ဘန်လေနဲ့ ပွဲမှာ ပွဲအဖြေကို အဓိက ပြောင်းလဲစေခဲ့တဲ့ ချဲလ်ဆီး အသင်းဖော် တဦးရဲ့ ခြေစွမ်း အပေါ် ချီးမွမ်းခန်း ဖွင့်လိုက်တဲ့ ကိုင်ဟာဗက်ဇ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ တန်းဆင်းဇုန် တိုက်ပွဲ ဝင်နေရတဲ့ ဘန်လေ အသင်းကို အဝေးကွင်းမှာ သက်တောင့်သက်သာ ကစားရင်း ၊ ဒုတိယပိုင်းက သွင်းဂိုး ၄ဂိုးနဲ့ အတူ ဂိုးပြတ်ခြေပြတ် အနိုင်ရပြီး ၊ အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ် ။

ရလဒ် က ပြတ်သားခဲ့ပေမယ့် ၊ ချဲလ်ဆီး အသင်းရဲ့ ပထမပိုင်း က ခြေစွမ်းဟာ ပြတ်သားမှု မရှိခဲ့ပါဘူး ။ သို့ပေမယ့် ဒုတိယပိုင်း ပြန်စတာနဲ့ ချဲလ်ဆီး အသင်းရဲ့ ကစားအား က တမဟုတ်ချင်း ပြောင်းလဲခဲ့ပြီး ၊ တိုက်စစ် ကစားဟန် က ပထမပိုင်းထက် များစွာ သွက်လက်မှု ရှိခဲ့ပါတယ် ။

ဒီပွဲရဲ့ အဖြေကို အဓိက ပြောင်းလဲပေးခဲ့သူကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ပွဲထွက်ခွင့် မရတာ ၂လကျော်ခဲ့တဲ့ ညာနောက်ခံလူ ရိစ်ဂျိမ်းစ် ဖြစ်ပါတယ် ။ ၄င်းဟာ ဒီပွဲရဲ့ အဖွင့်ကို ဒုတိယပိုင်း အစ တမိနစ်ကျော်ကျော်မှာပဲ တကိုယ်တော် ခြေယောင်ပြ ကစားရင်း ၊ လှလှပပ ထောင့်ဖြတ် သွင်းယူခဲ့ပါတယ် ။

ဒါ့အပြင် ၄င်းဟာ အသင်းဖော် တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ရဲ့ တတိယ ဦးဆောင်ဂိုးကိုလည်း ဖန်တီးပေးခဲ့ပါတယ် ။ ဒဏ်ရာ ထပ်ရမှာစိုးတဲ့ အတွက် ၄င်းကို ပွဲပြီးတဲ့ အထိတော့ မကစားစေခဲ့ပါဘူး ။ သို့ပေမယ့် ရိစ်ဂျိမ်းစ် ဟာ မနေ့ညက ပွဲရဲ့ Man of the Match ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး ရရှိခဲ့ပါတယ် ။

ဒီပွဲမှာ ၂ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဂျာမန် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်ဟာဗက်ဇ် က ပွဲအပြီး BBC Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အသင်းဖော် ရိစ်ဂျိမ်းစ်ကို ချီးကျူးတဲ့ အနေနဲ့ ” ရိစ် ဟာ ကျွန်တော်တို့ အတွက် စပါယ်ရှယ် ကစားသမား တဦး ဖြစ်သလို ၊ အရေးကြီးတဲ့ ကစားသမား တဦးလည်း ဖြစ်ပါတယ် ။

” သူဟာ အစွန် နောက်ခံလူ ဖြစ်ပေမယ့် ၊ ဂိုးတွေ သွင်းပေးနိုင်ပါတယ် ။ ကြီးကျယ်တဲ့ အရည်အသွေးတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားကောင်း တဦးလည်း ဖြစ်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။ ဆက်လက်ပြီး ဟာဗက်ဇ် က ဂိုး၂ဂိုး ရခဲ့တဲ့ အပေါ် သူ့ရဲ့ ခံစားချက်နဲ့ မနေ့ညက ပွဲက အသင်းရဲ့ ခြေစွမ်း အပေါ် အခုလိုပဲ ဖွင့်ဟခဲ့ပါတယ် ။

ဟာဗက်ဇ် က ” ပုံမှန် သွင်းဂိုးတွေ မရတဲ့အခါ ခင်ဗျားဟာ ခက်ခဲတဲ့ အခြေအနေတွေကို ဖြတ်သန်းရစမြဲပါ ။ ဒါပေမယ့် ဒီနေ့ပွဲက သွင်းဂိုးမျိုးတွေက ဒီ အခက်အခဲတွေ အတွက် အထောက်အကူ ပေးပါတယ် ။ တခါတလေမှာ ဂိုးသွင်းခြေ တွေ့ဖို့ ခင်ဗျား အနေနဲ့ စိတ်ရှည်ရှည်နဲ့ စောင့်ရတတ်ပါတယ် ။ ”

” ကျွန်တော်ကတော့ အခုထက် ပိုပိုပြီး များတဲ့ ဂိုးတွေ လိုချင်ပါတယ် ။ ဒီနေ့ ပွဲရလဒ် အတွက် ကျွန်တော်တို့ အားလုံး ဝမ်းသာ ကျေနပ်မှု ရှိကြပါတယ် ။ ဂိုးပြတ် အနိုင်ရလဒ်နဲ့ Clean Sheet ကို ကျွန်တော်တို့ အမှန်တကယ် လိုအပ်ပါတယ် ။ ဒီနေ့ပွဲက ခက်ခဲခဲ့ပါတယ် ။ အထူးသဖြင့် ပထမပိုင်းမှာပါ ။ ”

” ဒီတော့ ဒုတိယပိုင်း အစကောင်းဖို့ အရေးကြီးခဲ့ပါတယ် ။ ပထမပိုင်း အပြီး အသင်းရဲ့ ကစားကွက်ကို အနည်းငယ် အပြောင်းအလဲ လုပ်ခဲ့ပါတယ် ။ ဒါက ကျွန်တော်တို့ အတွက် အထောက်အကူ ဖြစ်ခဲ့တယ်လို့ ထင်ပါတယ် ။ ရိစ်ရဲ့ သွင်းဂိုးက အံ့မခန်းဖြစ်ပြီး ၊ ဒီနေ့ သွင်းဂိုး ၄ဂိုးလုံးအတွက် ကျွန်တော်တို့ ဝမ်းသာ ကျေနပ်ကြပါတယ် ။ ”

” ယုံကြည်မှုတွေ ရနေပါပြီ ။ ကာရာဘောင် ဖိုင်နယ်က အရှုံးရလဒ်ကြောင့် ပြန်လာဖို့ အနည်းငယ် ခက်ခဲခဲ့ပေမယ့် ၊ အက်ဖ်အေ ဖလားပွဲမှာ ကျွန်တော်တို့ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ် ။ ဒီနှစ် ရာသီရဲ့ ပထမ ၆လ က ခက်ခဲခဲ့ပါတယ် ။ အထူးသဖြင့် ဆောင်းရာသီ ကာလမှာ ကျွန်တော်တို့ ဒဏ်ရာ ပြဿနာ အများအပြား ရင်ဆိုင်ခဲ့ရပါတယ် ။

” ခုတော့ ကျွန်တော်တို့ ပုံစံကောင်း ပြန်ရနေပြီး ၊ ဒီအတိုင်း ရှေ့ဆက် သွားချင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR