ဖာရန်းတောရက်စ်ကို ယူရို ၅၅ သန်းနဲ့ ၀ယ်ယူခဲ့ပေမယ့် မက်ဆီကို ဘာကြောင့် ထွက်ခွာခွင့်ပြုခဲ့တာလဲ? ဆိုပြီး မေးခွန်းထုတ်လိုက်တဲ့ ကိုးမန်း

ဘာစီလိုနာ နည်းပြဟောင်း ဖြစ်သူ ရော်နယ်ကိုးမန်းက ပြီးခဲ့တဲ့ နွေရာသီက အပြောင်းအရွေ့က ကတ်တလန် ကလပ် အနေနဲ့ စူပါစတား လီယွန်နယ်မက်ဆီကို ထွက်ခွာခွင့် ပြုခဲ့တဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်သွား ခဲ့ပါတယ်။ အဲဗာတန် နဲ့ ဆောက်သမ်တန် မန်နေဂျာဟောင်းက လွန်ခဲ့တဲ့ အောက်တိုဘာလက ဘာစီလိုနာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း ပထမဦးဆုံး အကြိမ် အင်တာဗျူး လုပ်ခဲ့တာ ဖြစ်ပြီး ကိုမန်းက ဘာစီလိုနာ အနေနဲ့ မန်စီးတီးမှ ဖာရန်းတောရက်စ်ကို ပေါင် ၄၅ သန်းနဲ့ ၀ယ်ယူသွားခဲ့တဲ့ အပေါ် သူ့အနေနဲ့ အံ့အားသင့်မိခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။

ကိုးမန်းဟာ ပြီးခဲ့တဲ့ နွေရာသီက ကလပ်ရဲ့ ဘဏ္ဍရေး အခြေအနေကြောင့် လီယွန်နယ်မက်ဆီ အပါအ၀င် ကစားသမား တစ်ချို့ကို မဖြစ်မနေ လက်လွှတ်ပေးခဲ့ရပါတယ်။ ဘာစီလိုနာ တာ၀န်ရှိသူတွေကတော့ သူတို့ အနေနဲ့ ဘဏ္ဍရေး အကျပ်အတည်းကြောင့် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုရန် မတက်နိုင်ခဲ့ဘူးလို့ ရှင်းလင်းထားခဲ့ပါတယ်။

ကိုးမန်းက “ကလပ်ရဲ့ ဘဏ္ဍရေး ချိန်ခွင်ကို ပြန်လည် ညှိနှိုင်းသွားဖို့ အတွက် အသင်းရဲ့ ကစားသမား တစ်ချို့ကို ထွက်ခွာခွင့် ပြုဖို့ သဘောတူကာ ကူညီပေးရန် ကလပ် တာ၀န်ရှိသူတွေက ကျွန်တော့်ကို တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့် မက်ဆီကို ထွက်ခွာခွင့် ပြုခဲ့ပြီး သိပ်မကြာမီမှာပဲ သူတို့ ကစားသမား တစ်ဦးကို ယူရို ၅၅ သန်းထိ ပေးကာ ခေါ်ယူလိုက်တာကို မြင်လိုက်ရပြီးနောက် တစ်စုံတစ်ရာများ မှားယွင်းနေတာလား ဆိုပြီး သိချင်စိတ် ဖြစ်မိခဲ့ပါတယ်။ ဒါဆို ဘာကြောင့် မက်ဆီ ကလပ် ကနေ ထွက်ခွာခဲ့ရတာလဲ?” လို့ မေးခွန်းထုတ်ခဲ့ ပါတယ်။

လာလီဂါ အင်အားကြီး ကလပ်ဟာ ကိုးမန်းရဲ့ နေရာမှာ ဇာဗီနဲ့ အစားထိုးခဲ့ပြီး ဘာစီလိုနာဟာ ချန်ပီယံလိဂ် ကိုပါဒယ်ရေး နဲ့ စပိန် စူပါကိုပါဖလား တို့ကနေ ထွက်ခွာခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာ ပုံစံကောင်းတွေ ပြသနေပြီး ယူရိုပါလိဂ်ဖလားကို ဗိုလ်စွဲနိုင်ရန် ရေပန်းအစားဆုံး ဖြစ်နေသလို လာလီဂါမှာလည်း ချန်ပီယံလိဂ်၀င်ခွင့် အတွက် အခြေအနေကောင်း နေပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ကိုးမန်းက ဘာစီလိုနာ ဘက်က သူ့ကို လိုအပ်တဲ့ လူအရင်းအမြစ် နဲ့ အချိန် မပေးခဲ့တာကြောင့် ဒီလိုမျိုး ဖြစ်ခဲ့ရတာလို့ ပြစ်တင်သွားခဲ့ပါတယ်။ ကိုးမန်းက သူ့လက်ထက်မှာ လူး၀စ်ဆွာရက် မက်ဆီ ရာကီတစ် ဂရစ်မန်း တို့လို ကစားသမားတွေကို လက်လွှတ်ပေးခဲ့ရပေမယ့်လည်း နည်းပြသစ် ဇာဗီကျတော့ ပြီးခဲ့တဲ့ ဇန်နဝါမှာ တောရက်စ် အူဘာမီယန်း ထရာအိုရေး ဒါနီအဲဗက်စ် တို့ကို အားဖြည့်ခွင့် ရခဲ့တယ်လို့ ထောက်ပြခဲ့ပါတယ်။

ကိုးမန်းက “ဘာစီလိုနာဟာ ကျွန်တော့်ကို ဇာဗီလိုမျိုး အချိန် မပေးခဲ့ပါဘူး။ ဒါဟာ ကျွန်တော့်ကို အခုထိ နာကျင်စေပါတယ်။ ကျွန်တော်ဟာ ဒဏ်ရာ ပြသနာတွေ အများအပြားနဲ့ အလုပ်လုပ်ခဲ့ရပါတယ်။ အခုဆိုရင် ပက်ဒရီဟာ ပုံစံကောင်းကို ပြန်ရလာပါပြီ။ ဒမ်ဘီလီ ကလည်း ပြန်လာခဲ့ပါပြီ။ နည်းပြတိုင်းဟာ ဘုတ်အဖွဲ့ရဲ့ အချိန်ပေးမှုနဲ့ စိတ်ရှည်ပေးမှုကို လိုအပ်ပါတယ်။ လာပေါ်တာက ဇာဗီဟာ အတွေ့အကြုံနည်းပါးတာကြောင့် သူ့ရဲ့ နည်းပြ ဖြစ်လာမှာ မဟုတ်ဘူးလို့ အကြိမ်များစွာ ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်ကလည်း လာပေါ်တာ ခန့်အပ်တဲ့ နည်းပြ မဟုတ်ခဲ့ပါဘူး။ သူ ရောက်လာကတည်းက ဒါကို ခံစားမိခဲ့ပါတယ်။

မတ်လမှာ သူရွေးချယ်ခံခဲ့ရပြီးနောက် သူနဲ့ သိပ်ပြီး အစေးမကပ်ခဲ့ပါဘူး။ အထက်ပိုင်းက ထောက်ပံ့မှုတွေ ကင်းမဲ့ခဲ့ပါတယ်။ ကျွန်တော် ဘာစီလိုနာမှာ တကယ် အောင်မြင်ချင်ပါတယ်။ ဒါပေမယ့် လာပေါ်တာဟာ ကျွန်တော့်ကို ဖယ်ထုတ်ချင်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်ကို သူခန့်အပ်ခဲ့တာ မဟုတ်လို့ပါ။ ခင်ဗျားတို့ ကျွန်တော့်ကို နူးကမ့်မှာ တွေ့ရအုံးမှာ မဟုတ်သေးပါဘူး။ ကျွန်တော် မသွားနိုင်သေးပါဘူး။ ဒီဥက္ကဋ္ဌ ရှိနေတာကြောင့် ဘာမှ မဖြစ်ခဲ့သလိုမျိုး ကျွန်တော် ဟန်မဆောင်နိုင်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

ကိုးမန်းဟာ လွန်ခဲ့တဲ့ ၂၀၂၀ က ဘာစီလိုနာကို မန်နေဂျာ အဖြစ် ပြန်ရောက်လာခဲ့တာ ဖြစ်ပြီး ဒီရာသီ အစောပိုင်းမှာ ရာထူးကနေ ထုတ်ပယ်မခံရမီ ကတ်တလန်ကလပ်ကို ကိုပါဒယ်ရေးဖလား နဲ့ လာလီဂါမှာ တတိယနေရာ ရယူပေးခဲ့ပါတယ်။

SM