မနက်ဖြန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အုပ်စုမဲခွဲပွဲ အကြောင်း သိကောင်းစရာများ

2022 ကမ္ဘာ့ဖလား ဖလား ပြိုင်ပွဲကြီးကို နိုဝင်ဘာလ 21 ရက် ကနေ ဒီဇင်ဘာ လ 18 ရက်နေ့ အထိ ကာတာ နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ လက်ရှိ အနေအထား အရတော့ ပြိုင်ပွဲဝင် အသင်းတွေ အားလုံးနီးပါး ပေါ်ထွက်လုနီးပါး ဖြစ်နေပါပြီ။

စုစုပေါင်း ပြိုင်ပွဲဝင် အသင်းပေါင်း 32 သင်း သတ်မှတ်ထားချိန်မှာ 29 သင်း အထိ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

အုပ်စု အဆင့် မဲခွဲပွဲကိုတော့ မနက်ဖြန် မြန်မာ စံချိန်တော်ချိန် ည 10.30 အချိန် ၊ အိမ်ရှင် ကာတာ နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဘယ်လို သတ်မှတ်ချက်တွေ နဲ့ မဲအိုး ခွဲတမ်းမှာ နေရာယူမလဲ?
————

ကာတာ ဟာ လက်ရှိ ကမ္ဘာ့အဆင့် သတ်မှတ်ချက် 52 ဖြစ်သော်လဲ ၊ အိမ်ရှင် ဖြစ်နေတဲ့ အတွက် မဲအိုး 1 မှာ နေရာယူခွင့်ရမှာ ဖြစ်ပါတယ်။ ဒါက ထုံးစံ အဖြစ် သတ်မှတ်ထားတဲ့ စည်းကမ်းပါ။

အဲဒီနောက် ခြေစစ်ပွဲအောင်ထားတဲ့ 28 သင်း ဟာ ဖီဖာ ကမ္ဘာ့အဆင့် သတ်မှတ်ချက် အရ အမြင့်ဆုံး 7 သင်းက မဲအိုး 1 မှာ ဆက်လက် နေရာယူထားရမှာ ဖြစ်ပြီး ၊ သူ့ထက် နိမ့်တဲ့ 8 သင်းက မဲအိုး 2 မှာ လည်းကောင်း ၊ သူ့ထက် ပိုနိမ့်တဲ့ 8 သင်း က မဲအိုး 3 နဲ့ အနိမ့်ဆုံး 8 သင်းက မဲအိုး 4 မှာ ထိုင်ကြရမှာပါ။

မဲအိုး တစ်ခုထဲမှာ ထိုင်ခွင့်ရတဲ့ အသင်းတိုင်းဟာ အုပ်စုတွင်းမှာ တစ်အုပ်စုထဲ လုံး၀ ကျရောက်မှာ မဟုတ်ပါဘူး။ လက်ရှိ အနေအထား အရ မဲအိုးရပ်တည်မှုကို ကြည့်ရင် အောက်ပါ အတိုင်းတွေ့ရပါတယ်။

 

မဲအိုး 1
1. ကာတာ
2. ဘရာဇီး
3. ဘယ်လ်ဂျီယံ
4. ပြင်သစ်
5. အာဂျင်တီးနား
6. အင်္ဂလန်
7. စပိန်
8. ပေါ်တူဂီ

မဲအိုး 2
1. မက္ကဆီကို
2. နယ်သာလန်
3. ဒိန်းမတ်
4. ဂျာမဏီ
5. ဥရုဂွေး
6. ဆွစ်ဇာလန်
7. အမေရိကန်
8. ကနေဒါ

မဲအိုး 3
1. ဆီနီဂေါ
2. အီရန်
3. ဂျပန်
4. မော်ရိုကို
5. ဆားဘီးယား
6. ပိုလန်
7. တောင်ကိုရီးယား
8. တူနီးရှား

မဲအိုး 4
1. ကင်မရွန်း
2. ကနေဒါ
3. အီကွေဒေါ
4. ဆော်ဒီ အာရေဗျ
5. ဂါနာ
6. ဝေးလ် vs စကော့တလန်/ယူကရိန်း
7. ကော်စတာ ရီကာ vs နယူး ဇီလန်
8. ပီရူး vs သြစတေးလျ vs UAE

တို့ ဖြစ်ပါတယ်။

မဲနှိုက်တဲ့ အချိန်မှာ ကမ္ဘာ့ဖလား အိမ်ရှင် အဖြစ် ကျင်းပမယ့် ကာတာ အသင်းက အဖွင့်ကစားရမှာ ဖြစ်လို့ မဲအိုး 1 မှာ ရှိတဲ့ ကာတာ ဟာ Group A မှာ အလိုအလျှောက် နေရာယူရမှာပါ။ အဲဒီနောက်မှာတော့ မဲအိုး 1 မှာ ရှိတဲ့ လက်ကျန် 7 သင်းကို Group B/C/D/E/F/G/H အဖြစ် ဆက်ပြီး ခွဲသွားမှာ ဖြစ်ပါတယ်။

အဲဒီ အတိုင်းပဲ မဲအိုး 2 ၊ မဲအိုး 3 ၊ မဲအိုး 4 က အသင်းတွေကိုလဲ ဆက်ပြီး မဲခွဲသွားမှာပါ။

ထူးခြားတဲ့ ကန့်သတ်ချက် အနေနဲ့တော့ တိုက်ကြီး တစ်တိုက် အတွင်းက အဖွဲ့ဝင် ဘောလုံးအသင်း အချင်းချင်း တွေ့မှာ မဟုတ်ပါဘူး။ ဥပမာ ပေးရင် အာရှ အသင်းတွေ ဖြစ်တဲ့ ဆော်ဒီ နဲ့ ကာတာ တို့ဟာ တစ်အုပ်စုထဲကို ကျရောက်မှာ မဟုတ်သလို ၊ အီကွေဒေါ က မဲအိုး 4 မှာ ရှိနေပေမယ့် မဲအိုး 1 က ဘရာဇီး နဲ့ အတူတူ တစ်အုပ်စုထဲ ကျမှာ မဟုတ်ပါဘူး။

သို့သော် ဥရောပ က ပြိုင်ပွဲဝင် 13 သင်း အထိ ခြေစစ်ပွဲ အောင်မြင်ထားတာကြောင့် အဆိုပါ စည်းမျဉ်းကို လိုက်နာဖို့ မဖြစ်နိုင်ပြန်ပါဘူး ၊ ဒါကြောင့်မို့ ဥရောပ အသင်းတွေ အနေနဲ့ တစ်အုပ်စုထဲမှာ အများဆုံး 2 သင်း အထိ ပါဝင်ခွင့် ပေးထားပါတယ်။

အုပ်စု ပွဲစဉ် ဇယားတွေကို မဲခွဲပြီးတဲ့ တစ်ပြိုင် နဲ့ ဖီဖာ က တရားဝင် ထုတ်ပြန် ကြေငြာပေးသွားမှာ ဖြစ်ပါတယ်။

SM