မကျေပွဲနွှဲချင်နေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံနေခြင်း အပေါ် မှတ်ချက်ပေးလိုက်တဲ့ တူချယ်

မနေ့ညနေက ဆွစ်ဇာလန် နိုင်ငံ ၊ နီယွန်မြို့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ် အဆင့် မဲခွဲမှုတွေ ပြုလုပ်ခဲ့ရာ ၊ လက်ရှိ ချန်ပီယံ ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက် ရင်ဆိုင်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ထပ်မံ တွေ့ဆုံရဦးမှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ရာသီမှာတုန်းက ချဲလ်ဆီး ဟာ ရီးရဲလ်မက်ဒရစ်ကို ၂ကျော့ပေါင်း ရလဒ် ၃ – ၁ နဲ့ အနိုင်ရကာ ၊ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် ၊ ဖိုင်နယ်မှာ မန်စီးတီးကို ၁ – ၀ နဲ့ အနိုင်ရပြီး ၊ ကလပ် သမိုင်းတလျှောက် ဒုတိယ အကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ် ။

ချဲလ်ဆီး ဟာ ပြီးခဲ့တဲ့ ၁၆သင်း ရှုံးထွက်အဆင့်မှာ ပြင်သစ် ချန်ပီယံ လိုင်လီ အသင်းကို ၂ကျော့ပေါင်း ရလဒ် ၄ – ၁ နဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီး ၊ ရီးရဲလ်မက်ဒရစ် ကတော့ ပီအက်စ်ဂျီ အသင်းကို ၂ကျော့ပေါင်း ရလဒ် ၃ – ၂ နဲ့ အနိုင်ရကာ ၊ ကွာတားဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ် ။

မနှစ်က မကျေပွဲ ပြန်နွှဲမှာ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ထပ်မံ ထိပ်တိုက်တွေ့ဆုံနေခြင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အခုလိုပဲ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ် ။

တူချယ် က ” ခက်ခဲတဲ့ မဲခွဲမှုပါပဲ ။ ဒုတိယ အကျော့ ဘာနေဗျူးမှာ ရီးရဲလ်မက်ဒရစ် ပရိသတ်တွေရဲ့ ရှေ့မှောက် ကစားရမှာလောက် ပိုပြီး ခက်ခဲမယ့် ပွဲမျိုး မရှိနိုင်တော့ပါဘူး ။ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှု တရပ် ဖြစ်ပေမယ့် ၊ ဒီပွဲအတွက် ကျွန်တော်တို့ အရမ်း စိတ်လှုပ်ရှားနေကြပါတယ် ။ ”

” ဘယ်လိုပွဲမျိုး ဖြစ်လာမယ် ဆိုတာ ကျွန်တော်တို့ သိထားတာကြောင့် ၊ ဒါက ခက်ခဲပြီး စိတ်လှုပ်ရှားဖွယ်ရာ စိန်ခေါ်မှု တရပ် ဖြစ်မှာတော့ အသေအချာပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး တူချယ် က ကွာတားဖိုင်နယ်မှာ အင်္ဂလိပ် ကလပ် အသင်း အချင်းချင်း ရှောင်လွှဲနိုင်ခဲ့တဲ့ အပေါ် အခုလိုပဲ ထပ်မံ မှတ်ချက်ပြုခဲ့ပြန်ပါတယ် ။

တူချယ် က ” ဒီအဆင့်မှာ အင်္ဂလိပ် ကလပ် အချင်းချင်း ရှောင်လွှဲနိုင်ခဲ့တာ က အရေးမကြီးပါဘူး ။ ဒါပေမယ့် ဥရောပ ချန်ပီယံလိဂ် ညချမ်းတွေ ဖြစ်တာကြောင့် မရှောင်လွှဲနိုင်ခဲ့ရင်လည်း အမြဲတမ်း ကြီးကျယ်နေမှာပါ ။ အခြား ဥရောပ ကလပ်တွေနဲ့ ဒီအဆင့်မှာ ထိပ်တိုက်တွေ့ဆုံတာ ကောင်းပေမယ့် ၊ ပြည်တွင်းလိဂ်မှာ မကြာခဏ ရင်ဆိုင်ဖူးတဲ့ တသင်းသင်းနဲ့ ဒီအဆင့်မှာ မဆုံချင်တာတော့ အမှန်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်း ဟာ ပိုင်ရှင်သစ် အတည်ပြု မဖြစ်လာခင် အထိ ဗြိတိန် အစိုးရမှ ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျထံ ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက် ခံစားရဦးမှာ ဖြစ်လို့ ၊ ပရိသတ်တွေ အတွက် လက်မှတ် ရောင်းချဖို့ ကိစ္စဟာလည်း လမ်းကြောင်း ပြန်လှည့်ဖို့ အခက်အခဲ များစွာ ရှိနိုင်ပါတယ် ။

လက်ရှိ ပုံစံအတိုင်းသာဆိုရင် ပထမအကျော့ စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ အိမ်ကွင်း ပရိသတ် အနည်းငယ်နဲ့ပဲ ချဲလ်ဆီးတို့ ကစားရနိုင်ပြီး ၊ တူချယ် ကတော့ ဒါဟာ ၄င်းတို့ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တရပ် ဖြစ်လာနိုင်ပေမယ့် ၊ ဖြေရှင်းချက် အမြန်ဆုံး ရှာဖွေနိုင်ဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟခဲ့ပါတယ် ။

တူချယ် က ” ဒါက ကျွန်တော်တို့ အတွက် ဆုံးရှုံး နစ်နာမှု တရပ် ဖြစ်လာနိုင်ပါတယ် ။ ယေဘူယျအားဖြင့် ပုံမှန် ပွဲတပွဲမှာ ပရိသတ် အင်အားရဲ့ ပွဲအဖြေကို အပြောင်းအလဲ လုပ်ပေးနိုင်စွမ်း ရှိပါတယ် ။ ဒီတော့ ဖြေရှင်းချက် အသစ် ရှာဖွေနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ် ။ ”

” ဒီအတွက် ကလပ် တာဝန်ရှိသူတွေနဲ့ ဘုတ်အဖွဲ့ဝင် အားလုံး ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကြိုးစားကြမှာ သေချာပါတယ် ။ ပရိသတ်တွေ လက်မှတ်ပြန်ဝယ်ခွင့်ရဖို့ ဖြစ်နိုင်ခြေ ဘယ်လောက်ထိ ရှိမယ်ဆိုတာ ကျွန်တော် မသိပေမယ့် ၊ ချန်ပီယံလိဂ်ရဲ့ ဒီလို အဆင့်တွေမှာ ပရိသတ် ပါခြင်း ၊ မပါခြင်းက အရမ်း ကွဲပြားခြားနားပါလိမ့်မယ် ။ ဒီတော့ တနည်းနည်းနဲ့ ကျွန်တော်တို့ အဖြေရှာနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR