ဘက်စကွက် နဲ့ ပီကေး တို့ကို ဘာကြောင့် ချန်လှပ်ထားခဲ့တာလဲဆိုတာ ရှင်းပြသွားတဲ့ နည်းပြ ဇာဗီ

ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဇာဗီ ဟာနန်ဒက်စ် ဟာ မနေ့ညက ကစား ခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ် က လူထုတ်ပုံ နဲ့ ပတ်သက်ပြီး ရှင်းပြ ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ တူရကီ ကလပ် ဂါလာတာ စာရေး အသင်းနဲ စပိန်မြေ ပေါ်မှာ ကစားခဲ့ပြီး ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ် ခဲ့ ပါတယ် ။

ဇာဗီ ဟာ ဝါရင့် ကစားသမား ၂ ယောက်ဖြစ်တဲ့ ဆာဂျီယို ဘက်စကွက် နဲ့ ဂျရတ် ပီကေး တို့ကို အရန်ခုံမှာ ထားခဲ့ပြီး လူငယ်တွေ ဖြစ်တဲ့ အာရူဟို ၊ နီကို ဂွန်ဇာလက် တို့ကို ပွဲထွက် စာရင်းမှာ ထည့်သွင်း သွားခဲ့ ပါတယ် ။

 

ဒုတိယပိုင်း အစမှာတော့ သူတို့ ၂ ဦးကို လူငယ်တွေနဲ့ လူစားလဲထည့်ပြီး ကစား သွားခဲ့ ပါတယ် ။

ဒါပေမယ့် ဘာစီလိုနာ ဟာ ပြိုင်ဘက် အသင်းရဲ့ ဂိုးပိုက်ကို လှုတ်ခတ်အောင် မစွမ်းဆောင် နိုင်ခဲ့ပါဘူး ။

ဘာစီလိုနာ ကနေ အငှားထွက် ကစားနေတဲ့ ဂိုးသမား အိုင်နာကီ ပီနာ ဟာ ပထမပိုင်းမှာ မမ်းဖစ် ဒီပိုင်း ရဲ့ အခွင့်အရေး ၂ ကြိမ်ကို ကာကွယ် တားဆီး ပေးခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ ပွဲချိန် တပွဲလုံးမှာ ကျေနပ် လောက်စရာ ကောင်းတဲ့ ခြေစွမ်းမျိုးကို မရှိခဲ့တာကြောင့် ဒုတိယ အကျော့မှာ အနိုင် ကစားဖို့ လိုအပ် လာခဲ့ပါပြီ ။

“ပီကေး မှာ ( ကြံ့ခိုင်မှု ) ပြဿနာ ရှိနေ ပါတယ် ။ ဘက်စကွက် ကလည်း ပွဲတွေ အများကြီး ကစား ထားပြီး ပါပြီ ။ ကျွန်တော်တို့ ပြောင်းလဲမှုတွေ အများကြီး လုပ်ပေးဖို့ လိုအပ်ပါတယ် ။

ရှေ့တန်း မှာ ဆိုရင်ပဲ မန်းဖစ် နဲ့ တောရက်စ် တို့ကို နေရာချင်း လဲပြီး ကစားခိုင်း ရတာမျိုးတွေ ရှိပါတယ်”

“ကျွန်တော် က နည်းပြပါ ။ အားလုံးကို တာဝန်ယူ ရတဲ့သူပါ ။ အသင်း အတွက် အကောင်းဆုံး ဖြစ်မယ့် အရာတွေ ကိုပဲ ကျွန်တော် ဆုံးဖြတ် သွားတာပါ” လို့ ဇာဗီ က ပြောဆို သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ဟာ လာမယ့် အပတ် မှာတော့ တူရကီ ကို သွားရောက်ပြီး ယူရိုပါလိဂ် ၁၆ သင်းဆင့် ဒုတိယ အကျော့ကို ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

ဘာစီလိုနာ ဟာ ဇာဗီ ကိုင်တွယ်ပြီး နောက်ပိုင်းမှာ ရလဒ်တွေ ဆက်တိုက် ကောင်းမွန် လာခဲ့ပြီး လာလီဂါ အမှတ်ပေး ဇယား မှာ အဆင့် ၃ ကို တက်လှမ်း လာနိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

ချန်ပီယံလိဂ် မှာ ရလဒ်တွေ ဆိုးရွားပြီး ယူရိုပါလိဂ် ကို နှစ်ပေါင်း ၂၀ ကျော် အတွင်း ပထမဆုံး ဆင်းသက် ခဲ့ရ ပေမယ့် ၁၆ သင်း အကြိုအဆင့်မှာ အီတလီ ထိပ်သီး နာပိုလီ အသင်းကို အနိုင် ကစားပြီး ၁၆ သင်းဆင့်ကို တက်လှမ်း နိုင်ခဲ့ ပါတယ် ။

လက်ရှိ မှာတော့ ဘာစီလိုနာ ဟာ ယူရိုပါလိဂ် ကို ဗိုလ်စွဲဖို့ ရေပန်း အစားဆုံး အသင်းအဖြစ် ရှိနေပြီး သူ့ရဲ့ နောက်မှာတော့ ပေါ်တို ၊ ဆီဗီးလား တို့က ရေပန်းစား နေတယ်လို့ သိရ ပါတယ် ။

 

SPORTS MYANMAR