ပိုချက်တီနိုနဲ့ တန်းဟတ် အစား ယူနိုက်တက်တို့ ခန့်အပ်ဖို့ စဉ်းစားသင့်တဲ့ နည်းပြ ၂ ဦးကို ပြောပြလိုက်တဲ့ မက်ကွိုက်စ်

အိုးထရပ်ဖို့ဒ်ရဲ့ ထိုင်ခုံပူ နေရာအတွက် အမြဲတမ်း နည်းပြသစ် တစ်ဦး ရှာဖွေနေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ နိုင်ငံတကာပွဲစဉ် ကာလအတွင်း အိုင်ယက်နည်းပြ အဲရစ်တန်းဟတ်နဲ့ အင်တာဗျူး လုပ်သွားခဲ့ပြီး ဆွေးနွေးမှုတွေ အပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း မန်ယူနိုက်တက် တန်းဟတ် အပြင် အခြား candidate တွေကိုလည်း အင်တာဗျူး လုပ်သွားဖို့ ရှိနေပြီး ဒီထဲမှာ ပီအက်ဂျီရဲ့ ပိုချက်တီနို ၊ ဆီဗီလာရဲ့ လိုပစ်တီဂီ နဲ့ စပိန်နည်းပြ လူး၀စ်အန်းနရစ် တို့လည်း ပါ၀င်နေတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နို၀င်ဘာလက ဆိုးရှားကို နည်းပြရာထူး ကနေ ထုတ်ပယ်ခဲ့ပြီးနောက် ရပ်ဖ်ရန်းနစ်ဟာ ရာသီကုန်အထိ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် တာ၀န်ယူပေးလျက် ရှိနေပြီး နွေရာသီမှာ ကလပ်ရဲ့ အကြံပေး ရာထူးကို ရယူသွားဖို့ များနေပါတယ်။ လက်ရှိ အနေအထား အရ ယူနိုက်တက်ရဲ့ နည်းပြရာထူး အတွက် ပိုချက်တီနို နဲ့ တန်းဟတ် တို့ဟာ ရေပန်းအစားဆုံး ဖြစ်နေပြီး သူတို့ထဲက တစ်ဦးဦးသာ သရဲနီ တို့ရဲ့ နည်းပြသစ် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်း နေကြပါတယ်။

စကော့တလန် နဲ့ ရိန်းဂျား တိုက်စစ်မှုးဟောင်း အလီမက်ကွိုက်စ် ကတော့ စပါးကို ကိုင်တွယ်ခဲ့ရာမှာ အကောင်းဆုံး စွမ်းဆောင်ပြခဲ့တဲ့ ပိုချက်တီနို နဲ့ ပက်သက်ပြီး သံသယ ဖြစ်လျက် ရှိနေကာ မန်ယူနိုက်တက် အတွက် ရီးရဲယ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင်းဇိဒန်း နဲ့ အက်သလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂိုဆီမွန်နီ တို့ထဲက တစ်ဦးဦး ကသာ ပိုမို သင့်တယ်လို့ ယူဆနေပါတယ်။

မက်ကွိုက်စ်က “လူတွေက ဇိဒန်းဟာ အင်္ဂလိပ်စကား မပြောတက်တာကြောင့် ဒီမှာ လာမချင်ဘူး ဆိုပြီး တောက်လျှောက် ပြောနေကြတာကို ကျွန်တော် တွေ့နေရပါတယ်။ ကျွန်တော် ကတော့ ဒါဟာ ပြသနာ မရှိနိုင်ဘူးလို့ ထင်ပါတယ်။ သူဟာ ဒီကလပ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်မယ့် အရည်အသွေး ရှိနေသူပါ။ အပြင်မှာ နာမည်ထွက်နေတဲ့ နည်းပြတွေထဲမှာ ဆီမွန်နီဟာ ကျွန်တော့် အတွက် ပိုပြီး ဆွဲဆောင်မှု ရှိနေပါတယ်။ ပိုချက်တီနိုနဲ့ ပက်သက်ပြီး ကျွန်တော်ကတော့ မသေချာပါဘူး။ သူဟာ တော့တင်ဟမ်မှာ အကောင်းဆုံး လုပ်ပြခဲ့ပေမယ့်လည်း သူဟာ ပီအက်ဂျီ မှာတော့ မအိုကေပါဘူး။

တန်းဟတ်နဲ့ ပက်သက်ပြီး ရိုးရိုးသားသား ပြောရမယ် ဆိုရင်တော့ ကျွန်တော် သူ့အကြောင်းကို ဘာမှ မသိသလောက်ပါပဲ။ ဒါပေမယ့် တစ်ခု သေချာတာကတော့ ရှေ့ဆက်နိုင်ဖို့ အတွက် မှန်ကန်တဲ့ နည်းပြ ခန့်အပ်ဖို့ လိုအပ်တယ် ဆိုတာပါပဲ။ ဆာအဲလက်စ်ဖာဂူဆန် ထွက်ခွာသွားပြီး နောက်ပိုင်း ယာယီနည်းပြတွေကော အမြဲတမ်းနည်းပြတွေကော များပြားနေတာဟာ အဖြေမဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်အနည်းငယ် အတွင်း ယူနိုက်တက်နဲ့ ပက်သက်ပြီး ကျွန်တော် တွေးမိတာကတော့ သူတို့ဟာ ဦးတည်ချက် ပျောက်ဆုံးနေသလို ဖြစ်နေပြီး ဘယ်ကို သွားနေမှန်း မသိ ဖြစ်နေခဲ့ပါတယ်။ ရာသီကုန်မှာတော့ ဒီကလပ်မှာ ကြီးမားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားရမှာပါ။ ၀န်ထမ်း ကနေ အစ management အဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ဒီပုံစံအတိုင်း ဆက်သွားနေလို့ မဖြစ်နိုင်လို့ပါပဲ။” လို့ ဆိုသွားပါတယ်။

ဇိဒန်းဟာ ရီးရဲယ်မက်ဒရစ်ကို ကိုင်တွယ်ခဲ့တဲ့ ကာလအတွင်း ချန်ပီယံလိဂ်ဖလား ၃ ကြိမ် နဲ့ လာလီဂါ ဖလား ၂ ကြိမ် ဆွတ်ခူးထားခဲ့သူ ဖြစ်ပြီး ဆီမွန်နီ ကလည်း အက်သလက်တီကို ကို ပြည်တွင်းနဲ့ ပြည်ပမှာ ဆုဖလားတွေ ရယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီမွန်နီဟာ ယခုအစောပိုင်းမှာ မန်ယူနိုက်တက်ကို ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ကနေ ထုတ်ပယ်ခဲ့သူလည်း ဖြစ်ပါတယ်။

SM