ဘိုင်ယန် ရဲ့ ဂိုးမိုးရွာ နိုင်ပွဲနဲ့ အတူ ချန်ပီယံလိဂ် မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့တဲ့ လီဝန်ဒေါ့စကီး

ဘိုင်ယန်မြုးနစ် အသင်းရဲ့ တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါ့စကီး ဟာ မနေ့ညက ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်း အတွက် ဟက်ထရစ် သွင်းယူ နိုင်ခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ အိမ်ကွင်းမှာ သြစတြီးယား ကလပ် ရက်ဘူး ဆဲလ်ဘတ် အသင်းကို ဧည့်ခံ ကစား ခဲ့ပြီး ၇-၁ ဆိုတဲ့ ရလဒ် နဲ့ ဂိုးပြတ် အနိုင် ရကာ နှစ်ကျော့ပေါင်း ၈-၂ ရလဒ် နဲ့ ကွာတား ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင် ခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ ပထမ အကျော့ သြစတြီးယား မြေပေါ်က ပွဲမှာ တုန်းက ရုန်းကန် ခဲ့ရပြီး ကင်းစလေ ကိုးမန်း ရဲ့ မိနစ် ၉၀ ချေပဂိုး ကြောင့်သာ ရှုံးပွဲနဲ့ လွဲခဲ့ရတာ ဖြစ်ပါတယ် ။

ဒါပေမယ့် ဒုတိယ အကျော့ အိမ်ကွင်း မှာတော့ ဘိုင်ယန် ဟာ နောက်တခါ အမှားမခံ တော့ဘဲ ပွဲစကတည်းက ဧည့်သည် အသင်း အပေါ် အပြတ်အသတ် လွှမ်းမိုး ကစား သွားခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ကတော့ ၁၂ နဲ့ ၂၁ မိနစ်တွေမှာ ပင်နယ်တီတွေ ကနေ ၂ ဂိုးဆက်တိုက် သွင်းယူပေးခဲ့ သလို ၂ မိနစ် အကြာမှာလည်း နောက်ထပ် ၁ ဂိုး သွင်းကာ ဟက်ထရစ် ရခဲ့ ပါတယ် ။

ဒီဟက်ထရစ် ဟာ ၂၃ မိနစ်သာ ကြာခဲ့ပြီး ချန်ပီယံလိဂ် သမိုင်းရဲ့ အမြန်ဆုံး ဟက်ထရစ် အဖြစ် စံချိန်သစ် ရေးထိုး သွားနိုင်ခဲ့ ပါတယ် ။

ယခင် စံချိန်ရှင်ဟောင်း မာကို ဆီမြွန်း ဟာ ၁၉၉၆ ခုနှစ် တုန်းက နော်ဝေကလပ် ရိုဆင်ဘာ့ဂ် နဲ့ ကစားတဲ့ ပွဲမှာ အေစီမီလန် အတွက် ၂၄ မိနစ် နဲ့ ဟက်ထရစ် သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး ၂၆ နှစ် အကြာမှာတော့ လီဝန်ဒေါ့စကီး က စံချိန်ရှင်သစ် ဖြစ်လာခဲ့ ပါတယ် ။

ဘိုင်ယန် ဟာ ဂနာဘရီ ၊ မူလာ ၊ ဆာနေး တို့ရဲ့ ဂိုးတွေ ထပ်ရခဲ့ပြီး ဂိုးဒါဇင်ဝက်ကျော်လွန် ခဲ့ကာ စိတ်ကျေနပ် စရာ ကောင်းတဲ့ နိုင်ပွဲ တပွဲကို ဖော်ဆောင် သွားနိုင်ခဲ့ ပါတယ် ။

လီဝန်ဒေါ့စကီး ဟာလည်း ဒီ ဟက်ထရစ်ကြောင့် ချန်ပီယံလိဂ် ဂိုးသွင်းသူ စာရင်းမှာ ၁၂ ဂိုးနဲ့ ထိပ်ဆုံး နေရာကို ရောက်ရှိ သွားနိုင်ခဲ့ ပါတယ် ။

ပိုလန်သားကြီး ဟာ ဒီရာသီ ဥရောပ ထိပ်သီး လိဂ်တွေ ထဲမှာ ဂိုး ၄၀ ပထမဆုံး ပြည့်မြောက်သူလည်း ဖြစ်လာခဲ့ ပါတယ် ။

ဘိုင်ယန် နဲ့ ပြည်တွင်းလိဂ် ဘွန်ဒစ်လီဂါ မှာ ၂၈ ဂိုး သွင်းယူထားတဲ့ လီဝန်ဒေါ့စကီး ဟာ မနှစ်က ရထားတဲ့ ဥရောပ ရွှေဖိနပ်ဆုကို ထပ်မံ ရယူနိုင်ဖို့ အလားအလာ အကောင်းဆုံးနဲ့ ဦးဆောင်နေသူလည်း ဖြစ်ပါတယ် ။

ဒီလို အသက်ကြီးပေမယ့် ဂိုးသွင်းအား ကောင်းနေဆဲ တိုက်စစ်မှူးကြီးဟာ ဘိုင်ယန် နဲ့ ၂၀၂၃ ခုနှစ် နွေရာသီမှာ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ် ။

လက်ရှိ အချိန်အထိ တော့ စာချုပ်သစ် အတွက် ဘာသတင်းထူးမှ မရှိသေးဘဲ ပရီးမီးယားလိဂ် နဲ့ စီးရီးအေ ထိပ်သီး အသင်းတွေဟာ ဘိုင်ယန် နဲ့ လီဝန်ဒေါ့စကီး တို့ရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေကြပါတယ် ။

မနေ့ညက ချန်ပီယံလိဂ် ပွဲစဉ်တွေကို BT Sport ကနေ တင်ဆက် သုံးသပ် ခဲ့တဲ့ အင်္ဂလန် နဲ့ လီဗာပူး တိုက်စစ်မှူးဟောင်း ပီတာ ခရော့ချ် ကတော့ ဘိုင်ယန် ရဲ့ လီဝန်ဒေါ့စကီး ကို စာချုပ်သစ် မချုပ်ဆိုမှု အပေါ် အံ့အားသင့် မိခဲ့တယ်လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“သူ ( လီဝန်ဒေါ့စကီး ) က ၃၄ နားကပ်နေတာ မှန်ပါတယ် ။ ဒါပေမယ့် အခုထိ သူက ကောင်းကောင်း လည်ပတ်နေတဲ့ ဂိုးသွင်းစက် တလုံးပါ ။ အခုထိ သူ့ကြည့်ရတာ စားကောင်း အိပ်ကောင်း ကစားလို့ ကောင်းနေ သေးပုံ ပါပဲ ။

သူ့ရဲ့ သွင်းဂိုး အရေအတွက် ကလည်း တကယ့်ကို အံ့သြစရာပါ”

“ဒီလိုမျိုး စွမ်းဆောင်ရည် ရှိထားတဲ့ သူတယောက် ကို လက်လွှတ်ဖို့ ဆိုတာ အတော်လေး စဉ်းစားရ ခက်တဲ့ ကိစ္စ ပါပဲ ။ သူတို့ ( ဘိုင်ယန် ) ဟာလန်း နဲ့ ဆွေးနွေး နေတယ် ဆိုတာတွေ ကျွန်တော် ကြားမိ ပါတယ် ။

ဒါပေမယ့် အဲ့ဒိ အတွက် သူတို့ ငွေ အများကြီး ကုန်ဦးမှာပါ ။ လီဝန်ဒေါ့စကီး မရှိတော့တဲ့ အကျိုးဆက် ကိုလည်း ၂ နှစ် ၃ နှစ်လောက် ခံရနိုင်ပါတယ်”

“ကျွန်တော် သာ ဘိုင်ယန် က ဆိုရင်တော့ သူ့ကို ဖြစ်နိုင်သမျှ မြန်မြန် စာချုပ် ချုပ်လိုက်မှာပါ ။ အခုတော့ သူ့ကို ပရီးမီးယားလိဂ် ကို ရောက်လာပါစေ လို့ပဲ ကျွန်တော် ဆုတောင်းနေပါတယ်” လို့ ပီတာ ခရော့ချ် က ပြောဆို သွားခဲ့ ပါတယ် ။

 

SPORTS MYANMAR