ဘယ်မန်နေဂျာပဲကိုင်ကိုင် ပီအက်ဂျီတို့ ချန်ပီယံလိဂ်မှာ အောင်မြင်မှု ရမှာ မဟုတ်ဘူးလို့ ဆိုလိုက်တဲ့ လီဗာပူးဂန္တ၀င်

လီဗာပူး ဂန္တ၀င် စတီဗီမက်မာနာမန်က ပဲရစ်စိန့်ဂျာမိန်း အသင်း အနေနဲ့ ဘယ်မန်နေဂျာပဲ ကိုင်တွယ်သည် ဖြစ်စေ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှု ရမှာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး အကြောင်းရင်းကတော့ ပဲရစ်ကလပ်ရဲ့ ကစားသမား တော်တော်များများဟာ လုံလောက်တဲ့ ဂရုစိုက်မှု မရှိလို့ ဖြစ်တယ်လို့ ဆိုသွားပါတယ်။

လီဂူး၀မ်း အင်အားကြီးကလပ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ပထမအကျော့က ရီးရဲယ်မက်ဒရစ်ကို ၁-၀ နဲ့ နိုင်ထားခဲ့ပေမယ့်လည်း ဘာနေဗျူးမှာတော့ ၃-၁ နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပြီ ဖြစ်ပါတယ်။ အမ်ဘက်ပေရဲ့ သွင်းဂိုးကြောင့် ပီအက်ဂျီတို့ ကွာတားတက်တော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့်လည်း ပွဲပြီးဖို့ မိနစ် ၃၀ အလိုမှာ ပီအက်ဂျီဟာ ခံစစ်အမှားတွေ တောက်လျှောက် ကျူးလွန်ခဲ့ပြီး ကာရင်ဘန်ဇီးမားဟာ ဒီအခွင့်အရေးတွေကို အပိုင်အသုံးချကာ ရီးရဲယ်ကို ၃-၁ နဲ့ အနိုင်ရအောင် ကူညီပေးခဲ့ပါတယ်။

မက်ဆီ နေမာ နဲ့ အမ်ဘက်ပေ တို့လို စူပါစတားတွေကို ပိုင်ဆိုင်ထားတဲ့ ပီအက်ဂျီ အနေနဲ့ ပထမဦးဆုံး ချန်ပီယံလိဂ်ဖလား အောင်မြင်မှု အတွက် နောက်တစ်ရာသီ ထပ်မံစောင့်ဆိုင်းရတော့မှာ ဖြစ်ပြီး မက်မာနာမန်က ဒီလိုမျိုး ကြယ်ပွင့်တွေကြောင့် ကစားသမားတွေရဲ့ ပါဝါဟာ ကလပ်မှာ ထိန်းသိမ်းလို့ မရအောင် ကြီးမားနေကာ ဒါဟာ အသင်းကို ထိခိုက်စေတယ်လို့ ယုံကြည်နေပါတယ်။

မက်မာနာမန်က “ကစားသမားတွေဟာ တအားကို ပါဝါ ကြီးလွန်း နေပါတယ်။ သူတို့ဟာ သောမတ်တူချယ်ရဲ့ လက်အောက်မှာ တအားကို ပါဝါ ကြီးမားခဲ့တာကို မြင်ခဲ့ရသလို အူနိုင်းအမ်မရီရဲ့ လက်အောက်မှာလည်း တအားကို ပါဝါကြီးနေ ခဲ့ပါတယ်။ အခုဆိုရင်လည်း ပိုချက်တီနိုရဲ့ လက်အောက်မှာ သူတို့ဟာ ဒီအတိုင်းပဲ ဖြစ်နေပါတယ်။ သူတို့ဟာ ပြောစရာဆိုစကားကို နားထောင်မှာ မဟုတ်သလို စည်းမျဉ်းတွေနဲ့ တင်းကျပ်လိုက်မယ် ဆိုရင်လည်း ဂရုစိုက်မှာ မဟုတ်ပါဘူး။

သူတို့ဟာ သူတို့ ကစားချင်တဲ့ နေရာမှာ ကစားပါတယ်။ အမ်ဘက်ပေ နေမာ နဲ့ မက်ဆီ တို့ဟာ အံ့ဖွယ် ကစားသမားတွေပါ။ ဒါပေမယ့် သူတို့ဟာ လုံလောက်တဲ့ ကြိုးစားမှု မရှိသလို အသင်း ခက်ခဲနေတဲ့ အချိန်မှာလည်း အပြင်းအထန် အလုပ်မလုပ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

မက်မာနာမန်က ပီအက်ဂျီတို့ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရခြင်းကြောင့် နည်းပြ ပိုချက်တီနို တစ်ဦးတည်း ဝေဖန်မှုတွေ မခံရသင့်ဘူးလို့ ဆိုလိုက်ပြီး ကြယ်ပွင့်တွေ အများကြီး ရှိနေပေမယ့်လည်း ဘယ်နည်းပြမှ ဒီအသင်းမှာ ချန်ပီယံလိဂ် အောင်မြင်မှုကို ရနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ မက်မာနာမန်က သောမတ်တူချယ်ဟာ အဓိက ဥပမာ ဖြစ်ပြီး ပဲရစ်ကနေ ထွက်ခွာပြီးနောက် စတန်းဖို့ဘရစ်ခ်ျမှာ အောင်မြင်မှုတွေ ရခဲ့တာကို ကြည့်ရင် သိနိုင်တယ်လို့ ဆိုသွားပါတယ်။

လီဗာပူး ကွင်းလယ်လူဟောင်းက “ဒီအသင်းမှာ မန်နေဂျာဟာ ဘာပါဝါမှ မရှိပါဘူး။ ပိုချက်တီနိုဟာ front three နဲ့ ဗာရက်တီ မာကွင်ညို တို့အပေါ်မှာ ပါဝါမရှိပါဘူး။ ဘာလို့လဲဆိုတော့ မန်နေဂျာတွေ ၀င်လိုက် ထွက်လိုက် ဖြစ်နေပေမယ့်လည်း ဒီပြသနာကို အခုထိ မရှင်းနိုင်သေးပါဘူး။ ပီအက်ဂျီကို သွားတာဟာ ယာယီနည်းပြ သွားလုပ်သလို ပါပဲ။ အဲဒီကို သွားကာ ချန်ပီယံလိဂ်ကနေ စောစော ထွက်ခွာခဲ့ရမယ် ဆိုရင် ရာထူးကနေ ထုတ်ပယ်ခံရပြီး အခြားကလပ်တစ်ခုမှာ ကြီးမားပြီး ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရယူနိုင်မှာပါ။

သောမတ်တူချယ် လုပ်ခဲ့သလိုမျိုးပေါ့။ သူဟာ ဘယ်လောက်ကောင်းတဲ့ မန်နေဂျာလဲ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကျွန်တော်တို့ကို ပြသထားခဲ့လို့ပါ။ ဒါပေမယ့် ကစားသမားတွေ အပြောင်းအလဲ မလုပ်သ၍တော့ သူတို့ ချန်ပီယံလိဂ်မှာ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ သူတို့ အနေနဲ့ ထိပ်တန်း ကြယ်ပွင့် ၁ ဦး ၂ ဦးကို ထားလို့ရပါတယ်။ ဒါပေမယ့် အသင်း ခက်ခဲနေတဲ့ အချိန်မှာ အပြင်းအထန် အားထုတ်ရတာကို မနှစ်သက်တဲ့ ကစားသမား ၄ ဦး ၅ ဦးတော့ ရှိနေလို့ မရပါဘူး။ လုံး၀ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM