ဘန်လေနဲ့ ပွဲမစမီ အေဘရာမိုဗစ်ခ်ျရဲ့ နာမည်ကို သံပြိုင် သီဆိုခဲ့ကြတဲ့ အဝေးကွင်း ချဲလ်ဆီး ပရိသတ်တွေ အပေါ် မေတ္တာရပ်ခံစကားဆိုလိုက်တဲ့ တူချယ်

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ တန်းဆင်းဇုန် တိုက်ပွဲ ဝင်နေရတဲ့ ဘန်လေ အသင်းကို အဝေးကွင်းမှာ ဒုတိယပိုင်း အတွင်း သွင်းယူခဲ့တဲ့ ဂိုး၄ဂိုးနဲ့ အတူ ဂိုးပြတ်ခြေပြတ် အနိုင်ရကာ ၊ အဆင့် ၃ နေရာကို လွတ်လွတ်ကျွတ်ကျွတ် ဆက်လက် ရယူထားဆဲ ဖြစ်ပါတယ် ။

Turfmoor ဘောလုံးကွင်းသို့ လာရောက်ကြတဲ့ ချဲလ်ဆီး အဝေးကွင်း ပရိသတ်တွေဟာ ဒီပွဲမစမီ လက်ရှိ ဖြစ်ပွားနေတဲ့ ရုရှား – ယူကရိန်း စစ်ပွဲမှာ စစ်ဘေးဒုက္ခ ခံစားနေရတဲ့ ယူကရိန်း ပြည်သူတွေနဲ့ အတူ တသားတည်း ရှိကြောင်း ဖော်ပြဖို့ထက် ၊ ချဲလ်ဆီး အသင်းကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့တဲ့ ရုရှား ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျရဲ့ အမည်ကိုသာ သံပြိုင် သီဆိုခဲ့ကြပါတယ် ။

ဒီအတွက်ကြောင့် ဆိုရှယ် မီဒီယာ အထက်မှာ ယင်း ချဲလ်ဆီး ပရိသတ်တွေရဲ့ လုပ်ရပ် အပေါ် ပြင်းပြင်းထန်ထန် ဝေဖန် ရှုံ့ချမှုတွေ ရှိနေပြီး ၊ ယူကရိန်း အတွက် အနည်းဆုံး လေးစားမှု ပြသဖို့ကို တောင်းဆိုခဲ့ကြပါတယ် ။ အေဘရာမိုဗစ်ခ်ျ ဟာ ချဲလ်ဆီး အသင်းကို အနှစ် ၂၀ နီးပါး ပိုင်ဆိုင်လာခဲ့ပြီး ၊ ယခု စစ်ပွဲကြောင့်သာ မလွှဲသာပဲ သူ ချစ်မြတ်နိုးတဲ့ ကလပ်ကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရတာ ဖြစ်ပါတယ် ။

ချဲလ်ဆီး ပရိသတ်တွေဖက်က ကြည့်ပြန်ရင်လည်း အသင်းကို တင့်တောင်းတင့်တယ် ဖြစ်အောင် ပျိုးထောင်ပေးခဲ့တဲ့ အေဘရာမိုဗစ်ခ်ျရဲ့ အမည်ကို ဂုဏ်ပြု သီဆိုခဲ့ကြ မမှားခဲ့ပေမယ့် ၊ အခြေအနေနဲ့ အချိန်အခါ အပေါ် မူတည်ပြီး ၊ ဒီ ဖြစ်ရပ် က လူတွေ အကြား အကြီးအကျယ် ပြောစရာ ဖြစ်သွားခဲ့ရပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ပရီးမီးယားလိဂ် တခုလုံး ယူကရိန်း နိုင်ငံနဲ့ တသားတည်း ရှိကြောင်း ပြသတဲ့ နေရာမှာ အခုလို ယင်း အဝေးကွင်း ချဲလ်ဆီး ပရိသတ်တွေရဲ့ လုပ်ရပ် ဟာ အခြေအနေနဲ့ အချိန်အခါ လိုက်ဖက်မှု မရှိသလို ၊ လေးစားမှု ကင်းမဲ့ရာလည်း ကျတာကြောင့် မလုပ်သင့်ကြောင်း မေတ္တာရပ်ခံခဲ့ပါတယ် ။

တူချယ် က ” အခုအချိန်မှာ ဒီလို လုပ်ဖို့ မကောင်းပါဘူး ။ နားထောင် ၊ ယူကရိန်းနိုင်ငံနဲ့ တသားတည်း ရှိနေကြောင်း အားလုံး က ပြသတဲ့ အချိန် ၊ ကျွန်တော်တို့လည်း ပြသနိုင်ရပါမယ် ။ အားလုံး အတူတကွ ဒါကို လုပ်ဆောင်သင့်ပါတယ် ။ ”

” အရင်ကတည်းက အခုအချိန် အထိ အသားအရောင် ခွဲခြားမှု ဆန်ကျင့်ရေး လုပ်ရပ် အနေနဲ့ ပွဲမစခင် ဒူးထောက်တာကို ကျွန်တော်တို့ အားလုံး အတူတကွ လုပ်ထားကြပါတယ် ။ ကလပ် တသင်းက အရေးကြီး ပုဂ္ဂိုလ် တဦး ကွယ်လွန်သွားတယ် ဆိုရင်လည်း ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ ပွဲမစခင် အားလုံး အတူတကွ ငြိမ်သက်ပေးကြပါတယ် ။ ”

” ဒီတော့ အခု အဖြစ်အပျက်မှာလည်း အဓိက အကြောင်းအရာက လွဲရင် ၊ အခြားသော မက်ဆေ့ခ်ျတွေ ပေးဖို့ မဟုတ်ပါဘူး ။ ဒါဟာ လေးစားမှုကို ပြသရမယ့် အချိန်ပါ ။ ကျွန်တော်တို့ ဒါကို လုပ်တယ် ဆိုတာဟာလည်း ကလပ် တသင်း အနေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို လေးစားမှု ပြသချင်တဲ့ သဘောပါပဲ ။ ”

” ဒီလို အချိန်မှာ ကျွန်တော်တို့ဟာလည်း ကိုယ့်ပရိသတ်တွေကို အတူတကွ လက်ကမ်း ကြိုဆိုဖို့ အလိုရှိပါတယ် ။ လောလောဆယ်မှာ ယူကရိန်း အတွက် ကျွန်တော်တို့ တသားတည်း ရှိကြောင်း ပြသနေတာ ဖြစ်လို့ ၊ ဒါကလွဲရင် တခြားသော ဒုတိယ ဦးစားပေး အကြောင်းအရာ ကိစ္စ ဆိုတာ မရှိသင့်ပါဘူး ။ ”

” သူတို့ဟာလည်း ကျွန်တော်တို့ရဲ့ ပူးပေါင်းပါဝင်မှု ၊ ပံ့ပိုးမှုကို ရထားပါတယ် ။ ကလပ် တသင်း အနေနဲ့ ကျွန်တော်တို့ဟာ ယူကရိန်းနဲ့ တသားတည်း ရှိကြောင်း ပြသရပါမယ် ။ တခြားသော မက်ဆေ့ခ်ျတွေ အတွက် အချိန်အခါ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR