ပေါ်တူဂီ ပွဲထက် ပိုပြီး အကျိတ်အနယ်နဲ့ ကြည့်လို့ကောင်းမယ့် ဆွီဒင် နဲ့ ပိုလန် တို့ရဲ့ ကမ္ဘာ့ဖလား လက်မှတ်လုပွဲ

ကမ္ဘာ့ဖလား ခြေစစ်ပွဲရဲ့ ဥရောပ ဇုန်က နောက်ဆုံး ဝင်ခွင့် ၃ နေရာထဲက ၂ နေရာရဲ့ Play-off ဗိုလ်လုပွဲ တွေကို ဒီကနေ့ည ( မြန်မာ စံတော်ချိန် မနက်ဖြန် နံနက် ) မှာ ယှဉ်ပြိုင် ကစား ကြတော့မှာပါ ။

တကမ္ဘာလုံးက ပရိသတ်တွေ ကတော့ ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ဘောလုံး စတားတွေ အများကြီး ပါဝင် နေတဲ့ ပေါ်တူဂီ နဲ့ မြောက်မက်ဆီဒိုးနီးယား နဲ့ ပွဲကို အာရုံ ရောက်နေကြမှာ သေချာပါတယ် ။

ပေါ်တူဂီ ဟာ Play-off လမ်းကြောင်း မဲခွဲစဉ်က အီတလီ နဲ့ ဆုံပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ ခက်ခဲ နိုင်ပေမယ့် အီတလီ က မြောက်မက်ဆီဒိုးနီးယား ကို အံ့အားသင့်ဖွယ် ရှုံးနိမ့် ခဲ့တာကြောင့် ရိုနယ်ဒို တို့ အဖွဲ့ ကို ကာတာမှာ မြင်ရဖို့ အလားအလာ ကောင်းသွား စေခဲ့ ပါတယ် ။

ဒီလိုမျိုး တကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှု ကို ရရှိနေ ပေမယ့် ပေါ်တူဂီ ရဲ့ ပွဲထက် ပိုပြီး အကျိတ်အနယ် နဲ့ ကြည့်လို့ ကောင်းမယ့် Play-off ဗိုလ်လုပွဲ တပွဲဟာလည်း တချိန်တည်းမှာပဲ ကစား ကြမှာ ဖြစ်ပါတယ် ။

အဲ့ဒိ ပွဲကတော့ ဆွီဒင် နဲ့ ပိုလန် အသင်းတို့ရဲ့ ပွဲပါပဲ ။

၂ သင်းစလုံးဟာ ကစားသမားကောင်းတွေ ပါဝင် နေကြပြီး ခြေစွမ်း ကလည်း ကွာဟမှု မကြီးမားတာကြောင့် အမှားမခံဘဲ အကျိတ်အနယ် ရှိမယ့် ပွဲကောင်း တပွဲ ဖြစ်လာမှာ သေချာပါတယ် ။

ပိုလန် ဘက်မှာ လီဝန်ဒေါ့စကီး ၊ ပီယာတက် ၊ မတ်တီ ကက်ရှ် ၊ ဆက်ဇ်နီ ၊ မီလစ် တို့လို ကစားသမားတွေ ပါနေ သလို ဆွီဒင် ဘက်မှာလည်း လင်ဒီလော့ဖ် ၊ အလက်ဇန်းဒါး အိုင်ဆက် ၊ အီမီလ် ဖော့စ်ဘတ် ၊ ကူလူဆက်ဗ် စကီး တို့လို ကစားသမားတွေ ရှိနေကြပါတယ် ။

သူတို့ ထဲက တသင်းကတော့ ကျိန်းသေပေါက် ကျန်ရစ်ရတော့မှာပါ ။

ဒီတွေ့ဆုံမှုဟာ ဆွီဒင် နဲ့ ပိုလန် တို့ အကြားမှာ ၂၈ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်လာမှာပါ ။

ပြီးခဲ့တဲ့ ၂၇ ကြိမ်မှာ ဆွီဒင် က ၁၅ ကြိမ် နိုင်ထားပြီး ပိုလန် က ၈ ကြိမ်သာ အနိုင် ရထားကာ ၄ ကြိမ်က တော့ သရေကျခဲ့ ကြပါတယ် ။

ပြီးခဲ့တဲ့ ယူရို ၂၀၂၀ တုန်းကလည်း သူတို့ ၂ သင်း တအုပ်စုတည်း အတူ ကျခဲ့ကြပြီး ဆွီဒင် က ပိုလန် ကို ၃-၂ နဲ့ အနိုင် ကစားခဲ့ ပါတယ် ။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ သမိုင်းမှာ ဆိုရင်လည်း သူတို့ ၂ သင်း အုပ်စုတူ ကျရောက်တာ ၂ ကြိမ် ရှိခဲ့ပြီး ၂ ကြိမ် စလုံးမှာ ဆွီဒင် က ပိုလန် ရဲ့ အထက်မှာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား မှာတုန်းကလည်း ဆွီဒင် က ကွာတားဖိုင်နယ် အထိ တက်နိုင်ခဲ့ပြီး ပိုလန် ကတော့ အုပ်စု အဆင့်ကနေ လက်ပြ နှုတ်ဆက်ခဲ့ရ ပါတယ် ။

အချက်အလက်တွေ အရတော့ ဆွီဒင် က ပိုလန် ထက် သာနေတာကို မငြင်းနိုင် ပါဘူး ။ ဒါပေမယ့် ဒီပွဲကို ပိုလန် တို့ အိမ်ကွင်းမှာ ကစားရမှာက ချိန်ခွင်လျှာကို ညီမျှစေမှာပါ ။

ရုရှ ကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ ကနေ ထုတ်ပယ်လိုက်တာကြောင့် ဗိုလ်လုပွဲ ကစားမယ့် ကွင်းကို ရုရှ ကနေ ပိုလန် ကို ရွေ့ပြောင်းလိုက်သလို ရုရှ နဲ့ ကစားမယ့် ပိုလန် ဟာလည်း ပွဲမကစားဘဲ ဗိုလ်လုပွဲကို တက်ရောက် လာနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

ပိုလန် ဟာ ခြေစစ်ပွဲ တလျောက်မှာ ဂိုး ၃၀ သွင်းထားခဲ့ပြီး အဲ့ဒိအထဲက ၁၄ ဂိုးကို အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက်မှာ သွင်းယူခဲ့တာပါ ။ အိမ်ကွင်းမှာ အင်္ဂလန် လို အသင်းမျိုးကို သရေ ကစားထားနိုင်ခဲ့တာကြောင့် ပိုလန် ကို ဆွီဒင် တို့ လျော့တွက်မိမယ် ဆိုရင်တော့ ကမ္ဘာ့ဖလား နဲ့ ကွေကွင်းရခြင်းဆိုတဲ့ နောင်တကို ရင်ဝယ် ပိုက်သွားရနိုင်ပါတယ် ။

ပွဲကတော့ အကျိတ်အနယ် နဲ့ သူတပြန် ကိုယ်တပြန် ဂိုးတွေ သွင်းကြမှာပါ ။ သရေ ဆိုတာ မရှိပါဘူး ၊ နောက်ဆုံးမှာ အောင်ပွဲခံမယ့်သူက တသင်းတည်းပါ ၊ အဲ့ဒိ အသင်းက ဆွီဒင်လား . . . ပိုလန် လား . . .

 

SPORTS MYANMAR