ့ လီဗာပူး ပရိသတ်တွေပါ။ သူတို့ဟာ မန်စီးတီး ကို အစွမ်းကုန် ဖိအားပေးဖို့ ပြင်ဆင်နေတာ ဖြစ်လို့ ၊ ကွင်းလယ် ဒိုင်လူကြီး ပေါလ် တီယာနေး အပေါ် ပိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။

ပေါလ် တီယာနေး ဟာ လီဗာပူး ပရိသတ်တွေ ၊ နည်းပြတွေ နဲ့ မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိပြီး ၊ လီဗာပူး ကို ဆန့်ကျင့်တဲ့ ဆုံးဖြတ်ချက်တွေကို အမြဲတမ်း လုပ်ဆောင်တတ်သူလို့ ခေါင်းစဉ် တပ်ခံထားရသူ ဖြစ်ပါတယ်။

ပွဲက ကစားပြီးသားပြီ ဖြစ်လို့ ရလာဒ်ပိုင်း အရ ပြောင်းလဲ နိုင်ခြင်း မရှိတော့ သလို ၊ နစ်နာတဲ့ အသင်းတွေ အတွက်လဲ ပြန်လည် အစားထိုး ကုစားစရာ ဘာမှ ရှိလာမှာ မဟုတ်ပါဘူး။

SM