ဘော်လွန်းဒီအော် ဆုရှင် ဖြစ်လာနိုင်တဲ့ အာဆင်နယ် ကြယ်ပွင့်ကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်းထံ တိုက်တွန်းခဲ့ဖူးကြောင်း ဖွင့်ဟလာတဲ့ ပက်နီဗင်

ချဲလ်ဆီး အသင်း ရဲ့ကစားသမားဟောင်း ပက်နီဗင် က ကီရန် တီယာနေး ဟာ ဘော်လွန်းဒီအော် ဆုရှင် ဖြစ်လာနိုင်တဲ့ နောက်ခံလူ တစ်ဦးလို့ ဆိုလိုက်ပြီး သူ့ကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်းထံ တိုက်တွန်းခဲ့ဖူးကြောင်း ဖွင့်ဟ ပြောကြား လိုက်ပါတယ် ။

စကော့တလန် လက်ရွေးစင် နောက်ခံလူ တီယာနေး ဟာ ၂၀၁၉ ခုနှစ်မှာ ဆဲလ်တစ် အသင်းကနေ အာဆင်နယ် အသင်းကို ပေါင် ၂၅ သန်း နဲ့ ရောက်ရှိ လာသူ ဖြစ်ပြီး သူ့ရဲ့တိုက်စစ် လိုက်ပါမှု အသင်း ချစ်စိတ်ပြင်းပြမှုတွေကြောင့် ပရိသတ်တွေရဲ့အားပေးမှုကို တခဲနက် ရရှိထားသူ ဖြစ်ပါတယ် ။

 

ဒါ့အပြင် အူဘာမီယန်း ထွက်ခွာသွားပြီးနောက် တီယာနေး ဟာ အာဆင်နယ် အသင်း ခေါင်းဆောင် ဖြစ်လာဖို့ တစ်ပြေးနေပါတယ် ။ နီဗင် ကတော့ တီယာနေး ဟာ ထိပ်တန်း အသင်းကြီးတွေမှာသာ ကစားရပါက ကန်နာဗာရို လို ဘောလွန်းဒီအော် ဆုရှင် ဖြစ်လာနိုင်တယ်လို့ ချီးကျူး လိုက်ပါတယ် ။

” လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက တီယာနေး ကို ခေါ်ယူဖို့ ချဲလ်ဆီး အသင်းထံ တိုက်တွန်း ခဲ့ဖူးပါတယ် ။ ဒါပေမယ့် သူတို့ နားမထောင်ကြပါဘူး ၊ တီယာနေး ထက် ဈေးနှစ်ဆ ပိုပေးရတဲ့ လက်စတာ က ဘန်ချေဝဲလ်ကိုပဲ ခေါ်လိုက်ပါတယ် ။ တီယာနေး က သူ့ရဲ့အကောင်းဆုံး ခြေစွမ်း မရောက်သေးတာတောင် အတော်ကြောက်စရာ ကောင်းနေပါပြီ ။ ”

” တီယာနေး သာ ရီးယဲလ်မက်ဒရစ် အသင်းကို ရောက်သွားရင် အံမဝင်နိုင်စရာ အကြောင်းမရှိဘူးလို့ ထင်ပါတယ် ။ အဲ့ဒီမှာ အသားကျဖို့ အချိန်ယူရမယ်လို့တောင် မထင်ပါဘူး ၊ သူက ကမ္ဘာပေါ်က ဘယ်အသင်းမှာ မဆို ကစားနိုင်စွမ်း ရှိပြီး အလျင်အမြန် အထိုင်ကျမယ့်သူပါ ။ ”

” ရောဘတ်ဆန် က သိပ်ကောင်းတဲ့ အစွန်နောက်ခံလူ တစ်ဦးပါ ၊ ဒါကြောင့် သူ့ကို မဝေဖန်လိုပါဘူး ၊ ဒါပေမယ့် သူတို့ နှစ်ဦးကို ယှဉ်ကြည့်ရင် တီယာနေး က ပိုကောင်းတဲ့ ကစားသမား တစ်ဦးလို့ မြင်ပါတယ် ၊ သူ့အတွက် ပြီးပြည့်စုံတဲ့ အသင်းကတော့ မန်ချက်စတာ စီးတီး အသင်းပါ ။ ”

” မန်စီးတီး က ကောင်းမွန် ပြည့်စုံတဲ့ အသင်းဆိုပေမယ့် ဘယ်နောက်ခံလူ နဲ့ အထောင်တိုက်စစ် နေရာမှာ လိုအပ်ချက် ရှိနေပါတယ် ။ ဂွာဒီယိုလာ က အောင်မြင်မှုတွေ ရယူနေကြသူပါ ၊ သူတို့ ဂရီးလစ်ရှ် အတွက် ပေါင် သန်း ၁၀၀ တောင် သုံးခဲ့တာဆိုတော့ အာဆင်နယ် တောင်းတဲ့ဈေးကို အလွယ်တကူ ပေးမှာပါ ။ ”

“သူတို့သာ ဒီရာသီ ချန်ပီယံလိဂ် ဖလား ရရင် ဥရောပ ရဲ့အကောင်းဆုံး အသင်း ဖြစ်လာအောင် ဘယ်လို အင်အားဖြည့်တင်းမှုတွေ လုပ်ရမလဲ ? တီယာနေး ကို ခေါ်လိုက်တာက ကောင်းမွန်တဲ့ စတင်မှု ဖြစ်ပါလိမ့်မယ် ။ ”

ဆက်လက်ပြီး နီဗင် က တီယာနေး ဟာ အနာဂတ်မှာ ဘော်လွန်းဒီအော် ဆုရှင် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ် ။ ” တီယာနေး က ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားတွေထဲက တစ်ဦးပါ ၊ သူ့အတွက် ပရီးမီးယားလိဂ်က ကစားရတာ သက်သောင့်သက်သာ ဖြစ်တာထက် ပိုပါတယ် ၊ ဒါကြောင့် သူက ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို ကစားနိုင်စွမ်း ရှိသူပါ ။ ”

” သူ ဘောလွန်းဒီအော် ဆုရှင် အထိ ဖြစ်လာနိုင်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ် ။ ဘော်လွန်းဒီအော်ဆုရ နောက်ခံလူဆိုလို့ ၂၀၀၆ ခုနှစ်တုန်းက အီတလီ နဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့တဲ့ ကန်နာဗာရို ပဲ ရှိပါသေးတယ် ၊ ဒါပေမယ့် တီယာနေး က သူ့လို မဖြစ်လာနိုင်ဘူးလို့တော့ ပြောမရပါဘူး ။ ”

” အဲ့ဒီဆု ရဖို့ အတွက်ဆိုရင် အခြေအနေ ၃ ရပ် ရှိပါတယ် ၊ ပထမတစ်ခုက သူ့အနေနဲ့ ကမ္ဘာ့ အကြီးကျယ် အခမ်းနားဆုံး အသင်းမှာ ကစားပြီး ဆုဖလား အောင်မြင်မှုတွေ ရယူနိုင်ဖို့ လိုအပ်ပါတယ် ၊ ဒုတိယ တစ်ခုကတော့ မာရာဒိုနာ မက်ဆီ နဲ့ ရော်နယ်ဒို လို ဘောလုံး ညဏ်ကြီးရှင် ဂိုးသွင်းစက်တွေနဲ့ တစ်ခေတ်တည်း ကစားမိတဲ့ အခြေအနေ မဖြစ်ဖို့ လိုအပ်ပါတယ် ။ ”

” နောက်ဆုံး တစ်ခုကတော့ သူ့ရဲ့ တိုက်စစ် လိုက်ပါနိုင်မှု နဲ့ ဗဟို ခံစစ်နေရာမှာ ပါးနပ်စွာ ကစားနိုင်မှုတို့ကို ပေါင်းစပ်ပြီး မတူကွဲပြားတဲ့ အရာတစ်ခုကို လုပ်ပြနိုင်ဖို့ လိုအပ်ပါတယ် ၊ သူ အခုလည်း အဲ့ဒီလို လုပ်ပြ ထားနိုင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM