ပဲလေစ့် အသင်း နဲ့ သရေကျခဲ့ပြီးနောက် လီဗာပူး အသင်းကို သတင်းစကားတစ်ခု ပါးလိုက်တဲ့ ဘာနန်ဒိုဆေးလ်ဗား

မန်ချက်စတာ စီးတီး ကွင်းလယ်လူ ဘာနန်ဒိုဆေးလ်ဗား ဟာ မနေ့ညက ခရစ္စတယ်ပဲလေစ့် အသင်းနဲ့ ဂိုးမရှိ သရေကျပြီးနောက် သူတို့က လီဗာပူး ထက် ပိုကောင်းတဲ့ နေရာမှာ ရှိနေသေးကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဒီရာသီ မန်စီးတီး နဲ့ လီဗာပူး အသင်းတို့ရဲ့ ချန်ပီယံဆု ပြိုင်ပွဲဟာ မန်စီးတီး ရဲ့ သရေပွဲကြောင့် ပိုမို လှုပ်ရှား အသက်ဝင် သွားခဲ့ပါပြီ ။ ကြားရက်မှာသာ လီဗာပူး အသင်းဟာ အာဆင်နယ် အသင်းကို အနိုင်ကစားနိုင်ပါက မန်စီးတီး နဲ့ ၁ မှတ် အကွာ ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ် ။

ဒါ့အပြင် ပိတ်ရက်မှာလည်း လီဗာပူး အသင်းဟာ မန်စီးတီး အသင်းထက် ပွဲပိုစော ကစားရဖို့ ရှိတာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံး ကို တက်လှမ်းနိုင်မယ့် အနေအထားပါ ရှိနေပါတယ် ။ ဒါကြောင့် ပဲလေစ့် နဲ့ သရေပွဲဟာ မန်စီးတီး အတွက် နစ်နာဆုံးရှုံးမှု များခဲ့တဲ့ ပွဲလို့ ဆိုနိုင်ပါတယ် ။

မန်စီးတီး ကွင်းလယ်လူ ဘာနန်ဒို ဆေးလ်ဗား ကတော့ Sky Sports မှာ ပဲလေစ့် နဲ့ သရေကျသွားခဲ့ပေမယ့် သူတို့မှာ ချန်ပီယံဆု ရယူဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေကြောင်း ယုံကြည်မှု အပြည့်နဲ့ ပြောကြား သွားခဲ့ပါတယ် ။

” ကျွန်တော်တို့ ဒီနေ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး ၊ တကယ်ဆို ကျွန်တော်တို့ ဒီနေ့ ဂိုးသွင်း နိုင်ခဲ့သင့်ပါတယ် ၊ ကိုးပွဲ အထိ ကစားရဖို့ ကျန်နေပါသေးတယ် ၊ ဒါပေမယ့် လီဗာပူးထက် ကျွန်တော်တို့ ဆီမှာ အခွင့်အရေး အဓိက ရှိနေတဲ့အတွက် ပိုကောင်းနေပါသေးတယ် ။ ”

” သူတို့ ကျွန်တော်တို့ အိမ်ကွင်းမှာ လာရောက် ကစားရဦးမှာပါ ၊ အဲ့ဒီပွဲက စိတ်လှုပ်ရှားဖို့ ကောင်းမှာတော့ အသေအချာပါပဲ ။ ပရီးမီးယားလိဂ် မှာက အဝေးကွင်းမှာ ယှဉ်ပြိုင် ကစားရတိုင်း ဘယ်အသင်းနဲ့ ဖြစ်ဖြစ် မလွယ်ကူပါဘူး ။ ”

” သရေကျတာထက်စာရင် အနိုင်ရတာကတော့ ပိုကောင်းတာပေါ့ဗျာ ၊ ကျွန်တော်တို့ လီဗာပူး အသင်းကို ၆ မှတ် အထိ ဖြတ်ထားချင်ခဲ့တာပါ ၊ တကယ့်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲပါပဲ ၊ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ၊ ကျွန်တော်တို့ ဘောလုံး ဆုံးရှုံးပြီး counter ပေါက်သွားခဲ့တဲ့ တစ်လုံး ၂ လုံး ကလွဲလို့ ပွဲကို စိုးမိုး ကစားနိုင်ခဲ့ပါတယ် ။ ”

” သူတို့ အခွင့်အရေး များများစားစား မဖန်တီးနိုင်ခဲ့ပါဘူး ၊ ပွဲကိုရော သူတို့ရဲ့ counter attack ကိုပါ ထိန်းချုပ် ကစားနိုင်ခဲ့ပါတယ် ၊ မျှော်လင့်ထားသလိုတော့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး ၊ ကျွန်တော်တို့ ဂိုးသွင်း နိုင်ခဲ့ သင့်ပါတယ် ၊ တကယ့်ကို စိတ်ပျက်စရာ ပွဲတစ်ပွဲပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SM