ဒီတပတ် မှာတော့ မန်ချက်စတာ စီးတီး နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ရဲ့ ဒါဘီ ပွဲစဉ် က ပရိသတ်တွေ စိတ်ဝင်စားစရာ အကောင်းဆုံး ဖြစ်နေမှာပါ ။
ဒါ့အပြင် လီဗာပူး နဲ့ ဝက်စ်ဟမ်း တို့ရဲ့ ပွဲ ၊ နည်းပြသစ် နဲ့ စဖွင့် လာမယ့် လိဒ်ယူနိုက်တက် ရဲ့ ပွဲတွေ ကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ် ။
ဒါကြောင့် ဒီတပတ် ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် Sky Sports က လူးဝစ် ဂျုံးစ် ရဲ့ ခန့်မှန်းချက်တွေကို ဖော်ပြ ပေးလိုက်ရ ပါတယ် ။
၁ ။ ဘန်လေ – ချဲလ်ဆီး
ဒီပွဲ အတွက် ရွေးစရာ များများ စားစား မရှိပါဘူး ။ ဘန်လေ ဟာ ချဲလ်ဆီး ရဲ့ ပြိုင်ဘက် မဟုတ်သလို ချဲလ်ဆီး ဆီက အမှတ် ခွဲယူ ရလောက်အောင်လည်း လုံလောက်တဲ့ အနေအထား မရှိနေ ပါဘူး ။
ပိုင်ရှင် အပြောင်းအလဲ ဖြစ်တော့မှာမို့ အသင်းသားတွေ အကြား စိတ်သောက ရောက်မှုတွေ ရှိနေ နိုင်ပေမယ့် ချဲလ်ဆီး ကတော့ အနိုင်ရဖို့ လိုအပ်တဲ့ ပွဲတွေကို အနိုင် ကစားနိုင်သေးတယ် ဆိုတာကို FA Cup မှာ ပြသ သွားခဲ့ ပါတယ် ။
လူကာကူ က ဘန်လေ နောက်တန်းလို ကာယ အားပြု ခံစစ်တွေကို ထိုးဖောက်တဲ့ နေရာမှာ ချဲလ်ဆီး အတွက် အထောက် အကူ ဖြစ်စေ နိုင်ပါတယ် ။ သူ ခြေပေါ် မယ် ဆိုရင် ချဲလ်ဆီးတို့ ကစားရ ပိုလွယ်မှာပါ ။
အဲ့ဒိလိုမှ မဟုတ်ရင်လည်း ချဲလ်ဆီးပဲ နိုင်သွားမှာပါ ။ ဂိုးများမယ် နည်းမယ် ဆိုတာပဲ ကွာသွားနိုင်ပါတယ် ။
ခန့်မှန်းချက် – ဘန်လေ ၀ – ၂ ချဲလ်ဆီး
၂ ။ လီဗာပူး – ဝက်စ်ဟမ်း
လန်ဒန် စတေဒီယံ မှာတုန်းကလို အံ့ဖွယ် ပွဲမျိုး ဒီတခါတော့ ဝက်စ်ဟမ်းတို့ လုပ်ပြ နိုင်မယ် မထင်တော့ ပါဘူး ။ လီဗာပူး ကလည်း မန်စီးတီး ကို အမီလိုက်ဖို့ ကြိုးစား နေတဲ့ အချိန်မှာ နောက်ထပ် အမှတ် အလျော့ခံမှာ မဟုတ်တာကြောင့် ဒီပွဲကို ဗိုလ်လုပွဲ တပွဲလို အာရုံစိုက် ကစား သွားမှာပါ ။
ဝက်စ်ဟမ်း နည်းပြ ဒေးဗစ် မိုရက်စ် ရဲ့ လီဗာပူး ကွင်း မှတ်တမ်း ကလည်း အတော် မကောင်းပါဘူး ၊ ၁၆ ကြိမ် မှာ တကြိမ် မှ မနိုင်ခဲ့ဖူးတာပါ ။
ဝက်စ်ဟမ်း အတွက် ကောင်းကွက် တခုပဲ ရှိပါတယ် ။ ဂိုးအများကြီး မပေးရ နိုင်တာပါပဲ ။
ခန့်မှန်းချက် – လီဗာပူး ၂ – ၀ ဝက်စ်ဟမ်း
၃ ။ ဝက်ဖိုဒ့် – အာဆင်နယ်
မီကေး အာတီတာ လက်ထက်မှာ အာဆင်နယ် ရဲ့ တန်းဆင်းဇုန် က အသင်းတွေနဲ့ ရင်ဆိုင်ရမှု မှတ်တမ်းတွေ က တကယ်အားရစရာ ကောင်းပါတယ် ။
အခုလည်း နောက်ထပ် ဂိုးမပေးရဘဲ နိုင်တဲ့ ပွဲတပွဲ ကို အာဆင်နယ် တို့ ရဖို့ အလားအလာ များနေပါတယ် ။
ဝုဗ် နဲ့ ပွဲမှာ အရမ်းကောင်းခဲ့တဲ့ မာတင် အိုဒီဂတ် တယောက် ဒီပွဲမှာရော အာဆင်နယ် ကို ဘယ်လို ဦးဆောင် မောင်းနှင် မလဲ ဆိုတာ စောင့်ကြည့်ဖို့ သင့်ပါတယ် ။
လန်ဒန် မြို့ခံ အသင်းချင်း ဆိုပေမယ့် ၂ သင်း အကြားက အနေအထားတွေက အကွာကြီးပါ ။ အာဆင်နယ် အတွက် သက်တောင့်သက်သာ ရှိတဲ့ နိုင်ပွဲ ဖြစ်လာဖို့ သေချာပါတယ် ။
ခန့်မှန်းချက် – ဝက်ဖိုဒ့် ၀ – ၂ အာဆင်နယ်
၄ ။ မန်ချက်စတာ စီးတီး – မန်ချက်စတာ ယူနိုက်တက်
မန်စီးတီးကို ယူနိုက်တက် တို့ အနိုင် မကစားနိုင် ပါဘူး ။ ဒါပေမယ့် စီးတီး ကရော ယူနိုက်တက် ကို အနိုင် ကစားနိုင် မလားဆိုတာ စိတ်ဝင်စား စရာပါ ။
ပထမ အကျော့ တုန်းကတော့ စီးတီး ဟာ ယူနိုက်တက် ကွင်းမှာ လေ့ကျင့်ခန်း လာဆင်းသလိုမျိုး ကစားသွားခဲ့ ပါတယ် ။
သက်တောင့် သက်သာ ရှိလွန်းတာကြောင့် ဂွာဒီယိုလာ ကိုယ်တိုင် လူစားလဲဖို့ စိတ်မကူးခဲ့ဘူးလို့ ထုတ်ပြောခဲ့ တာပါ ။ အခု သူတို့ ၂ သင်း ပြန်တွေ့ ကြပါပြီ ။
စီးတီး ရဲ့ ခြေစွမ်းက ယူနိုက်တက် ထက် အပုံကြီး သာနေတာကို ငြင်းလို့ မရ ပါဘူး ။ ဒါပေမယ့် ယူနိုက်တက် ကလည်း ရှုံးပွဲ မရှိ တာ အတော်ကြာပါပြီ ။ နိုင်သင့်တဲ့ ပွဲတွေကို မနိုင်ခဲ့ ပေမယ့် အရှုံး မရှိ သေးတာကတော့ ( မိနစ် ၉၀ အတွင်း ) လျော့တွက်လို့ မရတဲ့ အချက်ပါပဲ ။
စီးတီး အတွက် ပထမ အကျော့တုန်းကလို လွယ်ကူတဲ့ ပွဲမျိုး မဖြစ်လာ နိုင်တာတော့ သေချာပါတယ် ။
ဒီတခါတော့ ယူနိုက်တက် က အံ့အားသင့်အောင် လုပ်ပြ နိုင်မလားဆိုတဲ့ ဘက်ကနေ ရပ်ကြည့်ချင် ပါတယ် ။
ခန့်မှန်းချက် – မန်စီးတီး ၁ – ၁ မန်ယူနိုက်တက်
၅ ။ တော့တင်ဟမ် ဟော့စပါး – အဲဗာတန်
တော့တင်ဟမ် ဟော့စပါး ရဲ့ ရလဒ်တွေကို ခန့်မှန်းရတာက လက်ရှိမှာ အခက်ခဲဆုံး ပါပဲ ။ သူတို့ဟာ အကောင်းဆုံး ကစားနိုင်လျက် နဲ့ အကောင်းဆုံး ရလဒ်တွေကို အမြဲ မရယူနိုင်တဲ့ အသင်းတသင်းပါ ။
တပွဲနဲ့ တပွဲ ခြေစွမ်းကလည်း အရမ်းကို ကွာဟမှု ကြီးမား နေပါတယ် ။ နည်းပြ ကွန်တီ ကိုတောင် စိတ်ပျက် စေရလောက်အောင် ပါပဲ ။
အဲဗာတန် ကလည်း ဖရန့် လမ်းပတ် လက်အောက်မှာ အသားမကျ သေးပါဘူး ။ မန်စီးတီး နဲ့ ပွဲမှာ ကစားပုံ ကောင်းခဲ့ ပေမယ့် အားရ လောက်တဲ့ အနေအထားမှာ မရှိနေ သေးတာ အမှန်ပါပဲ ။
ဒီပွဲမှာ ၂ သင်းစလုံးရဲ့ တိုက်စစ်တွေက ခံစစ်တွေကို သူတပြန် ကိုယ်တပြန် ထိုးနှက် ကစားနိုင်ကြမှာပါ ။
ဘယ်သူက ဂိုးပို သွင်းနိုင်မလဲ ဆိုတာက ပွဲရဲ့ အဖြေဖြစ်လာမယ့် ပွဲမျိုးလို့ ပြောရမှာပါပဲ ။ အနိုင် ရလဒ် အတွက် ဆိုရင်တော့ အိမ်ရှင် စပါး ကိုပဲ ရွေးချင်ပါတယ် ။
ခန့်မှန်းချက် – စပါး ၃ – ၁ အဲဗာတန်
အခြားပွဲစဉ် ခန့်မှန်းချက်များ –
၆ ။ လက်စတာ စီးတီး ၃ – ၁ လိဒ်ယူနိုက်တက်
၇ ။ အက်စတွန် ဗီလာ ၁ – ၁ ဆောက်သမ်တန်
၈ ။ နယူးကာဆယ် ၁ – ၀ ဘရိုက်တန်
၉ ။ နောဝှစ်ချ် ၁ – ၁ ဘရန့်ဖိုဒ့်
၁၀ ။ ဝုဗ် ၁ – ၁ ခရစ္စတယ် ပဲလေ့စ်
SPORTS MYANMAR