ပြိုင်ဘက်ကစားသမားတွေဟာ လီဗာပူးစတားကို ကြောက်ရွံ့နေကြတယ်လို့ ဘရိုက်တန်နဲ့ပွဲအပြီးမှာ ပြောသွားခဲ့တဲ့ ရောဘတ်ဆန်

ဘရိုက်တန်ကို နိုင်ခဲ့တဲ့ ပွဲစဉ် အပြီးမှာ အန်ဒီရောဘတ်ဆန်က ပရီးမီးယားလိဂ် ပြိုင်ဘက် ကစားသမားတွေဟာ ယှဉ်ကစားလို့ မရနိုင်လောက်အောင် ကောင်းနေတဲ့ လူး၀စ်ဒီယက်ကို ကြောက်ရွံ့နေကြတယ်လို့ ယုံကြည်နေပြီး ယာဂန်ကလော့ ကလည်း နောက်ထပ် ခြေစွမ်း ထပ်ပြခဲ့တဲ့ ကိုလံဘီယာ စတားကို ထိပ်တန်းအဆင့် ကစားသမားလို့ ဖော်ပြလိုက်ပါတယ်။

လီဗာပူးဟာ မနေ့ညက ဘရိုက်တန်ကို Amex ကွင်းမှာ ၂-၀ နဲ့ အနိုင်ယူကာ ထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ မန်စီးတီးကို ၃ မှတ် အကွာနဲ့ ဖိအားပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီက ပေါ်တိုမှ လီဗာပူးကို ပြောင်းလာခဲ့တဲ့ ဒီယက်ဟာ သူ့ရဲ့ ပုံစံကောင်းကို ထပ်မံ ပြသသွားခဲ့ပြီး ပွဲချိန် ၁၉ မိနစ်မှာ မာတစ် ပို့ပေးလိုက်တဲ့ ဘောလုံးကို ရှေ့ထွက်လာခဲ့တဲ့ ဂိုးသမား ဆန်းချက်ထက်ဦးကာ ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပါတယ်။

ဘရိုက်တန် ဂိုးသမား အနေနဲ့ ဒီယက်ကို ခြေထောက်မြှောက်ကာ ၀င်ခဲ့ပေမယ့် တိုက်ရိုက်အနီကတ် မထိခဲ့တာဟာ ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် အိမ်ရှင်တို့ဟာ ဒိုင်တွေရဲ့ မျက်နှာသေးပေးမှုကို အခွင့်ကောင်း မယူနိုင်ခဲ့ဘဲ ဆာလားက မိနစ် ၆၀ မှာ လီဗာပူး အတွက် အပိတ်ဂိုးကို ပင်နယ်တီကနေ ကန်သွင်းယူခဲ့ပါတယ်။ ဒါဟာ ဆာလားရဲ့ ဒီရာသီ ဂိုး ၂၀ မြောက် လိဂ်သွင်းဂိုး ဖြစ်ခဲ့သလို လီဗာပူးရဲ့ ၂၀၀၀ မြောက် ပရီးမီးယားလိဂ် ဂိုးလည်း ဖြစ်ပါတယ်။

ဘရိုက်တန်ကို နိုင်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရောဘတ်ဆန် နဲ့ ကလော့ တို့ဟာ ဒီပွဲမှာ အထူး ခြေစွမ်းပြ ကစားသွားခဲ့တဲ့ ဒီယက်ကို အထူး ချီးကျူးသွားခဲ့ကြပြီး ကိုလံဘီယာ တောင်ပံ ကစားသမားဟာ ယှဉ်ကစားလို့ မရလောက်အောင် ကောင်းသလို ထိပ်တန်း အဆင့်လည်း ဖြစ်တယ်လို့ ဆိုခဲ့ကြပါတယ်။

ရော်ဘတ်ဆန်က “သူဟာ ဒီအသင်းကို ရောက်လာကတည်းက မယုံနိုင်လောက်အောင် ပါပဲ။ သူဟာ စပယ်ရှယ် စွမ်းဆောင်ရည်ကို ပြသထားခဲ့ပြီး စစရောက်ခြင်းမှာပဲ အထိုင်ကျကာ ခြေစွမ်းပြနေပါတယ်။ သူဟာ ဒီနေ့ရဲ့ တစ်ချို့ အခိုက်အတန့်တွေမှာ ယှဉ်ကစားလို့ မရနိုင်လောက်အောင် ပါပဲ။ ပြိုင်ဘက် ခံစစ်ကြောင်းကို သူ မောင်းကစား သွားခဲ့တဲ့ ပုံစံကို ကြည့်လိုက်ပါ။ ပြိုင်ဘက်တွေဟာ သူ့ကို ကြောက်ရွံ့နေတာကို ခင်ဗျားတို့ မြင်တွေ့ရမှာပါ။ ပြီးတော့ သူ့ဆီမှာ အဆုံးသတ် စွမ်းရည်ကလည်း ရှိနေပါတယ်။

များသောအားဖြင့် ဇန်နဝါရီ အပြောင်းအရွေ့မှာ ရောက်လာခဲ့တဲ့ ကစားသမားတွေ အနေနဲ့ အသင်းမှာ အထိုင်ကျဖို့ အတွက် အချိန် အတိုင်းအတာ တစ်ခုထိ ယူရလေ့ ရှိပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ ဒီယက်ဟာ ဒီလို မဟုတ်ခဲ့ပါဘူး။ သူ ဒီလိုမျိုး ဆက်လက် ခြေစွမ်းပြ ကစားနိုင်ဖို့ မျှော်လင့်မိပါတယ်။” လို့ ဆိုသွားပါတယ်။

လီဗာပူး နည်းပြကလည်း “ဒီယက်ဟာ ထိပ်တန်းအဆင့်ပါ။ သူဟာ ဒီကို ရောက်လာပြီးနောက် အကောင်းဆုံး လုပ်ပြထားခဲ့ပါတယ်။ သူ့ရဲ့ ဘောလုံးအရည်အသွေး ၊ ဘောလုံးမရှိချိန် သူ့ရဲ့ လုပ်အားတွေဟာ တအားကို ကောင်းပြီး ဒီနေ့မှာ သူဟာ နောက်ထပ် အရမ်းကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးဟာ Amex ကွင်းမှာ ဘရိုက်တန်ကို တစ်ပွဲလုံး နီးပါး လွှမ်းမိုး ကစားသွားခဲ့ပြီး ကလော့ဟာ ဒီပွဲစဉ်မှာ သူ့အသင်းရဲ့ ကစားပုံနဲ့ ပက်သက်ပြီး ကျေနပ်နေပါတယ်။

ကလော့က “ကျွန်တော်တို့ ကောင်းခဲ့ပါတယ်။ ဘရိုက်တန် ကလည်း တကယ်ကောင်းတဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့ကို ပြသနာတွေ ပေးနို်င်တယ် ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကို ပွဲအစပိုင်းမှာ မြင်တွေ့ခဲ့ရပါတယ်။ နောက်ဆုံး ပွဲစဉ်ကလိုပဲ ကျွန်တော်တို့ ပြိုင်ဘက်နဲ့ အသားကျဖို့ အချိန်ယူခဲ့ရပါတယ်။ သူတို့ကတော့ စောစောစီးစီး ကျွန်တော်တို့ကို ထိခိုက်မှု ပေးနိုင်မယ့် နေရာတွေမှာ ကစားခဲ့ပါတယ်။

ကျွန်တော်တို့ တကယ် strong ဖြစ်ခဲ့ပြီး အရမ်းကောင်းတဲ့ ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့တဲ့ အခိုက်အတန့်ကောင်းတွေ ရခဲ့ပေမယ့် final pass တွေ လိုအပ်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော် ပျော်ပါတယ်။ ပွဲပြီးခါနီးမှာ ဘောလုံးကို ပိုမို ထိန်းချုပ် ကစားစေချင်ခဲ့ပေမယ့်လည်း ဒါဟာ တကယ့်ကို ခက်ခဲတဲ့ အခိုက်အတန့်ပါ။ ခက်ခဲမယ်လို့ မျှော်လင့်ထားပြီးသား ပွဲစဉ်ပါ။ တစ်ချို့ နေရာတွေမှာ အသင်းရဲ့ ကစားပုံအပေါ် ကျွန်တော် တကယ်ပျော်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

SM