မက်ဆီ ကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ရမှု အပေါ် ဘာကြောင့် စိတ်မကောင်း မဖြစ်ခဲ့တာလဲဆိုတာ လာပေါ်တာ ထုတ်ဖော်ပြောဆို

ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌ ဟိုအန် လာပေါ်တာ က သူ့အနေနဲ့ လီယွန်နယ် မက်ဆီ ကို လက်လွှတ်ဖို့ ဆုံးဖြတ် ခဲ့ရမှုနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဝမ်းနည်း မဖြစ်မိ ပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ မှာ အကယ်ဒမီ ကစားသမား ဘ၀ ကတည်းက ကစားလာခဲ့တဲ့ မက်ဆီ ဟာ ပြီးခဲ့တဲ့ နွေရာသီ မှာတော့ အသင်းရဲ့ ဘဏ္ဍာရေး အကြပ်အတည်း တွေကြောင့် စာချုပ်သစ် ပြန်လည် မချုပ်ဆို နိုင်ခဲ့ဘဲ လမ်းခွဲ ခဲ့ရ ပါတယ် ။

အသင်း လက်မဲ့ ဖြစ်သွားတဲ့ မက်ဆီ ကို ဥရောပ ထိပ်သီး အသင်းတွေက ဝိုင်းဝန်း ချိတ်ဆက် ခဲ့ပေမယ့် အာဂျင်တီးနားသား ကတော့ PSG ကို ရွေးချယ် သွားခဲ့ ပါတယ် ။

လာပေါ်တာ ဟာ ဘာစီလိုနာ ရဲ့ ကွင်းတွင်း အခြေအနေတွေ အပေါ် ရိုက်ခတ်မှု ကြီးမား နေတဲ့ ကွင်းပြင်ပ ကိစ္စတွေကို ဖြေရှင်းပေး နိုင်ဖို့ အတွက် ဥက္ကဌ ရာထူးကို ဒုတိယ အကြိမ် ရယူ နိုင်ခဲ့ ပါတယ် ။

ဥက္ကဌ အဖြစ် မဲဆွယ်ခဲ့ချိန် တုန်းက မက်ဆီ ကို ဆက်ထိန်းထားမယ် လို့ ပြောခဲ့ဖူး ပေမယ့် တကယ်တမ်း မှာတော့ သူကိုယ်တိုင် လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။

အခုချိန် မှာတော့ လာပေါ်တာ က မက်ဆီ ကို လက်လွှတ်ရတာဟာ ဝမ်းနည်းစရာ အခိုက်အတန့်လို့ သတ်မှတ် နိုင်ပေမယ့် သူ့ အနေနဲ့ ပြန်တွေးပြီး စိတ်မကောင်း မဖြစ်မိကြောင်း ၊ ကလပ် အသင်းကို အစဉ် နံပါတ် ၁ ဦးစားပေးဖို့ ဆုံးဖြတ် ထားတဲ့ သူ့ရဲ့ ကံကြမ္မာသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ဒါက တကယ် နာကျင်ရ ပါတယ် ။ ကျွန်တော့ ဘ၀ မှာ မြင်ခဲ့ရတဲ့ ဝမ်းအနည်းရဆုံး အခိုက်အတန့် ပါပဲ ။ ဒါပေမယ့် ဒီအတွက် ပြန်တွေးပြီး စိတ်မကောင်း ဖြစ်နေမှာတော့ မဟုတ်ပါဘူး ။

အသင်းရဲ့ ဆိုးရွား နေတဲ့ အခြေအနေတွေကို ထိန်းသိမ်းဖို့ တာဝန်ကို ကျွန်တော် ယူထားရတာပါ ။ ဒီအတွက် အသင်းကို ပထမဦးစားပေး နေရာက ထားပြီး စဉ်းစားရ မှာပါပဲ” လို့ မွန်ဒို ဒီပို့တီပို သတင်းဌာနက နေ တဆင့် ပြန်လည် ထုတ်လွှင့် ခဲ့တဲ့ ဘာစီလိုနာ ရုပ်သံ အစီအစဉ် မှာ လာပေါ်တာ က ပြောဆို ခဲ့တာပဲ ဖြစ်ပါတယ် ။

ဘာစီလိုနာ ဟာ မက်ဆီ မရှိတော့တဲ့ ဒီရာသီ အစမှာ ကြီးမားတဲ့ ကျဆင်းမှု နဲ့ ကြုံခဲ့ရပြီး ချန်ပီယံ လိဂ် အုပ်စု အဆင့်ကို ပင် မကျော်လွှား နိုင်ခဲ့ ပါဘူး ။

အဲ့ဒိနောက် မှာတော့ နည်းပြ ကိုးမန်း အပါအဝင် ဒါရိုက်တာ အဖွဲ့ဝင်တွေ အထိ အပြောင်းအလဲ ပြုလုပ်ပြီး ကွင်းလယ်လူဟောင်း ဇာဗီ ကို နည်းပြသစ် အဖြစ် ခန့်အပ် ခဲ့ပါတယ် ။

ဇာဗီ ရောက်လာ အပြီးမှာတော့ ဘာစီလိုနာ ရဲ့ ရလဒ်တွေ အကောင်းဘက်ကို ပြန်ဦးတည်လာခဲ့ပြီး ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထပ်မံရောက်ရှိ လာတဲ့ ကစားသမားတွေ ဟာလည်း အသင်းနဲ့ အလျှင်အမြန် အံဝင်ကာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ ပါတယ် ။

လာပေါ်တာ ကတော့ ဇာဗီ ဟာ ဘာစီလိုနာ ကို ပြန်လည် ပျော်ရွှင်စေမယ့်သူ ဖြစ်တယ်ဆိုတာကို သူ အပြည့်အ၀ ယုံကြည် ထားပါတယ်လို့ ပြောဆို ထောက်ခံ သွားခဲ့ ပါတယ် ။

“ဇာဗီ ဟာ တနေ့မှာ နည်းပြ တယောက် ဖြစ်လာမယ်လို့ ဘာစီလိုနာမှာ ကစားနေကတည်းက ကျွန်တော် သတိထားမိ ခဲ့ ပါတယ် ။

သူက အသိပညာတွေကို ဆင့်ပွား နိုင်တယ် ၊ ပိုကောင်းအောင် လုပ်ပေးနိုင်ပါတယ် ။ ဘာစီလိုနာ ကိုလည်း ချစ်မြတ်နိုးသလို ဒီကလပ် အကြောင်းလည်း ကောင်းကောင်း သိတဲ့သူပါ”

“သူက ပါစင်နယ် နဲ့ လွှမ်းမိုးတတ်တဲ့သူမျိုး မဟုတ်ပါဘူး ။ အသင်းက ဘယ်လို ကစားရင် အကောင်းဆုံး ဖြစ်မယ် ဆိုတာကိုပဲ ညွှန်ပြ ခဲ့တာပါ ။ သူက တကယ့် အလုပ်သမား တယောက်ပါပဲ ။

ဇာဗီ က ဘောလုံး နဲ့ မပြတ် အာရုံစူးစိုက် ထားသူပါ ။ အဲ့ဒါက သူ့ကို အခုလို အနေအထားကို ရောက်လာ စေခဲ့တာပါပဲ ။

သူ့လို နည်းပြမျိုးကို ရလာခဲ့လို့ ကျွန်တော် အရမ်း ကျေနပ်မိ ပါတယ် ။ သူဟာ ကျွန်တော်တို့ကို ပျော်ရွှင် စေမယ့်သူဆိုတာ အသေအချာပါပဲ” လို့ လာပေါ်တာက ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လက်ရှိ လာလီဂါ အမှတ်ပေး ဇယားမှာ အဆင့် ၃ နေရာကို ရယူထားပြီး ဥရောပ မှာတော့ ယူရိုပါလိဂ် ၁၆ သင်းဆင့်ကို တက်လှမ်း ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

 

SPORTS MYANMAR