ပေါ်တူဂီ နဲ့ မတွေ့ခင်မှာတင် ပြုတ်သွားတဲ့ အီတလီ ၊ ဝေးလ် အတွက် ဘေးလ် ၊ PSG မှာ မပျော်တဲ့ နောက်ထပ် စတား တို့နဲ့ . . . နံနက်ခင်း အားကစား သတင်းများ

ယမန်နေ့ ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-off ဆီမီး ဖိုင်နယ် အဆင့်မှာတော့ ယူရို ချန်ပီယံ အီတလီ ဟာ မြောက် မက်ဆီဒိုးနီးယား အသင်းကို ရှုံးနိမ့်သွားခဲ့ ပါတယ် ။

အီတလီ နဲ့ ပေါ်တူဂီ တို့ဟာ Play-off လမ်းကြောင်း တခုတည်း ကျရောက် နေတာကြောင့် ၂ သင်း ထိပ်တိုက် ရင်ဆိုင် ကစားပြီး အပြိုင် လုကြရမယ်လို့ ထင်မှတ် ထားပေမယ့် ဥရောပ ချန်ပီယံ ကတော့ အားလုံးကို အံ့အား သင့်စေခဲ့ ပါတယ် ။

မြောက်မက်ဆီဒိုးနီးယား ဟာ ၉၀+၂ မိနစ်မှာ အနိုင်ဂိုး သွင်းသွားခဲ့တာ ဖြစ်ပြီး အီတလီ အတွက်တော့ ကမ္ဘာ့ဖလား ၂ ကြိမ် ဆက်တိုက် ( ၂၀၁၈ ၊ ၂၀၂၂ ) လွဲချော်မှု နဲ့ ရင်ဆိုင် ခဲ့ရပြီ ဖြစ်ပါတယ် ။

ပေါ်တူဂီ ကတော့ တူရကီ အသင်းကို ၃-၁ နဲ့ အနိုင် ကစားပြီး Play-off Final မှာ မြောက်မက်ဆီဒိုးနီးယား နဲ့ ရင်ဆိုင်ဖို့ တက်လှမ်း သွားခဲ့ ပါတယ် ။

ဂါရတ်ဘေးလ် ကတော့ ‘ရီးရဲ မှာဆို အဟောင်းကြီး ၊ ဝေးလ် မှာဆို အကောင်းကြီး’ လို့တောင် တင်စားရ မလိုပါပဲ ။

ကလပ် အသင်းမှာ ဘယ်လို အဆင်မပြေမှုတွေ ရှိလင့်ကစား ဘေးလ် ဟာ နိုင်ငံ အသင်းအတွက် အမြဲ ပုံစံကောင်း ပြနိုင်ခဲ့ပြီး မနေ့ညက ပွဲမှာလည်း သြစတြီးယား ကို ၂-၁ နဲ့ အနိုင်ရခဲ့ရာမှာ ဝေးလ် အတွက် ၂ ဂိုးစလုံးကို သွင်းယူ ပေးခဲ့ပါတယ် ။

ဒီနိုင်ပွဲကြောင့် ဝေးလ် တို့ ကမ္ဘာ့ဖလား နဲ့ တလှမ်းနီးကပ် သွားခဲ့ပြီး ပွဲရွှေ့ထားတဲ့ စကော့တလန် – ယူကရိန်း ပွဲက အနိုင်ရလာမယ့် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ် ။

ဆွီဒင် ကတော့ ချက် အသင်းကို အချိန်ပိုထိ ကစားခဲ့ရပြီး ၁-၀ နဲ့ အနိုင် ရခဲ့တာကြောင့် Play-off Final မှာ ပိုလန် အသင်းနဲ့ ရင်ဆိုင် ကစားရတော့မှာပဲ ဖြစ်ပါတယ် ။

မနေ့က ညနေပိုင်းမှာ ကစားခဲ့တဲ့ အာရှဇုန် ခြေစစ်ပွဲတွေ မှာ ဂျပန် က သြစတြေးလျ ကို ၂-၀ နဲ့ အနိုင် ကစား ခဲ့တာကြောင့် ဂျပန် နဲ့ ဆော်ဒီအာရေဗျ တို့ ၂ သင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင် သွားခဲ့ ကြပါတယ် ။ သြစတြေးလျ ကတော့ အုပ်စု တတိယ ရခဲ့ပြီး Play-off ဝင်ခွင့်အတွက် ဆက်လက် တိုက်ပွဲ ဝင်ရဦးမှာပါ ။

စပါး ၊ ဝက်စ်ဟမ်း ၊ ဆန်းဒါးလန်း ၊ ပိုစ့်မောက်သ် အသင်းတွေမှာ ကစားပြီး ပရိသတ်တွေ ချစ်ကြတဲ့ အင်္ဂလန် တိုက်စစ်မှူးဟောင်းကြီး ဂျာမိန်း ဒီဖိုး ဟာ ဘောလုံး ကစားခြင်း ကနေ အနားယူကြောင်း ယမန်နေ့က အတည်ပြု ကြေညာ သွားခဲ့ ပါတယ် ။

စပါး ကတော့ ဒီဖိုး ကို နည်းပြ အဖြစ် လုပ်ကိုင်ဖို့ ဆန္ဒ ရှိပါက အသင်းမှာ လာရောက် လုပ်ကိုင် နိုင်ကြောင်း အသိပေးသွား တယ်လို့ ကြားသိရပါတယ် ။

အာဆင်နယ် တိုက်စစ်မှူးလေး ဘူကာယို ဆာကာ ဟာ ကိုဗစ် ကူးစက်ခံ ထားရမှုကြောင့် အင်္ဂလန် အသင်းရဲ့ လူစာရင်း ကနေ နှုတ်ထွက် သွားခဲ့တယ်လို့ သိရှိရပါတယ် ။

နည်းပြသစ် နေရာအတွက် မန်ချက်စတာ ယူနိုက်တက် ရွေးရခက် နေတဲ့ အဲရစ် တန်ဟတ် နဲ့ ပိုချက်တီနို တို့ကို ကမ်းလှမ်းဖို့ စိတ်ကူး နေတဲ့ အခြား အသင်းတွေ ရှိနေတယ်လို့ ယမန်နေ့က သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ကတော့ အသင်းနဲ့ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ် ဆောင်ရွက် နေပြီလို့ ကြားသိရပါတယ် ။

ဆောက်သမ်တန် အသင်းကို ပိုင်ဆိုင် ထားတဲ့ အရှေ့အလယ်ပိုင်း စီးပွားရေး လုပ်ငန်းစု ( Sport Republic ) ဟာ မန်စီးတီး ပိုင်ရှင်တွေ ကဲ့သလို့ ဘောလုံးအင်ပါယာ ကို ချဲ့ထွင်ဖို့ စိတ်ကူး နေကာ နောက်ထပ် အသင်း ၂ သင်းကို ဝယ်ယူဖို့ စီစဉ် နေတယ်လို့ သိရပါတယ် ။

PSG အသင်းဟာ ဝုဗ် ရဲ့ တောင်ပံ ကစားသမား ပက်ဒို နက်တို ကို စောင့်ကြည့် နေပြီး ၂၀၂၇ အထိ စာချုပ် သက်တမ်း ရှိနေတာကြောင့် ပြောင်းရွှေ့ကြေး မြင့်မား နိုင်တာကို ထည့်သွင်း စဉ်းစားနေတယ်လို့ သိရှိရ ပါတယ် ။

PSG ကို ဒီနှစ်မှ ပြောင်းရွှေ့ လာတဲ့ မော်ရိုကို နောက်ခံလူ ဟာခီမီ ဟာ အသင်းမှာ အထီးကျန်နေတယ်လို့ ခံစား နေရပြီး တောင်အမေရိက ကစားသမားတွေ နဲ့ အေးစက်တဲ့ ဆက်ဆံမှုတွေ ရှိနေတယ်လို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ် ။

အက်စတွန် ဗီလာ အသင်းနဲ့ ပွဲမှာ ဗီလာ ကစားသမားတွေကို အရာဝတ္ထု နဲ့ ထိမှန်အောင် ပစ်ပေါက် ခဲ့တဲ့ ၁၉ နှစ် အရွယ် အဲဗာတန် ပရိသတ် ဟာ ထောင်ဒဏ် ၈ ပတ် ကျခံဖို့ အမိန့်ချမှတ် ခံခဲ့ရတယ်လို့ သိရှိရ ပါတယ် ။

လုပ်ဖော်ကိုင်ဖက် အမျိုးသမီး တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အသုံးအနှုန်းတွေ ထည့်သွင်း ပြောဆို ခဲ့တာကြောင့် အိုင်ယက်စ် ကနေ နှုတ်ထွက် ခဲ့ရတဲ့ ဒါရိုက်တာဟောင်း မာ့က် အိုဗားမားစ် ကို ဘယ်လ်ဂျီယံ ကလပ် ရိုင်ရယ် အန့်ဝရပ် က ဒါရိုက်တာ အဖြစ် ခေါ်ယူ ခန့်အပ် ခဲ့ပါတယ် ။

ဒီလို ခန့်အပ်မှုဟာ အမျိုးသမီးတွေ အပေါ် လေးစားမှု မရှိတဲ့ လုပ်ရပ်အဖြစ် သတ်မှတ်ပြီး ရိုင်ရယ် အန့်ဝရပ် အသင်းရဲ့ စပွန်ဆာ ဟာ ကလပ် နဲ့ ချုပ်ဆို ထားတဲ့ စာချုပ်ကို ဖျက်သိမ်းပစ်ခဲ့တယ်လို့ သိရပါတယ် ခင်ဗျာ . . . ။

 

SPORTS MYANMAR