ဘာဆာ ရဲ့ လက်ရှိပုံစံကောင်းတွေဟာ ရီးရဲမက်ဒရစ် နဲ့ ကစားမယ့် El Clasico ပွဲအတွက် ဘာမှ အထောက်အကူမဖြစ်ဘူးလို့ သတိပေးလိုက်တဲ့ ဇာဗီ

ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဇာဗီ ဟာနန်ဒက်စ် က အသင်းသားတွေ အနေနဲ့ လက်ရှိ ပုံစံကောင်း ရပြီး နိုင်ပွဲဆက်နေမှုတွေ အပေါ်မှာ သာယာ မနေဖို့နဲ့ အခုလို ပုံစံကောင်းတွေ ဆက်တိုက် ပြသ နိုင်တာဟာ လာမယ့် ရီးရဲ မက်ဒရစ် နဲ့ ပွဲစဉ်ကို ဘယ်လိုမှ အထောက်အကူ မဖြစ်နိုင်ကြောင်း ကြိုတင် သတိပေး ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လာမယ့် ပိတ်ရက်မှာ ရီးရဲမက်ဒရစ် အသင်းနဲ့ အဝေးကွင်း ပွဲစဉ်ကို ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

ဘာစီလိုနာ ဟာ ဇာဗီ နည်းပြ အဖြစ် ရောက်လာအပြီးမှာ ရလဒ်တွေ တိုးတက် ကောင်းမွန် လာခဲ့ ပါတယ် ။

ဇန်နဝါရီ အပြောင်းအရွှေ့ မှာတော့ အသင်းသားဟောင်း ဒါနီ အဲလ်ဗက်စ် ၊ ဝုဗ် က ထရာအိုရေး ၊ မန်စီးတီး က ဖာရန်တောရက်စ် ၊ အာဆင်နယ် က အော်ဘားမီးယန်း တို့ကို ခေါ်ယူ အားဖြည့် ခဲ့ပြီး ကစားသမားသစ်တွေရဲ့ အသင်းနဲ့ အလျှင်အမြန် အံဝင်မှုဟာ ဘာစီလိုနာ ကို အားတက်စေခဲ့ ပါတယ် ။

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ ပွဲစဉ်မှာတော့ ဘာစီလိုနာ ဟာ ပထမ အကျော့ အိမ်ကွင်းမှာ တုန်းက ဂိုးမရှိ သရေကျခဲ့တဲ့ ဂါလာတာစာရေး အသင်းကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ကစားပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း နိုင်ခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ အိမ်ရှင် ရဲ့ ဦးဆောင်မှုကို ခွင့်ပြု ခဲ့ရ ပေမယ့် လူငယ်လေး ပက်ဒရီ က လှပတဲ့ ခြေပဂိုး ကို သွင်းယူ ပေးခဲ့ကာ တိုက်စစ်မှူး အော်ဘားမီးယန်း ကတော့ နောက်တဆင့် တက်စေမယ့် အနိုင်ဂိုးကို သွင်းယူပေးခဲ့ ပါတယ် ။

ဇာဗီ ကတော့ ဒီနိုင်ပွဲဟာ အသင်းအတွက် အရေးပါပေမယ့် လာမယ့် ရီးရဲ နဲ့ ပွဲကို အထောက် အကူ မဖြစ်နိုင်ဘူးဆိုတာ သတိပြု ကြဖို့ ပြောဆို သွားခဲ့ ပါတယ် ။

“ဒီနိုင်ပွဲက အရေးပါ ပါတယ် ။ ဒါက ဥရောပ ပြိုင်ပွဲ တခုပါ ၊ ကျွန်တော်တို့ အခု ရှေ့ဆက် သွားနေပါပြီ ။

တကယ်ကောင်းတဲ့ ပွဲတပွဲ ကို ကစားခဲ့တယ်လို့လည်း ထင်ပါတယ် ။ ဒီပွဲကို စိတ်ဓါတ် အပြည့် နဲ့ ကစားနိုင်ပြီး တိုက်စစ်ဆင်ပုံလည်း ကောင်းတယ်လို့ ခံစားမိ ပါတယ် ။

တူရကီ က ကစားရခက်တဲ့ နေရာတခုပါ ၊ ကျွန်တော်တို့ စိတ်ရှည်ရှည် နဲ့ စောင့်ပြီး ဦးဆောင်ခံရမှု ကနေ ပြန်လာ နိုင်ခဲ့ပါတယ်”

“လာမယ့်ပွဲ ( ရီးရဲ နဲ့ ) က အရမ်းခက်ခဲမယ် ဆိုတာ သေချာပါတယ် ။ လက်ရှိမှာ ကျွန်တော်တို့ ပုံစံကောင်း ရနေတယ်လို့ ပြောချင်ကြမှာပါ ။ ဒါပေမယ့် ဒါတွေက ရှေ့လာမယ့် ပွဲတွေ အတွက် ဘာမှ အရေးမပါ ပါဘူး ။ ဒါမျိုး ကျွန်တော့ဘဝမှာ အကြိမ် အများကြီး ကြုံခဲ့ပြီး ပါပြီ ။ ကျွန်တော် ပြောတာကို ယုံလိုက်ပါ” လို့ ဇာဗီ က ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး နည်းပြ ဇာဗီ က အသင်းရဲ့ ခြေပဂိုးရှင် ပက်ဒရီ ရဲ့ ဂိုးကိုလည်း ချီးကျုး ပြောဆိုသွားခဲ့ ပါတယ် ။

“သူ ( ပက်ဒရီ ) က ၂ ယောက်ကို ခြေယောင်ပြပြီး ထွက်သွားတာပါ ။ တကယ်လှတဲ့ သွင်းဂိုး ပါပဲ ။ ဒီလို ဂိုးမျိုးတွေကို သူ သွင်းနိုင်ပါတယ် ။ အခုမှ ၁၉ နှစ်ပဲ ရှိသေးတာပါ ။ အနာဂါတ်ကောင်းတွေ အများကြီး ရှိတဲ့ လူငယ်လေးပါ ။ ခြားနားမှုကို သူ လုပ်ပြ နိုင်ပါတယ်” လို့ ဇာဗီ က ပြောဆို သွားခဲ့ ပါတယ် ။

ပက်ဒရီ ကတော့ ပွဲအပြီးမှာ မက်ဆီ နဲ့ ခိုင်းနှိုင်းပြောဆို ခံရမှုနဲ့ ပတ်သက်ပြီး အလွန်အမင်း မြှောက်ပင့် ပြောဆို နေကြတာပါလို့ ဖြေကြားခဲ့သလို နောက်တဆင့် တက်နိုင်တဲ့ အတွက်လည်း ဝမ်းမြောက်မိပါတယ်လို့ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာဟာ လက်ရှိ လာလီဂါ အမှတ်ပေး ဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ရီးရဲ နဲ့ နောက်ဆုံး ဆုံတွေ့ ထားတဲ့ ၅ ကြိမ်မှာ ၁ ကြိမ်သာ နိုင်ပြီး ၄ ကြိမ် ရှုံးနိမ့် ထားခဲ့ ပါတယ် ။

SPORTS MYANMAR