မက်ဆီ ကို ရောင်းနိုင်တဲ့ PSG ၊ လူ ၅ ယောက်ပေးလဲတော့မယ့် EPL ၊ ဘိုင်ယန်စတားကို မျက်စိကျတဲ့ ရီးရဲ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ပြင်သစ် ထိပ်သီး ကလပ် PSG ဟာ ပြီးခဲ့တဲ့ နွေရာသီ တုန်းက အလွတ် နဲ့ ခေါ်ယူ ထားတဲ့ ရွှေဘောလုံး ၇ ဆုရှင် လီယွန်နယ်မက်ဆီ အတွက် ကမ်းလှမ်း လာမှုတွေကို လာမယ့် နွေရာသီ အပြောင်း အရွှေ့ အတွင်းမှာ နားထောင် စဉ်းစား ပေးသွားဖွယ် ရှိနေတယ်လို့ သတင်း ပေါ်ထွက် လာခဲ့ ပါတယ် ။

ရီးရဲ မက်ဒရစ် နည်းပြကြီး အန်ဆယ်လော့တီ ဟာ ကိုဗစ်ပိုး တွေ့ရှိ ထားတာကြောင့် လာမယ့် လာလီဂါ ပွဲစဉ် ကို ကိုင်တွယ် နိုင်မှာ မဟုတ်ဘဲ နည်းပြအဖွဲ့ဝင် လည်းဖြစ် ၊ အန်ဆယ်လော့တီ ရဲ့ သားလည်း ဖြစ်တဲ့ ဒေးဗစ်ဒီ က တာဝန်ယူ သွားဖွယ် ရှိတယ်လို့ ကြားသိရ ပါတယ် ။

ဘာစီလိုနာ ဥက္ကဌ လာပေါ်တာ ရဲ့ အကြံပေး တဦး က သူတို့ဟာ ဘာစီလိုနာ အတွက် ရှင်သန်ဖို့ ဆုံးဖြတ်ထားသူတွေ ကိုသာ ခေါ်ယူ ဖို့ စိတ်ကူး ရှိကြောင်း ပြောဆိုပြီး အသင်းသားဟောင်း နေမာ ကို ပြန်လည် ခေါ်ယူ နိုင်မလား ဆိုတဲ့ မေးခွန်းတွေကို အဆုံးသတ် အဖြေထုတ်ပေး သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ နည်းပြ ဇာဗီ လက်ထက်မှာ ပုံစံကောင်းတွေ ပြန်ရလာတဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီ ကို စာချုပ်သစ် အတွက် ဆွေးနွေး ညှိနှိုင်း ပေးနေပြီး လိဒ် တောင်ပံ ကစားသမား ရာဖင်ညာ ဟာ ဒမ်ဘီလီ ကို လက်လွှတ် ရမှသာ ခေါ်ယူသွားဖို့ စိတ်ကူး ထားကြောင်း သတင်း ကြားသိရ ပါတယ် ။

ပရီးမီးယားလိဂ် ဟာ လာမယ့် ဘောလုံး ရာသီက စပြီး ပွဲစဉ် တပွဲမှာ ကစားသမား ၅ ဦး အထိ လူစားလဲဖို့ သဘောတူ ခွင့်ပြု လိုက်ပြီလို့ သိရှိရ ပါတယ် ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တဲ့ နောက်မှာတော့ ကားလိုစ့် ကွီးရော့ဇ် ဟာ အီဂျစ် လက်ရွေးစင် အသင်း နည်းပြ အဖြစ် ကနေ နှုတ်ထွက် သွားခဲ့ပြီလို့ သတင်း ကြားသိရ ပါတယ် ။

ဆွီဒင် တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ် က တော့ အသက် ၄၀ ကို ရောက်ရှိ နေပြီး အသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့သည့်တိုင် လက်ရွေးစင် အသင်းကနေ အနားယူဖို့ကို ငြင်းဆို သွားခဲ့ ပါတယ် ။

အဲဗာတန် ကို အငှား သွားရောက် ကစားနေတဲ့ မန်ယူနိုက်တက် ကွင်းလယ် ကစားသမား ဒွန်နီ ဗန်ဒီဘိ ဟာ ယူကရိန်း က စစ်ဘေးရှောင် ဒုက္ခသည်တွေ ငှားရမ်း နေထိုင် နိုင်ဖို့ အတွက် အိမ်ငှားခ အချို့ကို ပေးချေ ကူညီ ခဲ့တယ်လို့ အဲဗာတန် နဲ့ ယူကရိန်း ကစားသမား မိုက်ကိုလန်ကို က ထုတ်ဖော်ပြောပြ သွားခဲ့ ပါတယ် ။

စပိန်က လာတဲ့ သတင်း အချို့ အရ အက်သလက်တီကို မက်ဒရစ် ဟာ နွေရာသီမှာ အသင်းနဲ့ လမ်းခွဲမယ့် တိုက်စစ်မှူးကြီး ဆွာရက် ရဲ့ နေရာကို အင်တာမီလန် တိုက်စစ်မှူး လူတာရို မာတီနက် နဲ့ အစားထိုးဖို့ စဉ်းစား နေတယ်လို့ ကြားသိရ ပါတယ် ။

ရီးရဲ မက်ဒရစ် အသင်းဟာ နွေရာသီမှာ စာချုပ်ပြည့်မယ့် ဘေးလ် ၊ ရောင်းထုတ် သွားဖို့ ရှိနေတဲ့ အီဒင် ဟာဇက် တို့ ရဲ့ နေရာကို အစားပြန်ထိုးဖို့ အတွက် ဘိုင်ယန်မြုးနစ် တောင်ပံ ကစားသမားလေး ဆာ့ဂျ် ဂနာဘရီ ကို စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

PSV အရန် အသင်းကို ကိုင်တွယ် နေတဲ့ နည်းပြ ရုဒ် ဗန် နစ္စတယ်ရွိုင်း ဟာ လာမယ့် ရာသီကစပြီး PSV အသင်းကြီး ရဲ့ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ် သွားတော့မှာ ဖြစ်ပြီး ၂၀၂၅ အထိ စာချုပ်သစ် ချုပ်ဆို လိုက်ပြီ ဖြစ်ကြောင်း ယမန်နေ့က ကြေညာ သွားခဲ့ ပါတယ် ။

မန်ယူနိုက်တက် တိုက်စစ်မှူးကြီး ကာဗာနီ ဟာ မနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မှာ ဒဏ်ရာ အနည်းငယ် ရရှိ ခဲ့တယ်လို့ ကြားသိရ ပါတယ် ။

တော့တင်ဟမ် ဟော့စပါး အသင်းဟာ ဘင်ဖီကာ ရဲ့ အဓိက တိုက်စစ်မှူး တယောက် ဖြစ်တဲ့ ဒါဝင် နူနက်ဇ် ကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ကူး ရှိနေပြီး ပေါင် သန်း ၇၀ ဝန်းကျင် ပေးချေ ရနိုင်တာကြောင့် အသင်းက ကစားသမား အချို့ ကို ရောင်းချ သွားဖို့ စဉ်းစား လာဖွယ် ရှိနေပါတယ် ။

စပါး ရဲ့ နယ်သာလန် တောင်ပံ ကစားသမားလေး စတီဗင် ဘာ့ဂျ်ဝင်း ကတော့ သူ့ရဲ့ အနာဂါတ် နဲ့ ပတ်သက်ပြီး “ဘာတွေ ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့” လို့ ပြောဆိုကာ စပါး ကနေ ထွက်ခွာ နိုင်ဖွယ် ရှိကြောင်း အရိပ်မြွက် ထုတ်ဖော် သွားခဲ့ ပါတယ် ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ ဟာ လာမယ့် ကာတာ ကမ္ဘာ့ဖလားမှာ အသုံးပြုမယ့် ဘောလုံးကို ယမန်နေ့က မိတ်ဆက် သွားခဲ့ ပါတယ် ။ နာမည်ကျော် အားကစား ထုတ်လုပ်သူ Adidas က ပြုလုပ်ပေးထားတဲ့ Al Rihla လို့ အမည်ရတဲ့ ဒီဘောလုံးဟာ အာရပ်ဘာသာစကားအရ ‘the journey’ လို့ အဓိပ္ပါယ် ရှိတယ်လို့ သိရှိရ ပါတယ် ။

ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် လက်မှတ်တွေ ကိုလည်း ယမန်နေ့က စတင် ရောင်းချ ခဲ့ပြီး အိမ်ရှင် ကာတာ ၊ အမေရိကန် ၊ မက်ဟီကို ၊ အင်္ဂလန် နဲ့ ယူအေအီး က ပရိသတ်တွေ ဟာ အရေအတွက် အများဆုံး ဝယ်ယူ ထားခဲ့ ကြတယ်လို့ သိရပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR