ဘာဆာ နဲ့ အတူ နောက်တဆင့်တက်ကြသူများ ၊ လက်ရွေးစင် ကနေ ပယ်ခံလိုက်ရတဲ့ ရက်ဖိုဒ့် ၊ PSG မှာပဲ ဆက်နေဖြစ်မယ့် မက်ဆီ တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ ပွဲစဉ်တွေ မှာတော့ ဝက်စ်ဟမ်း တသင်းသာ ပထမ အကျော့က ရှုံးကြွေးကို ပြန်ဆပ်ပြီး ကွာတားဖိုင်နယ် ကို တက်လှမ်း နိုင်ခဲ့ ပါတယ် ။

 

ဝက်စ်ဟမ်း ဟာ ပထမ အကျော့တုန်းက ၁-၀ နဲ့ ရှုံးခဲ့တဲ့ ဆီဗီးလား ကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင် ပြန် ကစားခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်း သွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ဝက်စ်ဟမ်း အတွက် တိုမက် ဆိုချက် က ဂိုးစသွင်းပေးခဲ့ပြီး မိနစ် ၉၀ ပြည့်ချိန်မှာ နှစ်ကျော့ပေါင်း ရလဒ် ၁ ဂိုးစီ သရေ ဖြစ်နေ တာကြောင့် အချိန်ပို ဆက်ကစားချိန်မှာတော့ ယာမိုလင်ကို က ၁၁၂ မိနစ် မှာ ဝက်စ်ဟမ်း အတွက် အနိုင်ဂိုးကို သွင်းယူ ပေးသွားခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

 

ဘာစီလိုနာ ကတော့ ပထမ အကျော့မှာ သရေကျ ခဲ့တဲ့ ဂါလာတာ စာရေး ကို အဝေးကွင်းမှာ ၂-၁ နဲ့ အနိုင် ကစားခဲ့ပါတယ် ။ ဘာစီလိုနာ အတွက် ဂိုးတွေ တောက်လျောက် သွင်းနေတဲ့ အော်ဘားမီးယန်း ဒီကနေ့ ပွဲမှာလည်း ဒုတိယ ဂိုးကို သွင်းပေးခဲ့ ပါတယ် ။

 

 

အခြားပွဲတွေ မှာတော့ အတ္တလန်တာ ၊ ဘရာဂါ ၊ ဖရန့်ဖွတ် ၊ ဆဲလ်ဘတ် ၊ လိုင်ယွန် နဲ့ ရိန်းဂျားစ် တို့ ကွာတားဖိုင်နယ် ကို တက်လှမ်း လာနိုင်ခဲ့ကြပါတယ် ။

 

 

 

ယူရိုပါ ကွန်းဖရန့် လိဂ် မှာတော့ မော်ရင်ဟို ရဲ့ ရိုးမား အသင်းဟာ တိုက်စစ်မှူးလေး တမ်မီ အေဘရာဟမ် ရဲ့ နောက်ဆုံး မိနစ် သွင်းဂိုးကြောင့် အချိန်ပို ဆက်မကစားရဘဲ ကွာတားဖိုင်နယ် ကို တက်လှမ်း သွားနိုင်ခဲ့ ပါတယ် ။

 

 

ပရီးမီးယားလိဂ် ပွဲကျန် မှာတော့ အဲဗာတန် ဟာ နယူးကာဆယ် ကို အဲလက်စ် အီဝိုဘီ ရဲ့ နာကျင် အချိန်ပို သွင်းဂိုး နဲ့ အနိုင် ရခဲ့ပါတယ် ။

 

ကွင်းအတွင်း ပရိသတ်တဦး ဝင်ရောက်လာပြီး ဂိုးတိုင် နဲ့ သူ့ကိုယ်သူ တွဲချည်ခဲ့မှုကြောင့် အချိန်ပို မိနစ် များစွာ ပေးခဲ့ရတဲ့ ဒီပွဲမှာ အီဝိုဘီ က ၉၉ မိနစ် မှာ အနိုင်ဂိုးကို သွင်းယူခဲ့တာပဲ ဖြစ်ပါတယ် ။

 

 

 

အဲဗာတန် နည်းပြ လမ်းပတ် ကတော့ အနိုင်ဂိုးကြောင့် အောင်ပွဲခံချိန်မှာ သူ့ရဲ့ လက်ချောင်း တချောင်း ထိခိုက်ပြီး အရိုးအက်သွား ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ ပါတယ် ။

 

 

မကြာခင် ရောက်ရှိ လာတော့မယ့် နိုင်ငံတကာ ပွဲစဉ်တွေ အတွက် သက်ဆိုင်ရာ လက်ရွေးစင် အသင်းတွေဟာ သူတို့ရဲ့ လူစာရင်းတွေကို အသီးသီး ထုတ်ပြန် ခဲ့ကြပါတယ် ။

 

 

 

အဲ့ဒိလို ထုတ်ပြန်ရာမှာတော့ မားကပ် ရက်ဖိုဒ့် နဲ့ ဂျေဒွန် ဆန်ချို တို့ ဟာ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ လူစာရင်း ကနေ ကျန်ရစ် ခဲ့ကြပါတယ် ။

 

ရက်ဖိုဒ့် ဟာ ဒီရာသီမှာ ပုံစံကောင်းတွေ ပျောက်ဆုံး နေပြီး အင်္ဂလန် နည်းပြ ဆောက်ဂိတ် ကတော့ သူဟာ ရက်ဖိုဒ့် နဲ့ သီးသန့် တွေ့ဆုံပြီး စကားပြောဆိုဖို့ စီစဉ် နေတယ်လို့ အသိပေး သွားခဲ့ ပါတယ် ။

 

 

ပေါ်တူဂီ အသင်းကတော့ တူရကီ နဲ့ ကစားမယ့် ကမ္ဘာ့ဖလား Play-off ပွဲစဉ် အတွက် လူစာရင်းကို ထုတ်ပြန် ခဲ့ပြီး ရိုနယ်ဒို ၊ ဂျိုတာ တို့ ပါဝင်လာခဲ့ ပေမယ့် အားထားရတဲ့ ခံစစ်သမားတွေ ဖြစ်ကြတဲ့ ရူဘင်ဒီယာ့စ် နဲ့ ကန်ဆယ်လို တို့ကတော့ ဒဏ်ရာတွေကြောင့် မပါဝင် လာနိုင်ခဲ့ဘူးလို့ သိရှိရ ပါတယ် ။

 

 

 

PSG ပရိသတ်တွေ အော်ဟစ် လှောင်ပြောင်မှုကို ခံခဲ့ရ ပေမယ့် မက်ဆီ ဟာ နွေရာသီမှာ အသင်းပြောင်းဖွယ် မရှိဘဲ ပြင်သစ် ကလပ် မှာသာ ဆက်လက် ကစားသွားဖို့ ဆုံးဖြတ် ထားတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ ပါတယ် ။

 

 

 

PSG ဟာ လက်ရှိ ဒါရိုက်တာ လီယိုနာဒို ကို လက်လွှတ်ဖို့ စိတ်ကူးထားပြီး လီဗာပူး အားကစား ဒါရိုက်တာ မစ်ချယ် အက်ဒွပ် ကို ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်လို့ သိရှိရ ပါတယ် ။

 

 

 

အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့် က မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ရိုနယ်ဒို ၊ ပေါ့ဘာ နဲ့ ဟယ်ရီ မက်ဂွဲယား တို့ကို ရှင်းထုတ်ပြီး အသင်းကို ပြန်လည် တည်ဆောက် သင့်တယ်လို့ အကြံပြု ပြောဆို သွားခဲ့ ပါတယ် ။

 

 

 

မန်စီးတီး ဟာ ၃ နှစ်ကြာ ရပ်နားထားရတဲ့ နွေရာသီ ရာသီကြို ခရီးစဉ် ကို ဒီနှစ်မှာ ပြန်လည် စတင်မှာ ဖြစ်ပြီး အမေရိက ကို ခြေဦးလှည့်ကာ ခြေစမ်းပွဲ ၂ ပွဲ ကစားသွားမယ်လို့ သတင်း ကြားသိရ ပါတယ် ခင်ဗျာ . . . ။

 

 

 

SPORTS MYANMAR