ဖာမီနို လေ့ကျင့်ခန်း ပြန်ဆင်းပီ ဖြစ်ပေမယ့် ၊ ကိုဗစ် ကူးစက်ခံရမှု တစ်ချို့ ကို ရင်ဆိုင်နေရတဲ့ လီဗာပူး

လီဗာပူး အသင်းရဲ့ နည်းပြကြီး ယာဂန် ကလော့ပ် က ဘရိုတ်တန် နဲ့ မကစားမီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပဲ တိုက်စစ်မှုး ဖာမီနို ဟာ ပြန်လည် ပါဝင် ကစားပေးဖို့ ကြံ့ခိုင်မှု အပြည့် ဖြစ်နေပြီ လို့ ပြောဆိုလိုက်သလို ၊ အသင်းမှာ ကိုဗစ် ကူးစက်ခံရမှု တစ်ချို့ ရှိနေတဲ့ အကြောင်းကိုလဲ ပရိသတ်တွေကို အသိပေးသွားခဲ့ ပါတယ်။

ဖာမီနို ကြံ့ခိုင်မှု ပြန်လည် သက်သာလာတဲ့ သတင်းဟာ လီဗာပူး အတွက် သတင်းကောင်းလို့ ပြောလို့ ရပါတယ်။

ပြီးခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် 2 ပွဲ ဆက်တိုက် တိုက်စစ်က ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ် ဖန်တီးနိုင်ခဲ့သည့်တိုင်အောင် ၊ ပရိသတ် စိတ်တိုင်းကျ ရလာဒ်မျိုးတွေ ရယူနိုင်ခဲ့ခြင်း မရှိပဲ ၊ အိမ်ကွင်း ရှုံးပွဲမရှိ မှတ်တမ်းလဲ ကျိုးပျက်ခဲ့ရပါတယ်။

ဘရာဇီး တိုက်စစ်မှုးဟာ ကြွက်သား ဒဏ်ရာ ပြသနာကြောင့် ပြီးခဲ့တဲ့ 6 ပွဲ ဆက်တိုက် လွဲချော်ခဲ့ရပြီး ၊ အခုလို ပြန်လည် ကစားနိုင်ဖို့ ကြံ့ခိုင်ရေး ဆိုင်ရာ လေ့ကျင့်ခန်းတွေကို 1 ပတ် တိတိ လုပ်ဆောင်ခဲ့ရပါတယ်။ ဖာမီနို ဟာ ဒီရာသီမှာ ဒဏ်ရာပြသနာတွေ နဲ့ ဆက်တိုက် ရုန်းကန်နေခဲ့ရကာ ၊ အစောပိုင်းမှာလဲ တစ်နေရာတည်းမှာတင် တံကောက်ကြော ဒဏ်ရာ နှစ်ကြိမ် ပြန်ဖြစ်ခဲ့လို့ ကာလ အတန်ကြာ အနားယူခဲ့ရသူပါ။

ဘရိုတ်တန် နဲ့ ကစားမယ့် ပွဲမှာတော့ အသင်းရဲ့ ကစားသမား စာရင်းမှာ ပြန်လည် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။

“ ဖာမီနို ကတော့ လေ့ကျင့်ခန်း အစီအစဉ်တွေကို အပြည့်အ၀ ပြန်လည် လုပ်ဆောင်နေပါပြီ။ ဒဏ်ရာပြသနာ နဲ့ ပတ်သက်လို့ ဘယ်သူမှ နောက်ထပ် ရင်ဆိုင်ရတယ် ဆိုတာမျိုး မရှိပေမယ့် ၊ ကျနော်တို့ မှာ ကိုဗစ် ကိစ္စလေးတွေ နည်းနည်း ပြန်ဖြစ်နေပါတယ်။

အားလုံးက ဆေးစစ်မှုတွေ လုပ်ဆောင်နေဆဲ ဖြစ်သလို ၊ ကျနော် တို့ဘက်ကလဲ ဒီလို ကိစ္စတွေ ရှောင်ရှားနိုင်အောင် အစွမ်းကုန် ပြင်ဆင်ခဲ့ပေမယ့် ၊ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။

လောလောဆယ် နေမကောင်း ဖြစ်နေတဲ့ ကစားသမားတွေ ၊ အသင်းရဲ့ ဝန်ထမ်းတွေ ဟာ ရောဂါ လက္ခဏာ ပြတာမျိုးတော့ မရှိသေးပါဘူး။ ဒါက ကောင်းတဲ့ အချက်ပါ။ သို့သော်လဲ သူတို့ အနေနဲ့ ဒီပွဲ အတွက် ပြင်ဆင်တဲ့ အနေအထားမှာ ပါဝင် ပူးပေါင်းနိုင်မှာတော့ မဟုတ်ပါဘူး။

ဒီနေ့ မှာ ဘယ်လောက်အထိ ပြန်လည် ကောင်းမွန်လာကြမလဲ စောင့်ကြည့်ရဦးမှာပါ။ ဒီ သတင်းစာရှင်းလင်းပွဲ ပြီးတာနဲ့ နောက်ထပ် လေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ဆောင်ဦးမှာ ဖြစ်လို့ ၊ သူတို့ လာရောက် ပူးပေါင်းနိုင်မလား ကြည့်ကြတာပေ့ါ။ လောလောဆယ်တော့ လေ့ကျင့်ရေးကွင်းကိုတောင် ရောက်မလာသေးပါဘူး။

ဒဏ်ရာ ပြသနာ နဲ့ ပတ်သက်လို့ ကျနော့်ဆီ ရောက်လာတဲ့ တင်ပြမှုတွေ ထပ်ပြီး မတွေ့ရလို့ ၊ ကျန်တဲ့သူတွေ အားလုံး ကောင်းတယ်လို့ ပြောလို့ ရမယ် ထင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ကလော့ပ် ဟာ ကိုဗစ် ကူးစက်ခံထားရတာ ဘယ်သူတွေလို့ တိတိကျကျ ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လဲ ၊ သတင်းထောက်တွေ ကတော့ လေ့ကျင့်ရေး ကွင်းမှာ မတွေ့ရတာ ကြာပြီ ဖြစ်တဲ့ ကိုနာတေး ဟာ အဆိုပါ ကိစ္စကြောင့် ပျောက်ကွယ်နေတာမျိုး ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ မှာ တီယာဂို နဲ့ ဗန်ဒိုက် တို့ ပါဝင်ခြင်း မရှိတာလဲ တွေ့ရပါတယ်။ သူတို့ နှစ်ယောက် စလုံး ဟာ ဒီဇင်ဘာလ အတွင်းမှာ တုန်းက ကိုဗစ် ဖြစ်ထားပြီးသား သူတွေ ဖြစ်နေတာကြောင့် ဒီတစ်ကြိမ်မှာ ထပ်ဖြစ်ပြန်ပြီလားဆိုတာတော့ သံသယ ဖြစ်ချင်စရာ ကောင်းလွန်းပါတယ်။

တီယာဂို က အင်္ဂလန် မှာ ကိုဗစ် မျိုးစိတ်သစ် တစ်ခု ထပ်တွေ့တိုင်း Positive ဖြစ်နေကြ ကစားသမားမျိုး ဖြစ်ပါတယ်။

SM