မန်ချက်စတာဒါဘီ ပွဲစဉ်အပြီး မန်စီးတီးစတား တစ်ဦးကို ကမ္ဘာ့အကောင်းဆုံးလို့ ချီးကျူးလိုက်တဲ့ ပေါလ်စခိုးလ်

မန်ယူနိုက်တက် ဂန္တ၀င် ပေါလ်စခိုးလ်က မနေ့ညက မန်ချက်စတာစီးတီးတို့ မန်ချက်စတာယူနိုက်တက်ကို အီတီဟတ်မှာ ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အထူး ခြေစွမ်းပြ ကစားသွားခဲ့တဲ့ ကယ်ဗင်ဒီဘရိုင်းနားဟာ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ ဒီဘရိုင်းနားဟာ အဆိုပါ ဒါဘီနိုင်ပွဲမှာ စီးတီး အတွက် ၂ ဂိုး သွင်းပေးခဲ့သူ ဖြစ်ပြီး သူ့ရဲ့ အသင်းကို ဒုတိယပိုင်းမှာ ပွဲကို အပြည့်အ၀ ထိန်းချုပ်နိုင်အောင်လည်း ကူညီပေးခဲ့ပါတယ်။

ဒါဟာ အသက် ၃၀ အရွယ် ကွင်းလယ်လူရဲ့ တကယ့်ကို ကောင်းမွန်တဲ့ ကစားပုံ ဖြစ်ပြီး ပြိုင်ဘက် ကစားသမားတွေထက် ခေါင်းတလုံးသာတယ် ဆိုတာကို ပြသသွားခဲ့ကာ ဒီဘရိုင်းနားဟာ လက်ရှိမှာ ပရီးမီးယားလိဂ် သွင်းဂိုး စုစုပေါင်း ၅၁ ဂိုး ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ စခိုးလ်ဟာ ဒီဘရိုင်းနားရဲ့ ဂိုးသွင်းစွမ်းရည်ကိုသာမကဘဲ ဘယ်ဂျီယံစတားရဲ့ ဖန်တီးမှုတွေ ၊ ခံစစ် ကစားပုံတွေနဲ့ ကွင်းထဲက ခေါင်းဆောင်မှု စွမ်းရည်တွေကိုလည်း နှစ်သက်နေပါတယ်။

စခိုးလ်က “သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်လူ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူလည်း ဖြစ်နိုင်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်ရည်ကို လိုက်မှီတဲ့ အခြား ကွင်းလယ်လူကို ကျွန်တော် စဉ်းစားလို့ မရပါဘူး။ သူဟာ အရာအာလုံး လုပ်နိုင်ပါတယ်။ ဘောလုံးပေးပို့မှု အရမ်းကို ကောင်းပြီး ဘောလုံးကို ကောင်းစွာ ထိန်းချုပ် ကစားနိုင်တဲ့ ဒီလို ဘောလုံးသမားမျိုး ရှိနေတာ ကောင်းပါတယ်။

ဒါပေမယ့် သူဟာ ဒါတင်မကပါဘူး။ ဂိုးသွင်းနိုင်တယ် ဂိုးဖန်တီးမှုတွေ လုပ်ပေးတယ်။ ခံစစ်ကို ကူညီပေးကာ သူ့ရဲ့ pass တွေကလည်း တအားကို ကောင်းပါတယ်။ ထိပ်တန်း ကွင်းလယ်လူ တစ်ဦးဆီကနေ လိုချင်တဲ့ အရည်အသွေး အားလုံး သူ့ဆီမှာ ရှိနေပါတယ်။ သူ့ကို ရပ်တန့်ဖို့ဟာ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဘာနာဒိုဆေးလ်ဗား ၊ ဂျက်ဂရီလစ်ခ်ျ နဲ့ ဖီးလ်ဖိုဒန် တို့လို ကစားသမားတွေလည်း ရှိနေလို့ပါ။ သူတို့ဟာ အရမ်းကောင်းတဲ့ အသင်း အရမ်းကောင်းတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပါတယ်။

ဒီဘရိုင်းနားဟာ သူဘောလုံး ရတဲ့ အချိန်တိုင်း ဂိုးရယူဖို့ အကြောင်းပဲ တွေးနေပါတယ်။ သူဟာ ဂိုးဖန်တီးမှု လုပ်ပေးရမလား ဒါမှမဟုတ် ကိုယ်တိုင် ဂိုးသွင်းရမလား ဆိုတဲ့ အကြောင်းပဲ တွေးနေပါတယ်။ ဒါဟာ တကယ့်ကို ကောင်းမွန်တဲ့ attitude ပဲ ဖြစ်ပါတယ်။” လို့ ချီးကျူးသွားပါတယ်။

ဒီဘရိုင်းနားဟာ နောက်ဆုံး ၂ ရာသီအတွင်း ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန် ခဲ့ရသူ ဖြစ်ပေမယ့် မန်နေဂျာ ပက်ဂွာဒီယိုလာက ဘယ်ဂျီယံစတား အနေနဲ့ ဒီပြသနာတွေကို အတိတ်မှာ ချန်ထားနိုင်ခဲ့တဲ့ အတွက် ၀မ်းမြောက်မိတယ်လို့ ဆိုလိုက်ပြီး လက်ရှိမှာ ဒီဘရိုင်းနားဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ပြန်ရနေပြီ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ပက်က “ကယ်ဗင် ပြန်လာပါပြီ။ ဒဏ်ရာပြသနာတွေ ကြုံတွေ့ခဲ့ရပြီးနောက် သူဟာ ရစ်သမ် ပြန်ရဖို့ ရုန်းကန် ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ အခုချိန်မှာ ဂိုးတွေ သွင်းယူနေသလို ပါဝါအပြည့်နဲ့လည်း ကစားနေပါတယ်။ သူဟာ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေထဲက တစ်ဦးပါ။ ဒါ့အပြင် သူဟာ ပြေးလွှားကစားသလို အလုပ်လည်း တအားကြိုးစား ပါတယ်။ ကျွန်တော် ဒီလူ အတွက် တအားကို ဂုဏ်ယူပါတယ်။”

SM