ဘာစီလိုနာကို နွေရာသီမှာ မက်ဆီ ပြန်လာနိုင်တယ်ဆိုတဲ့ သတင်းတွေကို တုန့်ပြန်လိုက်တဲ့ လာပေါ်တာ

ဘာစီလိုနာ ဥက္ကဋ္ဌ ဖြစ်သူ ဟွမ်လာပေါ်တာက လာမည့် နွေရာသီမှာ လီယွန်နယ်မက်ဆီ နူးကမ့်ကို တစ်ကျော့ပြန်လာနိုင်တယ် ဆိုတဲ့ ပြောဆိုမှုတွေကို ပယ်ချသွားခဲ့ပါတယ်။ အသက် ၃၄ နှစ် အရွယ် မက်ဆီဟာ ပီအက်ဂျီမှာ မပျော်မရွှင် ဖြစ်နေတာကြောင့် သူ ၂၁ နှစ်ကြာ ပက်သက်ခဲ့တဲ့ ကလပ်ကို နွေရာသီမှာ ပြန်လာဖို့ ရှိနေတယ်ဆိုပြီး သတင်းဋ္ဌာနတွေက ဖော်ပြနေကြတာ ဖြစ်ပါတယ်။

အာဂျင်တီးနား စတားဟာ ပဲရစ်မှာ မျှော်မှန်းထားသလို ဖြစ်မလာခဲ့ဘဲ The Parc Des Princes မှာ လိဂ်ပွဲစဉ် ၁၈ ပွဲကစား ၂ ဂိုးသာ သွင်းယူ ထားနိုင်ခဲ့တဲ့ အထိ ရုန်းကန် နေရပါတယ်။ ဒါပေမယ့်လည်း လာပေါ်တာက သူဟာ စပိန်မှာ ကစားခဲ့စဉ်က ကလပ်ကို လာလီဂါဖလား ၁၀ ကြိမ် ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့တဲ့ မက်ဆီနဲ့ တိုက်ရိုက် ဆက်သွယ်မှုတွေ မရှိတော့ဘူးလို့လည်း ၀န်ခံခဲ့ပါတယ်။

လာပေါ်တာက “ဘာစီလိုနာကို ပြန်လာဖို့နဲ့ ပက်သက်ပြီး ကျွန်တော့် အနေနဲ့ မက်ဆီ ဆီကနေရော သူ့ရဲ့ အေးဂျင့် ထံကပါ ဘာမက်ဆေ့ခ်ျမှ မရခဲ့ပါဘူး။ ကျွန်တော်တို့ ဒီကိစ္စကို ချဲ့ကား သွားမှာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ မက်ဆီ ပြန်လာဖို့ ကိစ္စနဲ့ ပက်သက်ပြီး စဉ်းစားနေခြင်း မရှိပါဘူး။ ကျွန်တော်တို့ဟာ လူငယ် ကစားသမားတွေ နဲ့ အတွေ့အကြုံရှိ ကစားသမားတွေ ပေါင်းစပ်ထားတဲ့ အသင်းသစ် တစ်ခုကို တည်ဆောက်နေတာပါ။

ဒါဟာ အခုချိန်မှာ အလုပ် ဖြစ်နေပါတယ်။ ဒါပေမယ့် လီယို ကတော့ လီယို ပါပဲ။ သူဟာ အမြဲတမ်း winner တစ်ဦး အဖြစ် ရှိနေမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ဒီကလပ်ကနေ ထွက်ခွာခဲ့တာဟာ သူ့အတွက် မလွယ်ကူခဲ့ဘူး ဆိုတာ သေချာပါတယ်။ ကျွန်တော့် အနေနဲ့ ကတော့ ကလပ်ရဲ့ ဘဏ္ဍာရေး အခြေအနေကို ထည့်သွင်း စဉ်းစား ခဲ့ရတာပါ။ ကျွန်တော့် အနေနဲ့ ဒီထက် ပိုပြီး စွန့်စားလို့ မရခဲ့ပါဘူး။ ကျွန်တော်တို့ဟာ လုပ်သင့် လုပ်ထိုက်တာကို လုပ်ခဲ့တယ်လို့ ထင်ပါတယ်။” လ်ို့ ဆိုခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့ နွေရာသီက ပီအက်ဂျီကို အလွတ် ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့ခဲ့ကာ ၂ နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မက်ဆီဟာ ဘာစီလိုနာမှာသာ ဆက်ကစားဖို့ ဆန္ဒ ရှိခဲ့ပေမယ့်လည်း ကလပ်ရဲ့ ဘဏ္ဍာရေး ပြသနာတွေကြောင့် အာဂျင်တီးနား စတားကို စာချုပ်သစ် ချုပ်ဆိုရန် မဖြစ်နိုင်ခဲ့ဘဲ ယခုလိုမျိုး လမ်းခွဲခဲ့ရတာ ဖြစ်ပါတယ်။

ဘာစီလိုနာဟာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ရော်နယ်ကိုးမန်းရဲ့ လက်အောက် လာလီဂါမှာ အဆင့် ၉ နေရာထိ ရောက်ခဲ့ပေမယ့်လည်း ဇာဗီရဲ့ လက်အောက်မှာတော့ အဆင့် ၃ နေရာထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ်ကို တက်ရောက်ထားနိုင်ခဲ့ပြီး ဖရန့်ဖတ်နဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

SM