ပိုချက်တီနို ၊ တမ်ဟတ်တို့ထက် တူချယ်ကို မန်ယူနိုက်တက် မန်နေဂျာသစ် အဖြစ် ပိုပြီး သဘောကျနေတဲ့ ဂယ်ရီနဗီးလ်

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ကျန် ရာသီကို ယာယီ နည်းပြ ရပ်လ်ဖ် ရန်းနစ်နဲ့ ဖြတ်သန်းနေရပေမယ့် ၊ လာမယ့် ရာသီ အတွက် နည်းပြသစ် ရှာပုံတော်ကို ဆက်ဖွင့်နေရဆဲ ဖြစ်ပါတယ် ။ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲမှာ အက်သလက်တီကိုကို ရှုံးကာ ထွက်ခွာလာခဲ့ရပြီးနောက် ၊ ထိုအကြောင်း လူပြောပိုများခဲ့ပါတယ် ။

ရန်းနစ် ယာယီ နည်းပြ ဖြစ်လာပြီးနောက် ၊ မန်ယူနိုက်တက် ဟာ လာမယ့် ရာသီ အတွက် နည်းပြသစ် ခန့်အပ်ဖို့ အတွက် ၊ လက်ရှိ ပီအက်စ်ဂျီ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ အေဂျက်ဇ် နည်းပြ အဲရစ် တမ်ဟတ် တို့အနက် တဦးဦးကို ခေါ်ယူ တာဝန်ပေးဖို့ လျာထားပါတယ် ။

တဖက်မှာ ပရီးမီးယားလိဂ် အင်အားကြီး ကလပ် တသင်း ဖြစ်တဲ့ ချဲလ်ဆီး အသင်းရဲ့ လက်ရှိ ပိုင်ရှင် ရုရှား ရေနံ ဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ဟာ စီးပွားရေး အရ ပိတ်ဆို့ အရေးယူမှုတွေ ရင်ဆိုင်ထားရတာကြောင့် အသင်းမှာ ရှိတဲ့ နည်းပြ အဖွဲ့ ၊ ကစားသမားတွေနဲ့ ဝန်ထမ်း အများအပြား ဟာ အနာဂတ် မသေချာ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ် ။

ချဲလ်ဆီး နည်းစနစ် ဒါရိုက်တာ ပီတာချက်ရဲ့ အဆို အရ ၄င်းတို့ဟာ တနေ့ချင်းစီ အသင်းကို လည်ပတ်နိုင်ဖို့ ကြိုးစားနေပြီး ၊ ခပ်ဝေးဝေး အနာဂတ် ကာလကို ကြိုပြီး မျှော်မှန်းထားလို့ မရကြောင်း အတိအလင်း ထုတ်ဖော် ဝန်ခံထားပါတယ် ။

အလားတူ ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် ကလည်း အနည်းဆုံး ရာသီကုန် အထိ ၄င်းဟာ အသင်း အတွက် ဆက်လက် တာဝန်ယူ ကိုင်တွယ်ပေးမှာ ဖြစ်ကြောင်း ကတိကဝတ် ပြုထားပေမယ့် ၊ နောက်ရာသီမှာတော့ ဘာတွေ ဆက်ဖြစ်မယ်ဆိုတာ မသိနိုင်တဲ့ အကြောင်း ဖြေရှင်းထားပါတယ် ။

တချိန်တည်းမှာ တူချယ်ကို လာမယ့် ရာသီ မန်ယူနိုက်တက် နည်းပြသစ် ရာထူး အတွက် လီဗာပူး ဂန္တဝင် နောက်ခံလူဟောင်း ဂျေမီ ကာရေဂါနဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင် တို့က tip ပေးထားကြပြီး ၊ အခုတခါမှာ မန်ယူနိုက်တက် ဂန္တဝင် နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ် ကလည်း တူချယ်သာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာရင် သူ့အနေနဲ့ ဝမ်းသာ ပျော်ရွှင်မိမှာ ဖြစ်ကြောင်း ဖွင့်ဟဝန်ခံလာပါတယ် ။

 

အင်စတာဂရမ် live တခုမှာ ဂယ်ရီ နဗီးလ် က ” တူချယ်ကို ယူနိုက်တက် နည်းပြ အဖြစ် မြင်လိုသလား ? ဒါကို no လို့ ဘယ်သူက ငြင်းနိုင်မှာလဲ ။ သောမတ်စ် တူချယ်ကို ကိုယ့်အသင်း နည်းပြ အဖြစ် ရလိုက်ရင် ခင်ဗျားမှာ ငြင်းပိုင်ခွင့် မရှိပါဘူး ။ ဒါပေမယ့် သူ ချဲလ်ဆီးကနေ ထွက်ပါ့မလား ဆိုတာ ကျွန်တော် မသိပါဘူး ။ ထွက်ချင်လည်း ထွက်နိုင်ပါတယ် ။ ”

” လောလောဆယ်မှာတော့ သူဟာ အသေချာဆုံးနဲ့ အကောင်းဆုံး နည်းပြ ဖြစ်တယ်လို့ ကျွန်တော် ပြောလိုပါတယ် ။ အထူးသဖြင့် လက်ရှိ ချန်ပီယံလိဂ်နဲ့ ကမ္ဘာ့ကလပ် ချန်ပီယံ ဂုဏ်ပုဒ်တွေကို ကြည့်လိုက်ရင်ပေါ့ ။ ကာရာဘောင် ဖလား ဗိုလ်လုပွဲမှာ သူတို့ လီဗာပူးကို ကံဆိုးစွာနဲ့ အနိုင်မရခဲ့ပါဘူး ။ အဲဒီပွဲမှာ ချဲလ်ဆီး ရခဲ့တဲ့ ဂိုးသွင်းခွင့်တွေက မယုံနိုင်ဖွယ်ပါပဲ ။ ”

” ဒီတော့ သူသာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာခဲ့ရင် ကျွန်တော် ပျော်ရွှင်မ်ိမှာပါ ။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ် အတွင်း ချဲလ်ဆီး အသင်း အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ ၊ မေးခွန်းတွေ မှန်သမျှကို သူ တဦးတည်း ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ် ဖြေရှင်းထားပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

SPORTS MYANMAR