မန်စီးတီးနဲ့ ခရစ်စတယ်ပဲလေ့စ်သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် title race အပေါ် မှတ်ချက်ပေးသွားခဲ့တဲ့ ဂယ်ရီနဗီး နဲ့ ကာရေဂါ

ဂယ်ရီနဗီး နဲ့ ဂျေမီကာရေဂါ တို့က title race မှာ ဖိအားတွေက ပိုမို များပြားလာပြီ ဖြစ်တာကြောင့် မန်ချက်စတာစီးတီး နဲ့ လီဗာပူး တို့အနေနဲ့ လာမည့် ပွဲစဉ် အချို့မှာ ပိုမို ခက်ခဲတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ယုံကြည် နေပါတယ်။ စီးတီးဟာ မနေ့ညက ခရစ်စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့ကာ အနီးကပ်ဆုံး ပြိုင်ဘက်ကို ၆ မှတ် ဖြတ်နိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။

စီးတီးဟာ ပဲလေ့စ်ကို လွှမ်းမိုးကစားကာ အခွင့်အရေး များစွာ ဖန်တီး နိုင်ခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းရဲ့ ဂိုးပိုက်ထဲကို ဘောလုံး၀င်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ လီဗာပူးဟာ ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်ကို အမ်းမရိတ်မှာ ရင်ဆိုင်သွားရမှာ ဖြစ်ပြီး စီးတီးနဲ့ တစ်မှတ်အကွာကို ရောက်လာနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။

ကလော့ရဲ့ အသင်းဟာ လက်ရှိ အချိန်မှာ အကောင်းဆုံး ပုံစံ ရနေပြီး လိဂ်ပြိုင်ပွဲမှာ ၈ ပွဲဆက် နိုင်ထားခဲ့ပြီး စီးတီးနဲ့ တစ်ဖြည်းဖြည်း နီးကပ်လာခဲ့ပါတယ်။ ဒီနှစ်သင်းဟာ လာမည့်လ အီတီဟတ်မှာ title race အတွက် အရေးပါလှတဲ့ ပွဲစဉ်ကို ထိပ်တိုက် ရင်ဆိုင်သွားကြရမှာ ဖြစ်ပြီး စီးတီးဟာ အဆိုပါ ပွဲစဉ် မတိုင်မီ ဘန်လေနဲ့ ကစားရမှာ ဖြစ်ပြီး လီဗာပူး ကတော့ ၀က်ဖို့ဒ်နဲ့ ကစားရမှာပါ။

နှစ်သင်းစလုံးဟာ သူတို့ရဲ့ ပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်မယ်လို့ လူအများစုက ယူဆထားခဲ့ပေမယ့်လည်း ဂယ်ရီနဗီးကတော့ ဒီလောက် လွယ်ကူမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ပဲလေ့စ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် နဗီးက “ဒီရလဒ်ကြောင့် လီဗာပူးဟာ ယုံကြည်မှု တစ်ချို့ ရရှိသွားခဲ့ပါတယ်။ မန်စီးတီး အသင်းကတော့ ယုံကြည်မှုတွေ သိပ်ပြီး လျော့ကျသွားလိမ့်မယ်လို့ ကျွန်တော် မထင်မိပါဘူး။ သူတို့ရဲ့ လက်ကျန်ပွဲစဉ်တွေကို ကြည့်ပြီး ဘယ်ပွဲက ခက်ခဲတဲ့ ပွဲစဉ်တွေ ဖြစ်မလဲ ဘယ်ပွဲတွေမှာ သူတို့ ရမှတ်တွေ စုဆောင်းနိုင်မလဲ ဆိုတာ ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် ဒီပွဲတွေကြားမှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်တွေက ၀င်လာမှာပါ။ သူတို့ ဘယ်အသင်းတွေနဲ့ ရင်ဆိုင်သွားရမလဲ ဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူး။

မန်စီးတီး vs လီဗာပူးတို့ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲစဉ်ရဲ့ ပတ်၀န်းကျင်မှာ အရမ်းကို အရေးကြီးလှတဲ့ ချန်ပီယံလိဂ် ပွဲစဉ် နှစ်ပွဲက ရှိနေခဲ့မယ် ဆိုရင် ကိုယ့်ရဲ့ လူစာရင်းနဲ့ ပက်သက်ပြီး အတော်လေး စိန်ခေါ်မှု ကြီးမားနေမှာပါ။ ဘန်လေဟာ ပိုမို ခက်ခဲလာမှာ ဖြစ်သလို ဝုဖ်ကလည်း မန်စီးတီး အတွက် ပိုမို ခက်ခဲတဲ့ ပြိုင်ဘက် ဖြစ်လာမှာပါ။ အခြား တစ်ဖက်မှာလည်း ၀က်ဖို့ဒ်ဟာ အနည်းငယ် ရင်ဆိုင်ရ ခက်ခဲလာမှာ ဖြစ်သလို ဗီလာကလည်း လီဗာပူး အတွက် ဒီလိုမျိုး ပါပဲ။ အရမ်းကို အရေးပါလှတဲ့ ဥရောပ ပွဲစဉ်တွေကို ပွဲစဉ်ဇယားမှာ ထည့်ပေါင်းလိုက်မယ် ဆိုရင် ရိုးရှင်းတယ်လို့ ထင်ရတဲ့ လိဂ်ပွဲစဉ်တွေဟာ အများကြီး ပိုမို ခက်ခဲတဲ့ ပွဲစဉ်တွေ ဖြစ်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ကာရေဂါကလည်း “စီးတီးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေ အတွင်းမှာ လီဗာပူးကို ၆ မှတ်အသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ လက်ကျန် တစ်ပွဲ ကစားရဖို့ ရှိပါတယ်။ ဒါပေမယ့် ၆ မှတ်နဲ့ ဦးဆောင်နေဆဲပါ။ လက်ကျန်ပွဲစဉ်ကို အနိုင်ရမှသာ အမှတ်လျှော့ချနိုင်တယ်လို့ ပြောရမှာပါ။ အာဆင်နယ်နဲ့ ကစားရမယ့် လာမည့် ပွဲစဉ်ဟာ အတော်လေးကို အရေးကြီးတယ်လို့ ကျွန်တော် ခံစားမိပါတယ်။ အကယ်လို့များ လီဗာပူးတို့ အာဆင်နယ်ကို အဝေးကွင်းမှာ နိုင်ခဲ့မယ် ဆိုရင် ဒါဟာ စီးတီးကို စိတ်ပိုင်းဆိုင်ရာမှာ အတော်လေး ထိခိုက်စေမှာပါ။

အာဆင်နယ် အဝေး နဲ့ မန်စီးတီး အဝေးကွင်း ပွဲစဉ်တွေဟာ လီဗာပူးရဲ့ ပွဲစဉ်ဇယားမှာ ကြီးမားတဲ့ ပြသနာ ၂ ခု ဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီပွဲကို အိမ်ကနေ စောင့်ကြည့်နေမှာပါ။ လီဗာပူးသာ အာဆင်နယ်ကို နို်င်သွားခဲ့မယ်ဆိုရင် ၁ မှတ်အကွာကို ရောက်လာမှာပါ။ အဲဒီနောက် သူတို့ ၀က်ဖို့ဒ်နဲ့ ကစားရမှာပါ။ လီဗာပူးတို့ ၀က်ဖို့ဒ်ကို အနိုင်ရမယ်လို့ မျှော်လင့်ထားကြမှာပါ။ လီဗာပူးရဲ့ လာမည့် ၄ ပွဲနဲ့ မန်စီးတီးရဲ့ လာမည့် ၃ ပွဲဟာ title race မှာ ကြီးမားတဲ့ အစိတ်အပိုင်း အဖြစ် ပါ၀င်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့အတွက် အခက်ခဲဆုံး ပွဲစဉ်တွေဟာ အခုချိန်ကနေ စတင်နေပါပြီ။” လို့ ပြောလိုက်ပါတယ်။

SM