ဘန်လေနဲ့ ပွဲရဲ့ ပထမပိုင်း အပြီး ချဲလ်ဆီး အသင်းသားတွေကို ဘာပြောခဲ့သလဲ ဆိုတာ ဖွင့်ဟလာတဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ တန်းဆင်းဇုန် က ဘန်လေ အသင်းကို ဒုတိယပိုင်း က ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ၊ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် ၊ တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ၄ဂိုးပြတ် အနိုင်ရခဲ့ပါတယ် ။

ရလဒ် အရ အထူး ပြတ်သားခဲ့ပေမယ့် ၊ ဒီပွဲရဲ့ ပထမပိုင်းမှာ ချဲလ်ဆီး အသင်း ဟာ အိမ်ရှင် ဘန်လေရဲ့ ကျစ်လျစ်တဲ့ ခံစစ် ကစားပုံနဲ့ ထိရောက်တဲ့ တန်ပြန်တိုက်စစ် ထိုးဖောက်ပုံ အချို့ကြောင့် ရုန်းကန်ခဲ့ရပါတယ် ။ ဒီအတွက်ကြောင့် ဒုတိယပိုင်းမှာ ပိုပြီး လျင်မြန်တဲ့ အပေးအယူနဲ့ တိုက်စစ် ကစားပုံ ပြသဖို့ လိုအပ်ခဲ့သလို ၊ တကယ်လည်း ပြသနိုင်ခဲ့ပါတယ် ။

ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ပထမပိုင်း အပြီး ချဲလ်ဆီး အသင်းသားတွေကို အဝတ်လဲခန်း အတွင်း ဘာတွေ မှာကြားခဲ့တယ် ဆိုတာ ဖွင့်ဟရင်း ၊ ဘန်လေကွင်းရဲ့ ကြမ်းတမ်းပုံနဲ့ ဒုတိယပိုင်း အတွင်း နည်းစနစ် အပြောင်းအလဲ အနည်းငယ် ပြုလုပ်ခဲ့ခြင်း အကြောင်းတွေကိုလည်း အပေါ်ယံ သုံးသပ်သွားခဲ့ပါတယ် ။

တူချယ် က ” ပထမပိုင်း အပြီး အဝတ်လဲခန်းထဲမှာ အခြေအနေ က တည်တည်ငြိမ်ငြိမ်ပါပဲ ။ ကျွန်တော်တို့ဟာ အသင်းသားတိုင်းကို ကိုယ်လိုချင်တဲ့ ချဉ်းကပ်မှု ပုံစံအတိုင်းသာ ဒုတိယပိုင်းကို ဆက်လက် ကစားကြဖို့ တိုက်တွန်းခဲ့ပါတယ် ။ ”

” ဘယ်နေရာမှာ နေရာလွတ်တွေ ရှိတယ် ၊ ဘယ်နေရာမှာ အရှိန်မြှင့်တင်ပြီး ကစားရမယ် ၊ ဘယ်နေရာမှာ တိုက်စစ်တက်ပြီး လှုပ်ရှားရမယ် ဆိုတာတွေကို ညွှန်ကြားခဲ့ပါတယ် ။ သေချာ ရှင်းလင်းခဲ့တဲ့ အချက် တချက် က တိုက်စစ် လိုအပ်ချက် ဖြစ်ပါတယ် ။ ”

” ပထမပိုင်း အတွင်း ပြိုင်ဖက် ခံစစ်ကို ကျွန်တော်တို့ဟာ မေးခွန်း ပိုထုတ်ဖို့ ၊ ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးဖို့ လိုခဲ့ပါတယ် ။ ဒုတိယပိုင်း စစချင်း က သွင်းဂိုး ဟာ ပွဲရဲ့ လမ်းကြောင်းကို ဖွင့်ပေးခဲ့သလို ၊ ကျွန်တော်တို့ကို ယုံကြည်မှု ပိုပေးခဲ့ပါတယ် ။ ”

” အဲဒီနောက် ကျွန်တော်တို့ရဲ့ တိုက်စစ် ကစားပုံ က သွက်လက်မှု ၊ အချိတ်အဆက်မိမှု ၊ တိကျမှု ပိုရှိလာခဲ့ပါတယ် ။ တခြား တဖက်မှာတော့ ဘောလုံးကွင်းက မြက်ဟာ ခြောက်သွေ့နေခဲ့တာမို့ ကစားရတာ အရမ်း ခက်ခဲခဲ့ပါတယ် ။ ဘောလုံး အရှိန် မြှင့်တင် ကစားနိုင်ဖို့ ခက်ခဲခဲ့ပါတယ် ။ ”

” ဘောလုံး ရှေ့ကို မျှောတင်ပေးဖို့ ကြိုးစားရင်တောင် ၊ ဘောလုံးနဲ့ ခြေကြား ညှပ်နေခဲ့တာတွေ ကြုံခဲ့ရပါတယ် ။ ဒုတိယ တခါ ထပ်မျှောတင်ဖို့ လုပ်ပြန်တော့လည်း ပြိုင်ဖက် ခံစစ်မှာ နေရာလွတ်တွေ ပိတ်သွားခဲ့ပါပြီ ။ ဒုတိယပိုင်းမှာ နည်းစနစ် အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့ရပါတယ် ။

” ဒါက အန်ဂိုလိုနဲ့ တိုက်စစ် ကစားသမား ၂ဦး အတွက် နေရာလွတ် ပိုရစေဖို့ ဖြစ်ပါတယ် ။ ဒုတိယပိုင်းမှာ တသင်းလုံး ကစားပုံ အရမ်း ကောင်းခဲ့ပြီး ၊ နိုင်ပွဲရဖို့ ကိုယ့်ကိုယ်ကို ဆက်လက် ယုံကြည်ခဲ့တာကြောင့် ၊ အခုလို အံ့သြဖွယ် ဂိုးပြတ် ရလဒ်မျိုး စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR