ဘာပေ ကို ခေါ်ယူဖို့ ကြိုးစားနေတယ် ဆိုတဲ့ သတင်းတွေကို ငြင်းဆိုပြီး ၊ ဘာစီလိုနာ က ဆာလာ ကို စောင့်ကြည့်နေတယ်လို့ အခိုင်အမာ ဆိုလိုက်တဲ့ ကတ်တလန် မီဒီယာများ

ပြင်သစ် ရဲ့ နာမည်ကြီး အားကစား သတင်းစာကြီး တစ်စောင် ဖြစ်တဲ့ L’Equipe က PSG နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးတော့မယ့် တိုက်စစ်မှုး ဘာပေ ကို ခေါ်ယူဖို့အတွက် ဘာစီလိုနာ ဟာ တရားဝင် ကြိုးစားနေပြီ ဖြစ်ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက အခိုင်အမာ ဖော်ပြခဲ့ပါတယ်။

အဲဒီ သတင်းကြောင့် ပရိသတ် တော်တော်များများ အံ့အားသင့်သွားပြီး ၊ ရီးရဲ မက်ဒရစ် နဲ့ သတင်းကြီးနေတဲ့ ဘာပေ ကို ခေါ်ယူဖို့ ဘာစီလိုနာ ဟာ ဘယ်လို ငွေကြေး ပံ့ပိုးမှုတွေ ရရှိထားလို့ အခုလို ကြိုးစားလာတာလဲ ဆိုတာပါ အလေးအနက်ထား စဉ်းစားခဲ့ကြပါတယ်။

ဒီကနေ့မှာတော့ အဲဒီ ဖော်ပြမှုဟာ လုံး၀ ကို မှန်ကန်မှု မရှိတဲ့ အကြောင်း ဘာစီလိုနာ နဲ့ နီးစပ်တဲ့ ကတ်တလန် သတင်းစာတွေက တပြိုင်နက် ငြင်းဆိုလိုက်ပါတယ်။

တစ်ချိန်တည်းမှာ ဥက္ကဌ လာပေါ်တာ ကိုယ်တိုင် က ဒေါ့မွန် တိုက်စစ်မှုး ဟာလန်း ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ် ဆိုတဲ့ သတင်းတွေကိုပါ ငြင်းဆန်ခဲ့တဲ့ အပြင် ၊ အသင်းရဲ့ ဘဏ္ဍာရေး ကိစ္စတွေ အပေါ် သက်ရောက်မှု ကြီးမားသွားနိုင်တဲ့ ကမ္ဘာပေါ်ကျော် ဘောလုံးသမားတွေကို ခေါ်ယူဦးမှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ်။

လက်ရှိ ဘာစီလိုနာ ရဲ့ စောင့်ကြည့် စာရင်းမှာ လီဗာပူး နဲ့ စာချုပ် သက်တမ်းကုန်ဆုံးဖို့ နီးစပ်လာတဲ့ မို ဆာလာ က ထိပ်ဆုံးက ရှိနေပါတယ်။ အီဂျစ်သားကြီးဟာ အန်ဖီးလ် ကလပ် နဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေပဲ ဖြစ်နေသလို ၊ သက်တမ်းကလဲ တစ်နှစ်ပဲ ကျန်တော့သာ ဖြစ်လို့ ဈေးကွက် တန်ဖိုးအရလဲ ပြောင်းရွှေ့ကြေး အများကြီး သုံးစရာ မလိုဘူးလို့ ယူဆနေကြပါတယ်။

ဆာလာ ဟာ ယခင်က အင်တာဗျူးတွေ မှာ တုန်းကလဲ စပိန် အင်အားကြီး ကလပ်တွေ ဖြစ်တဲ့ ဘာစီလိုနာ ၊ ရီးရဲ မက်ဒရစ် တို့လို အသင်းမျိုးတွေမှာလဲ ကစားခွင့် ရချင်မိတယ်လို့ ဖွင့်ဟ ခဲ့ဘူးပါတယ်။

လက်ရှိ စာချုပ်သစ် ဆွေးနွေးမှုတွေမှာ နှစ်ဖက် သဘောတူညီမှု ရဖို့ နီးစပ်မှု လုံး၀ မရှိသေးသလို ၊ နှစ်ဖက် စလုံးကလဲ သူ့အကြောင်းပြချက် နဲ့သူ အထာကိုင်နေကြပါတယ်။

လီဗာပူး ကလဲ အသင်းရဲ့ စည်းလုံး ညီညွတ်မှု ကို ထိခိုက်မှာ စိုးတဲ့ အတွက် ဆာလာ လိုချင်တဲ့ ပမာဏမျိုး အထိ တိုးပေးဖို့ ဆန္ဒမရှိသလို ၊ ကစားသမား ဘက်ကလဲ သူဟာ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမား ဖြစ်နေတဲ့ အတွက် ဝင်ငွေ အများဆုံး ဘောလုံးသမားတွေ နည်းတူ လစာ ခံစားခွင့် ရှိနေတယ်လို့ ခံယူထားတာပါ။

တစ်ချိန်တည်းမှာ ဘာစီလိုနာ ဟာ လိဒ် ယူနိုက်တက် က ဘရာဇီး တောင်ပံ ကစားသမား ရာဖင်ဟာ ကိုလဲ အနီးကပ် စောင့်ကြည့်နေပါတယ်။ ရာဖင်ဟာ ရဲ့ အေးဂျင့် ဟာ ဘာစီလိုနာ ကစားသမား ဒေကို ဖြစ်တာကြောင့် ၊ ကတ်တလန် အသင်းအနေနဲ့ ကစားသမား ကို ခေါ်ယူနိုင်တဲ့ အလားအလာတွေ နဲ့ ပတ်သက်ပြီး တိကျတဲ့ သတင်းအချက်အလက်တွေ ရရှိထားတယ်လို့ ယူဆရပါတယ်။

အင်္ဂလန် က သတင်းတွေမှာတော့ ရာဖင်ဟာ ဟာ လိဒ် ယူနိုက်တက် က ကမ်းလှမ်းတဲ့ စာချုပ်သစ် ကိစ္စကို ပယ်ချထားတယ်လို့ ဆိုထားသလို ၊ အကယ်၍ မတော်လို့များ တန်းဆင်းသွားခဲ့ရင် ဈေးနည်းနည်း နဲ့ လက်လွှတ်ရဖွယ် ရှိနေပါတယ်။

ဒီအခွင့်အရေးမျိုး ကို လီဗာပူး ကလဲ စောင့်ကြည့်နေပြီး ၊ ဆာလာ ကိုသာ စာချုပ် သက်တမ်းတိုးနိုင်ခြင်း မရှိဘူး ဆိုရင် ရာဖင်ဟာ ကို အာရုံစိုက်ကာ ခေါ်ယူဖို့ ကြိုးစားလာဖွယ် ရှိတယ်လို့ နာမည်ကြီး သတင်းထောက် ပေါလ်ဂျွိုက်စ် က ထုတ်ဖော် ပြောဆိုထားပါတယ်။

ဘာစီလိုနာ ကတော့ ရာသီကုန်တာ နဲ့ တောင်ပံ ကစားသမား ဒမ်ဘီလီ နဲ့ လမ်းခွဲတော့မှာ ဖြစ်လို့ ၊ အဲဒီနေရာ ကို အစားထိုးနိုင်ဖို့ အတွက် တောင်ပံ ကစားသမား ခေါ်ယူအားဖြည့်ဖို့ ဈေးကွက်ထဲကို ဝင်ရောက် ရှာဖွေလျှက် ရှိနေပါတယ်။

SM