“ဘင်ဖီကာ ကို လျှော့တွက် ထားရင် မှားမှာပေ့ါ” ကလော့ပ်

ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ အေတီကို ၊ ပေါ်တို ၊ အေစီ မီလန် တို့နဲ့ အတူ မရဏ အုပ်စုမှာ ရောက်ရှိခဲ့တဲ့ လီဗာပူး ဟာ ရှုံးထွက် အဆင့်မှာလဲ စီးရီးအေ ချန်ပီယံ အင်တာ မီလန် နဲ့ ရင်ဆိုင် ကစားရပြန်ပါတယ်။ ဒါကြောင့် ဒီနှစ် လီဗာပူး ရဲ့ ချန်ပီယံလိဂ် ခရီးစဉ် ဟာ ကြမ်းတမ်းလွန်းတယ်လို့ ပြောလို့ ရပေမယ့် ၊ ကွာတား ဖိုင်နယ် အဆင့်မှာတော့ ကံကြမ္မာက သူတို့ကို မျက်နှာသာ ပေးလိုက်ပါပြီ။

ဒီအဆင့် ကို တက်ရောက်လာတဲ့ အသင်းတွေ ထဲမှာ အားအနည်းဆုံးလို့ ပြောလို့ရတဲ့ ဘင်ဖီကာ နဲ့ ထိပ်တိုက် တွေ့ဆုံလိုက်လို့ ၊ ပရီးမီးယားလိဂ် ကို အာရုံစိုက်နေတဲ့ လီဗာပူး အတွက်လဲ အသက်ရှုချောင်သွားတယ်လို့ ပြောလို့ ရနေပါတယ်။

သို့သော် နည်းပြ ယာဂန် ကလော့ပ် ကတော့ ဘင်ဖီကာ ကို လျှော့တွက်ထားရင် ၊ ပထမ ဆုံး အမှားမျိုး ကျူးလွန်လိုက်တာပဲလို့ သုံးနှုန်း သတိပေး လိုက်ပါတယ်။

“ ကွာတား ဖိုင်နယ် အဆင့်ကို ရောက်လာပြီ ဆိုမှတော့ ခက်ခဲတဲ့ ပြိုင်ဘက်မျိုးပဲ ဖြစ်မှာပါ။ အေဂျက် လို အသင်းမျိုးကို ဘင်ဖီကာ က အကောင်းဆုံး တုန့်ပြန် ကစားပြထားတာလေ။ ဒါက လက်ရှိ အခြေအနေ ဖြစ်ပါတယ်။

လူတွေ ကတော့ လီဗာပူးဟာ နောက်တစ်ဆင့် ကို တက်ရောက်ဖို့ ရေပန်း အစားဆုံး ဖြစ်လိမ့်မယ် ဆိုတာမျိုးတွေ ပြောနေကြပါလိမ့်မယ် ဒါပေမယ့် အဲဒီ ပြောဆိုမှုတွေကပဲ ပထမဆုံး လုပ်ဆောင်လိုက်တဲ့ အမှားမျိုးပါပဲ။ ကျနော် တို့ဟာ ဘောလုံး လောကထဲမှာ ကျင်လည်နေတာ နှစ်ပေါင်းများစွာ ရှိနေပါပြီ။ အဲဒီလို အမှားမျိုးတွေ အခုလို ရှိနေကြတုန်းပါပဲ။

ကျနော် ကတော့ ဒီပွဲကို ဘယ်လို ရင်ဆိုင် ကစားရမလဲ ဆိုတာကိုပဲ မျှော်ကြည့်နေပါတယ်။ သူတို့ ရဲ့ စွမ်းဆောင်ရည် နဲ့ ပတ်သက်ပြီး လေးစားမှု အပြည့်ရှိသလို ၊ သမိုင်းကြောင်း အစဉ်လာ ကြီးမားလွန်းတဲ့ ကလပ်မျိုးလဲ ဖြစ်ပါတယ်။

ကျနော် ဆိုရင် သူတို့ နဲ့ တစ်ခါမှ ရင်ဆိုင် ကစားဖူးခြင်း မရှိသေးပါဘူး။ လစ္စဘွန်း ဟာ ခမ်းနားလွန်းတဲ့ မြို့တစ်မြို့ပါ။ အမှတ်တရတွေ အကြောင်း ပြောရရင် ကျနော် ဟာ လီဗာပူး နည်းပြ ရာထူးကို မရယူမီ အဲဒီမြို့ကို သွားပြီး အနားယူနေခဲ့တာ ဖစ်ပါတယ်။

မိုက် ဂေါ်ဒွန်ဆီ က ဖုန်းဝင်လာတဲ့ အချိန်ဟာ လစ္စဘွန်းမှာ ဖြစ်သလို ၊ လီဗာပူး ကို ကိုင်တွယ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာလဲ အဲဒီ မြို့မှာပါပဲ။ အဲဒီတော့ အမှတ်တရတွေက အပြည့်ရှိနေပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ပထမ အကျော့ကို ဧပြီလ 5 ရက်နေ့ Estadio Da Luz ကွင်းကြီးထဲမှာ ကစားမှာ ဖြစ်ပြီး ၊ ဒုတိယ အကျော့ကိုတော့ ဧပြီလ 13 ရက်နေ့ အန်ဖီးလ် ကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။

ကလော့ပ် ကတော့ ဒီအဆင့်မှာ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတစ်ခုခု နဲ့ မတွေ့တာကိုပဲ ကျေနပ်မိတယ်လို့ မှတ်ချက် ပေးသွားခဲ့ပြန်ပါတယ်။

“ ဒုတိယ အကျော့ကို အိမ်ကွင်းမှာ ကစားရတာ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါ ကလဲ ပထမ အကျော့က ရလာဒ်ကို မူတည်ပြီး ဖြစ်ပေါ်လာတာလေ။ အဲဒီတော့ ကျနော်တို့ အနေနဲ့ အန်ဖီးလ်မှာ ပြန်ကစားမယ့် ပွဲမှာ အကျိုးရှိအောင် အစောပိုင်း ကတည်းက ဖန်တီးထားဖို့ လိုပါတယ်။

ကျနော့် စိတ်ထဲမှာ လုံး၀ ဖြစ်စေချင်တဲ့ တစ်ခုတည်းသော ဆန္ဒက ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတစ်သင်း နဲ့ ထိပ်တိုက် မတွေ့ချင်တာပါ။ အရင်တုန်းက ကျနော်တို့ တွေ့ခဲ့ဖူးသလို ၊ ကျော်ဖြတ် ပြနိုင်ခဲ့တာလဲ ရှိပါတယ်။ ဗိုလ်လုပွဲမှာတောင် အင်္ဂလန် ကလပ်နဲ့ ရင်ဆိုင် ကစားခဲ့ရတာပါ။

အဲဒီတော့ ပြိုင်ဘက်က ပြည်တွင်း ပြိုင်ဘက် ကလပ်မဟုတ်ရင်ပဲ ကျနော် က ကျေနပ်ပါပြီ။ ဘာလို့လဲ ဆိုတော့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ အရည်သွေး အကြောင်း ကောင်းကောင်း သိသလို ၊ ပြည်တွင်း ပြိုင်ပွဲမှာလဲ ခဏခဏ တွေ့ဆုံနေကြတာလေ” လို့ ရှင်းပြသွားခဲ့ ပါတယ်။

SM