မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်အမှီ ကြံ့ခိုင်မှု ပြန်လည်ပြည့်၀ဖို့ မသေမချာ ဖြစ်နေတဲ့ အလက်ဇန်းဒါးအာနိုး

အလက်ဇန်းဒါးအာနိုးဟာ အမှတ်ပေးဖလား ပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အမှီ ကြံ့ခိုင်မှု ပြန်လည်ပြည့်၀ဖို့ အတွက် မရေမရာ ဖြစ်နေတယ်လို့ သိရပါတယ်။ အင်္ဂလန် ညာနောက်ခံလူဟာ နိုင်ငံတကာပွဲစဉ်တွေ မတိုင်မီ အာဆင်နယ်ကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒူးကောက်ကြော ဒဏ်ရာကြောင့် လာမည့် စနေနေ့ ၀က်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြင် ဘင်ဖီကာကို အဝေးကွင်းမှာ သွားကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ကိုလည်း လွဲချော်မှာ ဖြစ်ပါတယ်။

ပက်ဂွာဒီယိုလာရဲ့ အသင်းနဲ့ လာမည့် ဧပြီလ ၁၀ ရက်နေ့ အီတီဟတ်မှာ ကစားရမယ့် ပွဲစဉ်ဟာ အသက် ၂၃ နှစ်အရွယ် ညာနောက်ခံလူ ပြန်လည် ကစားသွားနိုင်မယ့် ရက်အဖြစ် ယူဆထားခဲ့ကြပါတယ်။ ကလပ်နဲ့ နီးစပ်တဲ့ သတင်း အရင်းအမြစ်တွေ အရ အလက်ဇန်းဒါးအာနိုးရဲ့ ဒဏ်ရာ အနေအထား အရ မန်စီးတီးကို အဝေးကွင်းမှာ သွားရောက် ကစားရမယ့် ပွဲစဉ်ဟာ အင်္ဂလန် စတား အတွက် စောနေသေးတယ်လို့ သိရပါတယ်။

အလက်ဇန်းဒါးအားနိုးဟာ လက်ရှိအချိန်မှာ ဒူဘိုင်းရဲ့ Nad Al Sheba Sports Complex မှာ ပြန်လည် နလန်ထမှုတွေကို လုပ်ဆောင်လျက် ရှိနေပြီး ကာဘီလေ့ကျင့်ရေး စင်တာမှာ အပြည့်အ၀ ပြန်လည် လေ့ကျင့်ခန်းဆင်းနိုင်ဖို့ အတွက် ကျော်ဖြတ်သွားရမယ့် ပြန်လည် နလန်ထ အစီအစဉ် တစ်ချို့ ရှိနေပါသေးတယ်။

အလက်ဇန်းဒါးအာနိုးဟာ ပြီးခဲ့တဲ့ ဒဏ်ရာ ပြသနာတွေ တုန်းကတော့ ထင်ထားတာထက် စောကာ ပြန်လာခဲ့တာကြောင့် မန်စီးတီးနဲ့ ပွဲအမှီ ပြန်ကစားနိုင်လိမ့်မယ်လို့ အကောင်းမြင်ထားကြပေမယ့်လည်း ယာဂန်ကလော့ ကတော့ သူ့ရဲ့ ဖန်တီးမှု အားအကောင်းဆုံး ကစားသမားနဲ့ ပက်သက်ပြီး စွန့်စားမှု လုပ်သွားမှာတော့ မဟုတ်ပါဘူး။

ဒီဒဏ်ရာကြောင့် ဆွစ်ဇာလန် ၊ အိုင်ဗရီကို့စ် တို့နဲ့ ခြေစမ်းပွဲတွေ ကစားသွားမယ့် အင်္ဂလန် အသင်းရဲ့ လူစာရင်း ကနေ နှုတ်ထွက်ခဲ့ရတဲ့ အလက်ဇန်းဒါးအာနိုးဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၁ ကြိမ်ထိ လုပ်ထားခဲ့ကာ ဖန်တီးမှု ဇယားထိပ်မှာ ရပ်တည်နေသူ ဖြစ်ပါတယ်။ အလက်ဇန်းဒါးအာနိုး မပါနိုင်တဲ့ ပွဲစဉ်တွေ မှာတော့ နော့တင်ဟမ်ဖောရက်စ်ကို နိုင်ခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ညာနောက်ခံလူ အဖြစ် ကစားသွားခဲ့တဲ့ ဂျိုးဂိုးမက်ဇ် ကပဲ ဒီနေရာကို ဆက်လက် ထိန်းသိမ်းထားဖို့ ရှိနေပါတယ်။

ဖလား လေးလုံး အိမ်မက်နောက်ကို လိုက်နေတဲ့ လီဗာပူး အသင်းဟာ လာမည့် ဧပြီလ မှာတော့ သူတို့ရဲ့ ဘောလုံး ရာသီကို အဆုံးအဖြတ် ဖြစ်သွားစေနိုင်တဲ့ ပွဲစဉ်တွေကို ကစားသွားရမှာ ဖြစ်ပါတယ်။ နာဘီကီတာ ကလည်း ဖောရက်စ်နဲ့ ပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာ ပြသနာကြောင့် ဂီနီယာရဲ့ လူစာရင်းကနေ ပြီးခဲ့တဲ့ အပတ်က နှုတ်ထွက်ခဲ့ပေမယ့် ဒီဒဏ်ရာဟာ အသေးစား ဒဏ်ရာသာ ဖြစ်တယ်လို့ သိရပါတယ်။

မန်စီးတီးနဲ့ လာမည့် ဧပြီလ ၁၀ရက်နေ့မှာ ကစားသွားရမယ့် ပွဲစဉ်ဟာ လီဗာပူးအတွက် တကယ့်ကို အရေးကြီးလှတဲ့ ပွဲစဉ် ဖြစ်ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ရယူထားကာ ထိပ်ဆုံးက မန်စီးတီးကို ၁ မှတ်အကွာထိ ကပ်လိုက်နိုင်ခဲ့တာ ဖြစ်ပြီး အဲဒီပွဲကိုသာ နိုင်ခဲ့မယ် ဆိုရင် ထိပ်ဆုံးနေရာကို တက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ title race မှာ ၆ မှတ်တန်တဲ့ ပွဲစဉ် အဖြစ် သတ်မှတ်နိုင်ပါတယ်။

SM