ဘရူနိုဖာနန်ဒက်ဟာ မန်ယူနိုက်တက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုနဲ့ ထိုက်တန်မှုမရှိတဲ့ အကြောင်းကို ရှင်းပြလိုက်တဲ့ ကတ်ကာရီနို

တိုနီကတ်ကာရီနိုက ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ စာချုပ်သစ် ကမ်းလှမ်းမှုကို ရရှိဖို့ အတွက် လက်ရှိမှာ လုံလောက်တဲ့ အရာတွေကို မပြသထားနိုင်ခဲ့ဘူးလို့ ဆိုလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်က စပို့တင်းလစ္စဘွန်း ကနေ မန်ယူနိုက်တက်ကို ပြောင်းရွေ့လာခဲ့တဲ့ ဖာနန်ဒက်ဟာ အိုးထရပ်ဖို့ဒ်မှာ ငါးနှစ်စာချုပ်သစ်ကို ချုပ်ဆိုဖို့ အတွက် နီးစပ်နေပြီလို့ သိရပါတယ်။

ဖာနန်ဒက်ဟာ ယူနိုက်တက်ကို ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကလပ်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်လာခဲ့ပြီး ကလပ်ဘက်ကတော့ ဒီလို ကစားသမားမျိုးကို စာချုပ်သစ် ချုပ်ဆိုသွားရန် ဆန္ဒပြင်းပြနေပါတယ်။ အိုးထရပ်ဖို့ဒ်မှာ တစ်ပတ် ပေါင် ၁ သိန်း ၀န်းကျင်သာ ရထားခဲ့တဲ့ ပေါ်တူဂီ လက်ရွေးစင်ဟာ စာချုပ်သစ်ကြောင့် တစ်ပတ်ကို ပေါင် ၂ သိန်း ၂ သောင်းထိ ရရှိသွားမှာ ဖြစ်တယ်လို့ ပေါ်တူဂီ မီဒီယာတွေက ဖော်ပြနေကြပါတယ်။

ဖာနန်ဒက်ဟာ ဒီရာသီမှာ အသင်းအတွက် ၉ ဂိုးသွင်းကာ ၁၄ ဂိုး ဖန်တီးပေးထားခဲ့ပြီး လွန်ခဲ့တဲ့ ၂၀၂၀-၂၁ ရာသီက ပြိုင်ပွဲစုံ ၂၈ ဂိုးထိ သွင်းယူခဲ့တဲ့ ခြေစွမ်းကိုတော့ ဒီရာသီမှာ မပြသထားနိုင်ခဲ့ပါဘူး။ မန်ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းဟာ ဒီရာသီ ဖာနန်ဒက်ရဲ့ body language နဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခဲ့တဲ့ သူတွေထဲမှာ ပါ၀င်ခဲ့ကာ ကတ်ကာရီနို ကလည်း ပေါ်တူဂီ ကွင်းလယ်ဖန်တီးရှင်ဟာ ဒီလို ကြီးမားတဲ့ လစာတိုးမြှင့်မှုနဲ့ မထိုက်တန်ဘူးလို့ ယူဆနေပါတယ်။

ကတ်ကာရီနိုက “စာချုပ်သက်တမ်း ၃ နှစ်ကျော်တောင် ကျန်နေသေးတဲ့ ကစားသမား တစ်ဦးကို ဒီလိုမျိုး ငါးနှစ် စာချုပ်သစ် ကမ်းလှမ်းခဲ့တာဟာ အတော်လေးကို ထူးဆန်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီရာသီ အဖွင့်ပွဲစဉ် ဖြစ်တဲ့ လိဒ်နဲ့ ပွဲစဉ်မှာ သူ ဟက်ထရစ် သွင်းယူကာ ခြေစွမ်းပြ ကစားခဲ့ပြီးနောက် လူတော်တော်များများက ဒါဟာ ယူနိုက်တက် အတွက် တကယ့်ကို အောင်မြင်တဲ့ ရာသီတစ်ခု ဖြစ်လာနိုင်တယ်လို့ တွေးခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ သူဟာ ကျွန်တော့်ကို စိတ်ပျက်စေခဲ့ပါတယ်။ သူ့ဟာ အရည်အသွေးမြင့် ကစားသမား တစ်ဦးပါ။ ဒါပေမယ့် သူဟာ အမြဲတမ်း တစ်ခုခုကို စောဒကတက်နေခဲ့ပါတယ်။ သူဟာ ပွဲအတွင်းမှာ သူ့ရဲ့ အသင်းသားတွေကိုပဲ ဖြစ်ဖြစ် ဒိုင်လူကြီးတွေကိုပဲ ဖြစ်ဖြစ် တစ်ချိန်လုံး စောဒကတက်ကာ ညီးတွားနေသလို ခံစားနေရပါတယ်။ တစ်မျိုးတော့ မထင်ပါနဲ့။ ရွိုင်ကိန်းကလည်း ယူနိုက်တက်မှာတုန်းက သူ့အသင်းသားတွေကို ဒီလိုမျိုး စောဒကတက်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် သူဟာ လက်ကို မြှောက်ပြီး ကွန်ပလိန်းတက် ညီးတွားနေတာ မဟုတ်ပါဘူး။ အဲဒီကစားသမားဆီကို ထိပ်တိုက်သွားပြီး ပြောပစ်တာပါ။

ကျွန်တော် သူ့ကို နောက်ထပ် စိတ်ပျက်တဲ့ အချက်ကတော့ ပွဲက ဆက်လက် ကစားနေတဲ့ အချိန်မှာတောင် ဒါကို ဂရုမစိုက်ဘဲ ထိုင်ပြီး ကွန်ပလိန်း တက်နေတာကိုပါ။ ကျွန်တော်ကတော့ ယူနိုက်တက် အနေနဲ့ သူ့ကို စာချုပ်သစ် မကမ်းလှမ်းသင့်သေးဘူးလို့ ထင်ပါတယ်။ အကယ်၍ သူ့အနေနဲ့ ယူနိုက်တက်ကို စစရောက်ခြင်းက ဖာနန်ဒက်လိုမျိုး ကစားပုံကို လာမည့်နှစ်မှာ ပြသနိုင်ခဲ့မယ် ဆိုရင်တော့ သူ့ကို စာချုပ်သစ် ကမ်းလှမ်းသင့်တယ်လို့ ကျွန်တော် ပြောသွားမှာပါ။ အခုတော့ မဟုတ်ပါဘူး။” လို့ ဆိုသွားပါတယ်။

SM