ပူလီဆစ်နဲ့ အက်ဇ်ပီလီကွီတာတို့ရဲ့ နောက်ဆုံးရ အခြေအနေ အကြောင်း အသိပေးရင်း ၊ ချဲလ်ဆီး အသင်းသားတွေဖက်မှ မားမားမတ်မတ် ရပ်တည်ပြခဲ့တဲ့ တူချယ်

ချဲလ်ဆီး အသင်းဟာ မနေ့ည က ကစားခဲ့တဲ့ ကြိုကန် ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယား အောက်ဆုံး က နောဝှစ်ခ်ျ အသင်းကို အဝေးကွင်းမှာ ပွဲချိန် အများစု သက်တောင့်သက်သာ ကစားရင်း ၊ နောက်ခံလူ ထရက်ဗာ ချာလိုဘာ ၊ ကွင်းလယ်လူ မေဆင်မောင့် ၊ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၁ – ၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ် ။

နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ဟာ ဘန်လေကို ၀ – ၄ နဲ့ အနိုင်ရခဲ့တဲ့ စနေနေ့ကပွဲမှ ပွဲထွက်စာရင်းကို မနေ့ညက ပွဲမှာ ၄နေရာ အပြောင်းအလဲလုပ် ကစားစေခဲ့ပါတယ် ။ နောက်ပိုင်းပွဲတွေမှာ ပုံမှန် ကစားခွင့် ရထားတဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ဟာ မနေ့ည က ပွဲရဲ့ ကစားသမား စာရင်းမှာ လုံးဝ ပါဝင်ခဲ့ခြင်း မရှိပါဘူး ။

ဒါ့အပြင် အသေးစား ဒဏ်ရာကြောင့် ဘန်လေနဲ့ ပွဲကို လွဲချော်ခဲ့ပြီးနောက် ၊ မနေ့ည က ပွဲမှာ ပွဲပြန်ထွက်နိုင်ခဲ့တဲ့ ကလပ် အသင်းခေါင်းဆောင် ဝါရင့် စပိန် ညာနောက်ခံလူ ဆီဆာ အက်ဇ်ပီလီကွီတာ ဟာလည်း ပထမပိုင်း အပြီး အစာအိမ် ဝေဒနာ ခံစားခဲ့ရလို့ ၊ ကွင်းလယ်လူ ရူဘင် လော့ဖ်တပ်စ်ချိခ်နဲ့ လူစားလဲခံခဲ့ရပါတယ် ။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က ပူလီဆစ် ဟာ နေမကောင်းဖြစ်နေပြီး အဖျား တက်လိုက် ၊ ကျလိုက် ၂ရက်တိုင်တိုင် ဖြစ်ထားတဲ့ အတွက် မနေ့ည က ပွဲကို မလိုက်ပါနိုင်ခဲ့ကြောင်း ရှင်းပြရင်း ၊ အက်ဇ်ပီလီကွီတာကိုတော့ အစာအိမ် ဝေဒနာကြောင့် ပထမပိုင်း အပြီး လူစားလဲလိုက်ရတယ်လို့ ဖြေကြားခဲ့ပါတယ် ။

တူချယ် က ” ခရစ်တီယန် ဟာ ဒီနေ့ပွဲမတိုင်မီ မနက်ပိုင်း ခရီးမထွက်လာခင် နေမကောင်းဖြစ်ခဲ့ပါတယ် ။ သူဟာ ရှေ့၂ညကို ဆိုးဆိုးရွားရွား ဖြတ်သန်းခဲ့ရပြီး ၊ အဖျက် အနည်းငယ် အတက်အကျ ရှိခဲ့ပါတယ် ။ ကိုယ်က အေးလိုက် ၊ ပူလိုက်နဲ့ပေါ့ ။ ”

” ဒါကြောင့် သူ့ကို ဒီနေ့ မနက် ခရီးစဉ်မှာ မခေါ်သွားဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ၊ နေအိမ်မှာပဲ အနားယူစေခဲ့ခြင်း ဖြစ်ပါတယ် ။ ဒါက နောက်ဆုံးမိနစ်မှာ ကစားသမား စာရင်း အတွက် အပြောင်းအလဲ ဖြစ်ခဲ့ခြင်းပါ ။ အက်ဇ်ပီ ကတော့ ပထမပိုင်းအပြီး နေလို့ထိုင်လို့ သိပ်မကောင်းခဲ့ပုံ ပေါ်ပါတယ် ။ ”

” သူ အစာအိမ် ဝေဒနာ ခံစားခဲ့ရတာကြောင့် ကျွန်တော်တို့ သူ့ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

တဖက်မှာ ချဲလ်ဆီး အသင်းသားတွေဟာ မနေ့ နေ့လယ်ပိုင်းက ထွက်ပေါ်ခဲ့တဲ့ ကလပ်ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ခ်ျကို ဗြိတိန် အစိုးရမှ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့ သတင်းကြောင့် ပွဲအပေါ် အာရုံ အပြည့်စိုက်နိုင်ဖို့ အနည်းနဲ့ အများ အခက်အခဲ ကြုံခဲ့မှာ သေချာပါတယ် ။

သို့ပေမယ့် နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ ချဲလ်ဆီး အသင်းသားတွေဟာ အပြင်က သတင်းတွေကြောင့် ဖိအားဝင်တာ စိုးရိမ်တာမျိုး ရှိမနေပဲ ၊ နောဝှစ်ခ်ျရဲ့ ပွဲချိန် ၆၉ မိနစ်မှ ပင်နယ်တီ ချေပဂိုးကြောင့်သာ အနည်းငယ် ရုန်းကန်ခဲ့ရခြင်း ဖြစ်ကြောင်း မားမားမတ်မတ် ရပ်တည်ပေးခဲ့ပါတယ် ။

တူချယ် က ” ကျွန်တော်တို့ဟာ ပွဲရလဒ် တခုတည်းကြောင့်သာ စိတ်သက်သာရာ ရခဲ့တယ်လို့ ထင်ပါတယ် ။ ပထမပိုင်းကို ကျွန်တော်တို့ အံ့သြဖွယ် စွမ်းဆောင်ရည်နဲ့ ကစားနိုင်ခဲ့ပြီး ၊ ၀ – ၂ ရလဒ်နဲ့ ပွဲကို ဦးဆောင်နေခဲ့တာပါ ။ ချေပဂိုး မတိုင်ခင် ၃ ၊ ၄ဂိုးပြတ်သင့်တဲ့ အနေအထား အထိ ကျွန်တော်တို့ ကစားနိုင်ခဲ့တာပါ ။ ”

” ပရီးမီးယားလိဂ်မှာက ၂ – ၀ နဲ့ အနိုင်ရထားရင်တောင် ပွဲအဖြေက မပြီးပြတ်သေးပါဘူး ။ ပထမပိုင်းမှာ ကျွန်တော်တို့ဟာ ပွဲကို ထိန်းချုပ်နိုင်ဖို့ လုံလောက်မှု ရှိခဲ့ပေမယ့် ၊ ဒုတိယပိုင်းမှာ ပြိုင်ဖက် အတွက် နောက်ထပ် ဆုံးရှုံးစရာ မရှိတော့လို့ ၊ ပထမပိုင်းကထက် ပိုပြီး ရဲရင့်တဲ့ ချဉ်းကပ်မှုတွေနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ် ။ ”

” အဲဒီနောက် ကျွန်တော်တို့ ချေပဂိုး ပြန်ပေးခဲ့ရပြီး ၊ ပွဲက ဝေခွဲရခက်ခဲ့ပါတယ် ။ ၂ဂိုးပြတ် နိုင်ရုံနဲ့ ပွဲမပြီးသေးတာ လူတိုင်း သိထားပြီး ၊ ခင်ဗျား အနေနဲ့ ဒါကို ပိုပြီး ပြတ်သားအောင် အဆုံးသတ်နိုင်ဖို့ လိုအပ်ပါတယ် ။ အဆုံးမှာ ကိုင် က ဒါကို လုပ်ဆောင်သွားလို့ စိတ်သက်သာရာ ရသွားခဲ့တယ်လို့ ဆိုရမှာပါ ။ ”

” ယေဘူယျ ပြန်ခြုံငုံ ပြောရရင်တော့ ကျွန်တော်တို့ စိတ်သက်သာရာ ရခဲ့တာဟာ အပြင်က ကိစ္စတွေနဲ့ ဆက်စပ်လို့ မဟုတ်ပါဘူး ။ အပြင် က အခြေအနေတွေဟာ နောက်နေ့တွေမှာလည်း အပြောင်းအလဲ ရှိနိုင်ပါသေးတယ် ။ ဒါပေမယ့် ဒါက ဘယ်တော့မှ ချက်ချင်းကြီး ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR